ရှေးခေတ်မြန်မာ့ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းများတွင် အခြေစိုက်သည်။ ကျေးရွာတိုင်းတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိစမြဲဖြစ်ပြီး ထိုကျောင်းများတွင် ကျေးရွာမှ ကလေး ငယ်များ မြန်မာစာအခြေခံသင်ပုန်းကြီးကို စတင်သင်ယူကြရ သည်။ ပုတ္တောဝါဒဆုံးမစာတွင် “ဤသို့ ပထမ၊ နမောကကို၊ စ၍ သင်ပြီး၊ သင်ပုန်းကြီးလုံး၊ သုံးဆယ့်သုံး၌၊ နှလုံးပိုက်၍၊ ခြိုက်ခြိုက် အားရ၊ တတ်ပြီးမှတည့်၊ မင်္ဂလသုတ်၊ ဆယ့်သုံးပုဒ်ကို၊ အားထုတ် လုံ့လ၊ မကြာရခင်၊ ဓိပ္ပါယ်ငင်၍၊ သိမြင်စိမ့်ကြောင်း...” ဟူ၍ ထိုခေတ်ဘုန်းတော်ကြီးကျောင်း ပညာရေး၏ သင်ရိုးညွှန်းတမ်း ကို ပြဆိုထားရာ မြန်မာအက္ခရာဗျည်း ၃၃ လုံး သင်ပုန်းကြီး ကုန်အောင် တတ်မြောက်ပြီးပါက မင်္ဂလသုတ်ကို အဓိပ္ပာယ်နှင့် တကွ နားလည်သိမြင်အောင် သင်ကြားရသည်ကို ဆုံးမစာ၌ တွေ့မြင်နိုင်သည်။
မင်္ဂလာတရားတော်ကို ကလေးဘဝမှာပင် သင်ကြားပေးခဲ့ ခြင်းက ၎င်းတို့၏ အနာဂတ်ဘဝတစ်လျှောက်လုံးတွင် လူမှု ဆက်ဆံရေး၊ ဘဝအောင်မြင်ရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး တို့အတွက်ဖြစ်ပြီး အကျိုးရလဒ်အားဖြင့် ကြီးပွားချမ်းသာကြောင်း နှင့် မကောင်းမှုဟူသမျှတို့ကို ပယ်ဖျောက်နိုင်ကြောင်းဟူ၍ ဖြစ်သည်။ ထို့ကြောင့်ပင် ရှေးခေတ်ပညာရေးစနစ်တွင် မင်္ဂလသုတ်ကို ကျောင်းသားကျောင်းသူတို့ ရိုသေလေးစားစွာ သင်ယူခဲ့ရခြင်းဖြစ်သည်။ စင်စစ်မင်္ဂလသုတ်သည် ရွတ်ဖတ် တတ်ရုံ၊ အဓိပ္ပာယ်သိရုံမျှမဟုတ်ဘဲ ကိုယ်တိုင်လိုက်နာကျင့်သုံး ခြင်းဖြင့် ကောင်းကျိုးချမ်းသာရရှိနိုင်သည့် တရားပင်ဖြစ်သည်။ “မင်္ဂလာလမ်းမ လျှောက်လှမ်းသွားတဲ့ ပုဂ္ဂိုလ်ဟာ လမ်းဆုံး ရောက်တာနဲ့ ဒီမှတ်တိုင် ရောက်ရှိမှာဖြစ်ပါတယ်” ရောက်သွား လို့ရှိရင် “သဗ္ဗတ္ထ မပရာဇိတာ” - ဘယ်တော့မှ ကိုယ်က ရှုံးတယ် ဆိုတာ မရှိဘူး။ “သဗ္ဗတ္ထ သောတ္ထိံဂစ္ဆန္တိ” - အရာရာ ခပ်သိမ်း ပြီးပြည့်စုံအောင်နိုင်ခြင်း ရရှိနိုင်တယ်လို့ မြတ်စွာဘုရားက မင်္ဂလ သုတ်မှာ ဒီလိုဟောထားတာ ဖြစ်တယ်ဟူ၍ မင်္ဂလသုတ် အနှစ်ချုပ်တရားတော်တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဟောကြားထားသည်။
ကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံ၏ ပညာရေးစနစ်များ ပြောင်းလဲလာပြီးသည့်နောက်တွင် ကျောင်းသူကျောင်းသား ကလေးငယ်များနှင့် မင်္ဂလာတရားတော်တို့ တစ်စတစ်စ ကင်းဝေး ခဲ့သည်။ ဗုဒ္ဓဘာသာအသင်းအဖွဲ့များက သင်ကြားမှုများ၊ စာမေးပွဲ ကျင်းပမှုများ ပြုလုပ်ပေးခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ပေးကြစေကာမူ မြန်မာလူငယ်အများစုတို့ မင်္ဂလာ တရားတော်နှင့် မရင်းနှီးဘဲ ကင်းကွာခဲ့ကြပြီဖြစ်သည်။ နည်းပညာ များ တိုးတက်ထွန်းကားလာသည့် မျက်မှောက်ခေတ်တွင်မူ ကလေးများမှစ၍ လူငယ်လူရွယ်များအထိ ဂိမ်းများနှင့် လူမှု ကွန်ရက်များ၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းတို့နှင့် အသားကျ ယဉ်ပါးလာကြပြီး အတွေး အခေါ်များ လမ်းလွဲလာကြသည်။ မှောက်မှားလာကြသည်။
ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဇာတ်သဘင်ပညာရှင် များ ပူးပေါင်း၍ လူငယ်လူရွယ်များကို ရည်ရွယ်သည့် ပြည်သူ့ နီတိနှင့် ၃၈ ဖြာမင်္ဂလာတို့ကို ရိုက်ကူးထုတ်လွှင့်ပြသရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ မှတ်ဖွယ်မှတ်ရာ အသိအလိမ္မာတို့ကို လက်ခံရယူ လိုက်နာကျင့်သုံးကြခြင်းဖြင့် ဘဝတစ်သက်တာ အတွက် ကောင်းကျိုးချမ်းသာများဖြစ်ထွန်းခြင်းနှင့် မကောင်းမှု တို့ ပယ်ဖျောက် ပျောက်ကွယ်ခြင်းရလဒ်များ ခံစားကြရမည်ဟူ၍ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါကြောင်း။ ။