‘‘ရေကိုမူလ ချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး၊ လောင်စာကို ပါ ချွေတာပါ’’။
နိုင်ငံအစိုးရများက ပြည်တွင်းပြည်ပ အခြေအနေများအရ လိုအပ် လာသည့်အခါ မိမိနိုင်ငံအတွင်း ခြိုးခြံချွေတာရေးလမ်းစဉ်များကို ချမှတ်လေ့ရှိသည်။ သို့ရာတွင် ခြိုးခြံချွေတာရေးလမ်းစဉ်ဟူသည် ဖျားနာနေသူကို ဆေးခါးတိုက်သည့်နှယ် လူကြိုက်မများသည့်၊ ပေါ်ပြူလာမဖြစ်သည့်လမ်းစဉ်မျိုးဖြစ်သည်။ ဆေးခါးတိုက်ခြင်းသည် အဖျားပျောက်စေရန်ဖြစ်သည်ကို သိနားလည်စွာဖြင့် ကြိတ်မှိတ် သောက်သည့် ဝေဒနာရှင်များရှိသလို ရုန်းကန်ငြင်းဆန်သူများလည်း ရှိနိုင်သည်သာဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် ရေ၊ လျှပ်စစ်နှင့် လောင်စာချွေတာရေးဆောင်ပုဒ်ကလေးမှာ မြို့နေပြည်သူအများစု တို့ စည်းကမ်းမဲ့သုံးစွဲမှုနှင့် လေလွင့်ပြုန်းတီးမှုတို့ကြောင့် တစ်ခေတ် တစ်ခါက သတိပေးနှိုးဆော်ခဲ့သည့် ဆောင်ပုဒ်ကလေးပင်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ပြီးကာလ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ခြိုးခြံချွေတာရေးလမ်းစဉ်ကို ချမှတ် ကျင့်သုံးခဲ့ကြရာ စားချင်တိုင်း မစားကြရ၊ ဝတ်ချင်တိုင်း မဝတ်ကြရဘဲ အကန့်အသတ်ဖြင့်သာ စားကြရ၊ ဝတ်ကြရသည်။ ရိက္ခာရာရှင်စနစ် ကို ကျင့်သုံးခဲ့ကြရသည်။ တစ်ဖက်ကလည်း တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ကြိုးပမ်းအလုပ်လုပ်ကြရသည်။ ယင်းနိုင်ငံ များမှာ ယခုအခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံများအဖြစ် ရပ်တည်လျက် ရှိသည်။ မြန်မာနိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်ကာလတွင် စစ်မြေ ပြင် ဖြစ်ခဲ့ပြီး လွန်စွာအထိနာခဲ့သည့်အတွက် လွတ်လပ်ရေးရပြီး ကာလတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း က “လူတွေဟာ အင်မတန်ခြိုးခြံသည်းခံပြီး ဇွဲနပဲနဲ့ စိစစ်ဆောင်ရွက် လုပ်ကိုင်နိုင်မှ လောင်စာကျပြီး ပြာပုံအတိဖြစ်နေတဲ့ ဗမာပြည်ကြီး ကို စည်ပင်သာယာဝပြောအောင် မနည်း ကျုပ်တို့လုပ်ရလိမ့်မယ်၊ ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေ ဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင်ဟောပြောညွှန်ပြပြီး သတ္တိရှိရှိ လုပ်ပြရလိမ့်မယ်” ဟူ၍ မိန့်ကြားခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့က ပြောကြားခဲ့ သည့် ဗိုလ်ချုပ်၏မိန့်ခွန်းတစ်နေရာတွင် ‘‘အဲဒီတော့ ကျွန်တော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ ပြောတယ်၊ ဆီမရှိ မစားနိုင်တာ တော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက်သုံးနေကြသလဲ။
ဗုံးပေါလအော သုံးသလား။ မသုံးဘူးလား။ ဈေးတွေသွားကြည့် စမ်း။ အိမ်တွေသွားကြည့်ပါ။ ဗုံးပေါလအောသုံးတာလား။ မသုံး ဘူးလား။ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကို ဒီလို ဗုံးပေါ လအော သုံးနိုင်သလား။ မသုံးနိုင်ဘူးလား။ ခင်ဗျားတို့ ဆီတွေကို ဗုံးပေါလအောသုံးနေတာ ခင်ဗျားတို့ စိတ်ထဲမှာ ဘာမှအရေးမကြီးဘူး လို့ထင်တယ်။ အဲဒီလို ဗုံးပေါလအောသုံးတဲ့အတွက် ကုလားပြည်က နေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ကို နှစ်စဉ်နှစ်စဉ် ဆီတွေ အမြောက်အမြားသွင်းပြီး နေရတယ်’’ဟူ၍ ပြောကြားခဲ့ရာ မြန်မာ ပြည်သူတို့၏ ယနေ့ခေတ် ဆီစားသုံးသည့်နှုန်းမှာမူ လွတ်လပ်ရေး မရမီကထက် များစွာပိုလွန်နေပြီ ဖြစ်သည်။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံသာယာဝပြော ရေး၊ စားရေရိက္ခာပေါများရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်းရှိပြီး ပြည်ပမှ တင်သွင်းနေသည့် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ သံမဏိတို့ကို သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရန် တွန်းအားပေးလျက်ရှိသည်။ ထို့ပြင် ‘‘၂၀၂၀-၂၀၂၁ ဘတ်ဂျက်ကာလအတွင်း နိုင်ငံခြားပို့ကုန် သွင်းကုန်လုပ်ငန်းများတွင် နိုင်ငံခြားငွေများ ပိုလျှံမှုရှိကြောင်း၊ မိမိ တို့ ချွေတာ၍ရသည့် လုပ်ငန်းများတွင် ယခုထက်ပိုမို ချွေတာမည် ဆိုပါက ယခုထက်ပိုမို၍ ပိုငွေများပြားလာနိုင်ကြောင်း၊ ဥပမာ အားဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုများ ပမာဏအားဖြင့် များပြား ခဲ့သဖြင့် လျှော့ချရန်လိုကြောင်း၊ ပြည်တွင်းဆီစားသုံးမှုနှုန်းမှာ မြင့်မား လျက်ရှိပြီး၊ လျှော့ချနိုင်ပါက ကုန်သွယ်မှုပိုငွေများ ယခုထက် ပိုမို များပြားလာမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီသုံးစွဲမှုများအား လျှော့ချရန်လိုကြောင်း’’ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) တွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ အတိတ်နှင့် ပစ္စပ္ပုန်ကာလနိုင်ငံ့ခေါင်းဆောင်များ၏ ခြိုးခြံချွေတာရေးလမ်းစဉ် များနှင့် နိုင်ငံ၏ ပကတိအခြေအနေတို့အပေါ် ဆင်ခြင်သုံးသပ်ကာ လူတိုင်းကိုယ်စီက ဆီစားသုံးမှုလျှော့ချခြင်းအားဖြင့် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးပြုနိုင်ကြပါစေကြောင်း။ ။