နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်စွမ်းအားမြင့်မားလာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်ပြီး နိုင်ငံသားတစ်ဦး ချင်း၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေတို့ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ငံ ကြားတွင် တည်ရှိနေသကဲ့သို့ မိမိတို့နိုင်ငံ၏ ရာသီဥတုနှင့် မြေမျက်နှာပြင် ပထဝီအနေအထားတို့က စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခြေခံလိုအပ်ချက်များ ပြည့်စုံပြီးဖြစ်သည်။ ကမ္ဘာ့လူဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် သန်းပေါင်း ၆၀၀၀ ကျော်၊ ၂၀၂၂ ခုနှစ်တွင် သန်းပေါင်း ၈၀၀၀ အထိ ရှိလာခဲ့ပြီး ဆက်လက်၍လည်း တိုးတက်နေလျက်ရှိရာ စားနပ်ရိက္ခာလိုအပ်ချက်မှာလည်း မြင့်သည်ထက်မြင့်တက်လျက် ရှိသည်။ လူသားတို့၏ စားရေး၊ ဝတ်ရေးတို့ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကသာ အဓိကဖြည့်ဆည်းပေးနေရခြင်းဖြစ်ရာ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအတွက် အစားအစာထုတ်လုပ်နိုင် စွမ်းရှိသည့်နိုင်ငံများမှာ ပို၍အရေးပါလျက်ရှိသည်။
နိုင်ငံတွင် သဘာဝအလျောက် ပိုင်ဆိုင်ထားပြီးဖြစ်သည့် ရာသီဥတု၊ ရေ၊ မြေအရင်းအမြစ်များကို ထိရောက်စွာ အသုံးချ နိုင်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေခြင်း၊ ပြည်ပသွင်းကုန် အစားထိုးခြင်းနှင့် ပို့ကုန်မြင့်မားစေခြင်း ရလဒ်များရရှိပြီး လူမှု စီးပွားဘဝမြင့်မားတိုးတက်လာနိုင်မည်ဖြစ်သည်။ သယံဇာတ အရင်းအမြစ်များကို ဖော်ထုတ်လုပ်ကိုင်ရာတွင် လူ့စွမ်းအား အရင်းအမြစ်သည် အဓိကလိုအပ်ချက်ဖြစ်ရာ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ ကို နိုင်ငံတော်က တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။ ကျေးလက် တွင် နေထိုင်ကြသူများအနက် အသက် ၁၅ နှစ်အထက်၏ ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေးတွင် ပါဝင်လုပ်ကိုင်နေကြ ပြီး ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုတွင် ပါဝင် လုပ်ကိုင်နေကြခြင်းဖြစ်ရာ ၎င်းတို့ကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူ စသည့်အတတ်ပညာ၊ ကျွမ်းကျင်မှုအခြေခံကောင်းများ ရရှိ စေခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
ယခုအခါ အလယ်တန်းကျောင်းပညာသင်ယူပြီးမြောက်သူများ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူ လေ့ကျင့်နိုင်ရန် ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ထားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်ကာ ဆက်လက်၍လည်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအစီရင်ခံစာအရ မိမိတို့နိုင်ငံတွင် ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန် တွင် ကျောင်းထွက်သွားကြသည်ဟုဆိုသည်။ တစ်ဖန်အသက် ၁၂ နှစ်မှစ၍ ကျောင်းတက်နှုန်းကျဆင်းလာကာ အသက် ၁၄ နှစ် နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာ ကျဆင်းလာသည်ဟုဆိုရာ သေစာရှင်စာမျှသာ တတ်မြောက်ပြီး ချိန်တွင် ကျောင်းထွက်ကြကာ မိသားစုဝင်ငွေရရှိရေးအတွက် လုပ်ငန်းခွင်များသို့ ဝင်ရောက်ကြခြင်းဖြစ်သည်။ ပညာအခြေခံ နည်းပါးသူများအနေဖြင့် ကုန်ထုတ်လုပ်မှုအတွက် စွမ်းဆောင်ရည် နည်းပါးမည်ဖြစ်သလို ဝင်ငွေအားဖြင့်လည်း နိမ့်ကျနေမည် ဖြစ်သည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်းသည် လူတစ်ဦးချင်း အတွက်ရော နိုင်ငံအတွက်ပါ အရေးကြီးသည်။ ဖိုးသုညများနှင့် နိုင်ငံကို မတည်ဆောက်နိုင်သကဲ့သို့ မိမိကိုယ်တိုင်လည်း ရပ်တည် နိုင်စွမ်းရှိမည်မဟုတ်။ ပညာရေးလမ်းခရီးဆုံးသည်အထိ ရောက်ရှိ မလာဘဲ အဟောသိကံဖြစ်နေသည့် အရေအတွက်များပြား လှစွာသော လူသားအရင်းအမြစ်များကို နိုင်ငံ၏စိုက်ပျိုးမွေးမြူ ကုန်ထုတ်စွမ်းအားမြင့်မားရေးတွင် အရည်အသွေးမြင့်မားသူ၊ ကျွမ်းကျင်သူများအဖြစ် ပါဝင်လာနိုင်ရေး သက်ဆိုင်သူအားလုံး က ဝိုင်းဝန်းပြုစုပျိုးထောင်ကြရပါမည့်အကြောင်း။ ။