လူတိုင်းစာဖတ်ကြဖို့ လိုသည်။ စာဖတ်သူက စာမဖတ်သူထက် ပို၍ အသိပညာဗဟုသုတ နယ်ပယ်ကျယ်ပြန့်သည်။ ခေါင်းတစ်လုံးပို၍ မြင့်သည်။ စဉ်းစားဉာဏ်နှင့် ဆင်ခြင်တုံတရားတို့ ပိုသည်။ စာဖတ် သည့် အလေ့အကျင့်ကို ငယ်စဉ်ကပင် ပျိုးထောင်ပေးခြင်းဖြင့် ကလေးဘဝ၊ လူငယ်ဘဝကတည်းက စာဖတ်သည့်အကျင့် စွဲလာ သည်။ စာပေမှရရှိသည့် အသိသုတတို့က ဘဝလမ်းကြောင်းကို မတိမ်းမစောင်းအောင်၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင် အောင် ထိန်းကျောင်းပေးနိုင်သည်။
ရသစာပေဖြစ်စေ၊ သုတစာပေဖြစ်စေ စာကောင်းပေမွန်မှန်သမျှ ကို စဉ်ဆက်မပြတ်ဖတ်ကြရန် ပညာရှိတို့က ရှေးကတည်းကပင် တိုက်တွန်းခဲ့ကြသည်။ “ရသစာပေကောင်းကို ဖတ်ရလျှင် ပတ်ဝန်း ကျင်ကိုလည်း သတိပြုလာနိုင်စရာ အကြောင်းရှိပါသည်။ လောဘ ထွက်သူသည် မိမိလောဘထွက်သည်ကို သတိပြုမိလျှင်၊ ဒေါသ ထွက်သူသည် မိမိဒေါသထွက်သည်ကို သတိပြုမိလျှင်၊ မာနတက်သူ သည် မိမိမာနတက်သည်ကို သတိပြုမိလျှင် ဆင်ခြင်တတ်ခြင်းရှိလာ၍ လောဘ၊ ဒေါသ၊ မာနတို့၏ အပူအလောင်မှ သက်သာရာရနိုင်သည်ဟု ပညာရှိတို့ ဆိုမိန့်ကြပါသည်။ ထိုနည်းတူစွာ ပတ်ဝန်းကျင်ကို သတိ ပြုမိသူသည် မိမိ၏ကိုယ်နှုတ်နှလုံးကို သုံးသည့်အခါတိုင်း ဆင်ခြင် တတ်ခြင်းရှိလာ၍ မိမိတစ်ဦးတည်း၏ အကျိုးစီးပွားအတွက်သာမက ပတ်ဝန်းကျင်၌ မိမိကဲ့သို့ သုခဒုက္ခအမျိုးမျိုးနှင့် ကျင်လည်နေကြ ကုန်သော သတ္တဝါခပ်သိမ်း၏ အကျိုးစီးပွားအတွက်လည်း ကြည့်တတ်မြင်တတ် ကရုဏာဖြစ်တတ်လာနိုင်စရာ အကြောင်း ရှိသည်ဟု ထင်ပါသည်”ဟု မြန်မာစာပေပညာရှင်ကြီး တစ်ဦးဖြစ်သူ ဆရာဇော်ဂျီက ရေးသားခဲ့သည်။ ရသစာပေကောင်းကို ဖတ်ရှုသူအဖို့ လောဘ၊ ဒေါသ၊ မာနတို့ လျော့နည်းစေကာ ကိုယ် နှုတ် နှလုံး သုံးပါး သော အမူအရာတို့ သိမ်မွေ့လာစေသည့်အလျောက် လောကကို တစ်ထောင့်တစ်နေရာမှ အလှဆင်နိုင်မည်ဖြစ်သည်။
သုတစာပေက အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတတို့ တိုးပွားစေသည်။ လောကအကြောင်း၊ ဓမ္မအကြောင်း၊ ဘဝအကြောင်း တို့ကို မိမိတို့၏ အတွေ့အကြုံမျှဖြင့်ဆိုလျှင် အနည်းငယ်မျှသာ သိနိုင် မည်ဖြစ်သော်လည်း စာဖတ်ပါက အချိန်တိုတိုနှင့် အသိသုတ မြောက် မြားစွာ ရရှိနိုင်သည်။ သိဖွယ်၊ တတ်ဖွယ်၊ မှတ်ဖွယ်များစွာတို့ စာပေထဲ တွင် ရှိနေသည့်အလျောက် ဖတ်လျှင် ဖတ်သလောက်၊ မှတ်လျှင် မှတ်သလောက် တတ်မြောက်သိမြင် ကျွမ်းကျင်လာနိုင်ကြသည်။ စာဖတ်နိုင်သည့်အရွယ်မှစ၍ နေ့စဉ်ဖတ်မှတ်လေ့လာသမျှသော စာတို့က ကာလကြာရှည်သည့်အခါ ဘဝကို မြင့်မြင့်မားမားရောက်ရှိ စေသည်။ မြန်မာရာဇဝင်တွင် အင်းဝခေတ် မင်းကြီးစွာစော်ကဲ လက်ထက် ပညာရှိအမတ်ကြီး ဘိုးရာဇာသည် လယ်သမားဘဝမှ နန်းတော်သို့ ရောက်ရှိလာခဲ့သူဖြစ်သည်။
လူငယ်များ စာပေများများဖတ်ရှုရေး၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများစွဲမြဲစေရေး တိုက်တွန်းနှိုးဆော် အားပေးသည့်အနေ ဖြင့် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကို သုံးရက်တိုင်တိုင် ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။ ယင်းပွဲတော်တွင် လေကြောင်းပညာဆိုင်ရာ သရုပ်ပြပွဲနှင့် ပြခန်းများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများဖြင့် ကျောင်းသား ကျောင်းသူ လူငယ်များကို ဆွဲဆောင်ထားပြီး အဓိကဦးတည်ချက်အဖြစ် စာဖတ် ကြရေး အသိပညာပေးခြင်းပင်ဖြစ်ရာ လာမည့် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တိုင်တိုင်ကျင်းပသွားမည့် လူငယ်နှင့် စာပေ ပွဲတော်ဆီသို့ ကျောင်းသူ ကျောင်းသားများ၊ မိဘပြည်သူများ၊ ဝန်ထမ်းမိသားစုများ သွားရောက်လေ့လာကြခြင်းဖြင့် စာဖတ်ခြင်း အလေ့အကျင့်ကောင်းနှင့် အသိပညာဗဟုသုတတို့ တိုးပွားကြပါ စေကြောင်း။ ။