
ထွန်းကျော်
အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဟာ မှတ်တမ်းတင်ရမယ့်အဆင့်အထိ ရောက်ရှိလို့လာခဲ့ပါပြီ။ အာဖဂန်နစ္စတန်မှာရှိတဲ့ လူထက်ဝက်ကျော်ဟာ လာမယ့်လတွေမှာ အထူးစိုးရိမ်ဖွယ်အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂအစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) က ပြောကြားလိုက်ပါတယ်။
စားနပ်ရိက္ခာမလုံခြုံမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်
၂၀၂၁ ခုနှစ် ဆောင်းဦးရာသီနဲ့ ၂၀၂၂ ခုနှစ် မတ်လကြား အာဖဂန်နစ္စတန်နိုင်ငံ ရဲ့ နောက်ဆုံးစားနပ်ရိက္ခာ ဖူလုံမှုအဆင့် ခွဲခြားသတ်မှတ်ချက် အစီရင်ခံစာ အကဲဖြတ်မှတ်ချက် ထွက်ပေါ်လာပြီး နောက် ကုလသမဂ္ဂအစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူ အက်ဖ်ပီ) က အခုလို မေတ္တာရပ်ခံပြော ကြား လိုက်တာပဲဖြစ်ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ လူဦးရေ ထက် ဝက်ကျော်ဖြစ်တဲ့ ၂၂ ဒသမ ၈ သန်းဟာ နိုဝင်ဘာလမှစပြီး စားနပ်ရိက္ခာ မလုံ လောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကုလ သမဂ္ဂ အဖွဲ့အစည်းနှစ်ခုက ပူးတွဲထုတ် ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။
အကျပ်အတည်းကို ဖြေရှင်းဖို့ အရေးပေါ်ရန်ပုံငွေ
ဒီအကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (ဒဗလျူအက်ဖ်ပီ) အနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ သန်း ၂၂၀ လောက် လိုအပ်ပါတယ်။ ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)အတွက်ကတော့ သူ့ရဲ့ လူသားချင်းစာနာ နားလည်မှုဆိုင်ရာ ဘေးဒုက္ခ အကျပ်အတည်းကို တုံ့ပြန် ဖြေရှင်းဖို့ အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၄ သန်းကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ထို့အပြင် ၂၀၂၂ စိုက်ပျိုးရေး ရာသီအတွက် နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကို ထပ်မံရရှိဖို့လို အပ်ပါတယ်။
လူသားချင်းစာနာ နားလည်မှုဆိုင်ရာ အရင်းအမြစ်တွေကို မမျှော်မှန်းနိုင်တဲ့ အဆင့်တွေအတွက် သီးသန့်ပြင်ဆင် ထားရမှာဖြစ်တယ်လို့ အဲဒီအဖွဲ့ကြီးနှစ်ဖွဲ့ က ထောက်ပြပြောဆိုခဲ့ပါတယ်။
စားနပ်ရိက္ခာ အကျပ်အတည်း
ကုလသမဂ္ဂအစားအစာနှင့် စိုက်ပျိုး ရေးအဖွဲ့ (အက်ဖ်အေအို) နဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) က အာဖဂန်နစ္စတန်ရဲ့ အန္တရာယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက် ဖြစ်ပွားမှု အကျိုးသက်ရောက်မှုတွေ၊ စီးပွားရေးခက်ခဲမှုတွေ၊ နိုင်ငံရေး ပဋိပက္ခ အကျပ်အတည်းတွေနဲ့ မိုးခေါင်ရေရှားမှု တွေစတဲ့ အကျိုးသက်ရောက်မှုတွေ ပေါင်းစုလိုက်တော့ ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာ အကျပ်အတည်းအဖြစ် ဆိုက်ရောက်လာတော့တာပဲလို့ ရှင်းလင်း ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ စိုက်ပျိုး ထွန်ယက်ချိန် ပြီးဆုံးသွားတဲ့ကာလမှာ လူပေါင်း ၁၈ ဒသမ ၈ သန်း သို့မဟုတ် လူဦးရေရဲ့ ၄၇ ရာခိုင်နှုန်းဟာ စားနပ် ရိက္ခာမလုံလောက်မှု အမြင့်ဆုံးအဆင့်ကို ခံစားရနိုင်တယ်လို့ အာဖဂန်နစ္စတန် နိုင်ငံရဲ့ နောက်ဆုံးစားနပ်ရိက္ခာ ဖူလုံမှု အဆင့်ခွဲခြားသတ်မှတ်ချက် အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၂၂ ခုနှစ် မတ်လကြားကာလဟာ နောက်ထပ် စားနပ်ရိက္ခာလုံလောက်မှုပျက်စီးယိုယွင်း လာဦးမယ်လို့ အဲဒီအစီရင်ခံစာမှာဖော်ပြ ထားပါတယ်။ ထို့အတူ စားနပ်ရိက္ခာ အကျပ်အတည်းရဲ့ လွှမ်းမိုးသက်ရောက်မှု ကို လူပေါင်း ၂၂ ဒသမ ၈ သန်းလောက် ခံစားရနိုင်တယ်လို့ အစီရင်ခံစာမှာ ထပ်မံဖော်ပြထားပါတယ်။
ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရသူ ၂၂ ဒသမ ၈ သန်းရှိတဲ့အနက် ၈ ဒသမ ၇ သန်းလောက်ဟာ အစားအစာ အရေးပေါ် အခြေအနေကို ခံစားနေရပါတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စံနှုန်းသတ်မှတ် ချက်အရ ငတ်မွတ်ခေါင်းပါးမှုရဲ့ တစ်ဆင့် ပဲ နိမ့်တဲ့အဆင့် ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုများ လုပ်ဆောင်
အာဖဂန်နစ္စတန်နိုင်ငံရဲ့ နောက်ဆုံး စားနပ်ရိက္ခာ ဖူလုံမှုအဆင့် ခွဲခြား သတ်မှတ်ချက် အစီရင်ခံစာမှာဖော်ပြ ထားတဲ့ ကိန်းဂဏန်းတွေဟာ နိုင်ငံတွင်း မှာ မှတ်တမ်းတင်ရလောက်အောင် ဖြစ်ပေါ်နေတဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါ တယ်။ ကုလသမဂ္ဂဟာ အာဖဂန်နစ္စတန် နိုင်ငံရဲ့ နောက်ဆုံးစားနပ်ရိက္ခာ ဖူလုံမှု အဆင့် ခွဲခြားသတ်မှတ်ချက် အစီရင် ခံစာရဲ့လေ့လာချက်များကို အခုမှစပြီး နောက် ၁၀ နှစ်အထိ စီမံခန့်ခွဲမှုများ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီလို အရေးပေါ်အခြေအနေ ဆိုက်ရောက်လာခြင်းရဲ့ နောက်ကွယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အကျိုး သက်ရောက်မှုသာမက တခြားအရေးကြီး တဲ့ အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ မိုးခေါင်ရေရှားမှုတွေ၊ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရေရှည်ဖြစ်ပေါ် နေတဲ့ စီးပွားရေးအကျပ်အတည်းတွေပဲ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးဟာ ထိုးကျခဲ့
အာဖဂန်နစ္စတန်ရဲ့ ပြည်နယ် ၃၄ ခု အနက် ၂၅ ခုဟာ အလွန်ဆိုးတဲ့ မိုးခေါင် ရေရှားမှုကို ခံစားနေရတယ်လို့ အာဖဂန် နစ္စတန်နိုင်ငံရဲ့ နောက်ဆုံးစားနပ်ရိက္ခာ လုံခြုံမှုအဆင့် ခွဲခြားသတ်မှတ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံတွင်းမှာ ဖြစ်ပွားတဲ့ နိုင်ငံရေးအကျပ် အတည်းတွေကြောင့် လူပေါင်း ၆၆၄၀၀၀ ဦးကို အိုးပစ်အိမ်ပစ် ထွက်ပြေးစေခဲ့ပါ တယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ နဂိုက တည်းကမှ ပြည်တွင်းရွှေ့ပြောင်းနေထိုင် သူ ၃ ဒသမ ၅ သန်း ရှိနေပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ နိုင်ငံရေး အကူးအပြောင်းတွေနဲ့ နိုင်ငံပိုင်အမျိုး သားအဆင့် အဖိုးတန်ပစ္စည်းပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ဟာလည်း ထိန်းချုပ်ကန့်သတ်ခံထားရ ပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် လည်း နိုင်ငံရဲ့စီးပွားရေးဟာ ထိုးကျခဲ့ ပါတယ်။
စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်
နိုင်ငံရဲ့ ဘဏ်စနစ်ဟာလည်း ဆိုးရွားတဲ့ နှောင့်ယှက်ဟန့်တားမှုတွေ ဖြစ်နေပါတယ်။ အာဖဂန်ရဲ့ ငွေကြေး (အာဖဂန်နီ)ဟာလည်း သူ့တန်ဖိုးထက် ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျနေပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း အလုပ်လက်မဲ့နှုန်းတွေ တိုးလာပြီး စားနပ်ရိက္ခာ ဈေးနှုန်းတွေမြင့်တက် နေပါတယ်။
မိမိတို့အနေနဲ့ ဆောင်းမတိုင်မီ အာဖဂန်နစ္စတန်နိုင်ငံမှာ အကူအညီ ပစ္စည်း ဖြန့်ဝေမှုတွေကို မြန်ဆန် ထိရောက်ပြီး အစွမ်းရှိရှိ လုပ်ဆောင်သွား ဖို့လိုနေပြီလို့လည်း အက်ဖ်အေအိုရဲ့ ညွှန်ကြားရေးမှူးချုပ် ကျူဒွန်ယုက ပြောပါတယ်။ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းတွေ မိမိတို့ရှေ့မှာ ဘွားခနဲပေါ်လာတဲ့အချိန် အထိ ထိုင်စောင့်နေလို့မရဘူးလို့လည်းသူက ပြောလိုက်ပါသေးတယ်။ ။
ကိုးကား - ဆင်ဟွာ
- Log in to post comments