လူတိုင်းဖြည့်ကျင့်ကြရမည့်အရာ

 

နှစ်သစ်တွင်   မင်္ဂလာအပေါင်းနှင့်     ပြည့်စုံကြပါစေကြောင်း ဆုတောင်းပတ္ထနာသံတို့ စည်ဝေကာ ကြားနာရသူအပေါင်းတို့ နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြည်နူးကြရသည်။    မင်္ဂလာဟူသည်  တိုးတက်ကြီးပွားကြောင်းတရားဖြစ်ပြီး    ကောင်းမြတ်ခြင်း၊ တင့်တယ်ခြင်း၊ ကျက်သရေနှင့်ပြည့်စုံခြင်းလည်းဖြစ်ရာ လူတိုင်း က အလိုရှိအပ်၊ တောင့်တအပ်သော တရားလည်းဖြစ်သည်။

 

လူသား တို့ ကိုးကွယ်ကြသည့် ဘာသာတရားတို့က ကိုးကွယ်သည့် လူသား တို့ကို ကိုယ်ကျင့်တရားကောင်းမွန်ရန်၊    ယဉ်ကျေးသိမ်မွေ့ရန်၊ စိတ်နှလုံးဖြူစင်ရန် သင်ကြားညွှန်ပြ ဆုံးမပဲ့ပြင်ပေးခြင်းအားဖြင့် လူတိုင်းအပေါ် မင်္ဂလာအပေါင်း ခညောင်းပြည့်စုံစေသည်။

 


ဓမ္မပဒပါဠိတော်ဗုဒ္ဓဝဂ္ဂတွင်    “သဗ္ဗပါပဿ  အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒပနံ၊   ဧတံ  ဗုဒ္ဓါန သာသနံ။”- မကောင်းမှုဟူသမျှကို မပြုရာ၊ ကုသိုလ်နှင့် ပြည့်စုံ စေရာ၏။ မိမိစိတ်ကို ဖြူစင်စေရာ၏။ ဤသည်ကား ဘုရားရှင် တို့၏ အဆုံးအမတော်ပေတည်း။  ဟူ၍ပါရှိရာ   ဤသည်ပင် ဗုဒ္ဓ ဘာသာ၏ အနှစ်ချုပ်၊ ဗုဒ္ဓတရားတော်တို့၏ အနှစ်ချုပ်ဖြစ်သည် ဟူ၍ ဆရာတော် သံဃာတော်များက မိန့်ကြားတော်မူကြသည်။ မကောင်းမှုဟူသမျှကို မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းသည် လည်း ကောင်း၊ ကောင်းမှုမှန်သမျှကို ပြည့်စုံအောင် ဖြည့်ကျင့်ခြင်းသည် လည်းကောင်း  မိမိကိုယ်တိုင်နှင့်တကွ   မိမိရှင်သန်နေထိုင်ရာ လူ့အဖွဲ့အစည်းနှင့်   သဘာဝပတ်ဝန်းကျင်တစ်ခုလုံးအပေါ်တွင် ပါ ကောင်းကျိုးမင်္ဂလာတို့ကို    ဖြစ်ပေါ်စေမည်    ဧကန်ပင် ဖြစ်သည်။  ဘာသာတရား၏    လမ်းညွှန်ချက်နှင့်အညီ မိမိ၏ စိတ်နှလုံးကို      ဖြူစင်အောင်တည်ဆောက်နိုင်ခြင်းအားဖြင့် လက်ငင်းရရှိနိုင်သော အကျိုးကျေးဇူးမှာ  ငြိမ်းအေးချမ်းသာမှု ပင်ဖြစ်သည်။

 


လူတစ်ဦးနှင့်တစ်ဦးအပေါ် အပြန်အလှန်အကျိုးမဲ့ မပြုရေး၊ လိုအပ်သူတို့အပေါ် ကူညီရေး၊ တစ်ဦးနှင့်တစ်ဦး အသိအမှတ်ပြု လေးစားရေး၊ ရန်တုံ့မမူရေးတို့အတွက် ဘာသာတရားတိုင်းက သင်ကြားပြသလာခဲ့သည်မှာ နှစ်ပေါင်းထောင်နှင့်ချီ၍ပင် ကြာမြင့် ခဲ့ပြီဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော  လူ့ဘောင်လောကကို တည်ငြိမ်အေးချမ်းခိုင်မြဲစေသည့် တရား များ ထွန်းကားရေးအတွက် သည်းခံခွင့်လွှတ်ရန်၊ သနားကြင်နာ ရန်၊   ရန်ငြိုးမဖွဲ့ရန်၊ အကြမ်းမဖက်ရန်   လူသားမျိုးဆက်တို့ တစ်ဆက်ပြီးတစ်ဆက်    သွန်သင်လာခဲ့သည့်တိုင်    ပဋိပက္ခ မီးတောက်များက မငြိမ်းနိုင်သေး။    လူ့ဘောင်လောကကြီး၏ ကောင်းမှု မကောင်းမှုတို့ကို ခြယ်လှယ်နေသည်မှာ  စိတ်ကသာ အဓိကဖြစ်သည်ဟူ၍ ဗုဒ္ဓက ဟောကြားတော်မူသည်။ လူသားတို့ ၏ စိတ်သန္တာန်ကို မနာလို၊ ရန်လို၊ မုန်းတီး၊ အမျက်ထွက်၊ တပ်မက်၊ တွေဝေ၊ မိုက်မဲ စသည့်မကောင်းသော၊  ယုတ်သော၊   ညံ့သော စေတသိက်များက ဖုံးလွှမ်းလိုက်သောအခါ    မကောင်းသည့် စိတ်ယုတ်မာများနှင့် စိတ်က ဖန်တီးထုတ်လုပ်လိုက်သော ရုပ် အမူအရာများ။ သူတစ်ပါးအကျိုးကိုလိုလားခြင်း၊ သနားကြင်နာ ခြင်း၊ သူတစ်ပါးကောင်းကျိုးဖြစ်ထွန်းမှုအပေါ် ဝမ်းမြောက်ဝမ်းသာ ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ ကောင်းကျိုးဆိုးပြစ်တို့ကို ဆင်ခြင် နိုင်ခြင်းကဲ့သို့သော ကောင်းမွန်သည့်၊ ယဉ်ကျေးသည့်၊ တင့်တယ် သည့်  စေတသိက်များက   စိတ်ကို   ဖုံးလွှမ်းထားသည့်အခါ ကောင်းမွန်မြင့်မြတ်သည့်စိတ်ဖြစ်ပေါ်ပြီး    ၎င်းစိတ်က   ဖန်တီး ထုတ်လုပ်လိုက်သည့်   ရုပ်အမူအရာများ စသည်တို့က လူသား တို့၏ကမ္ဘာကို ပုံဖော်ဖန်တီးနေခြင်းဖြစ်သည်။

 


လူသားတို့၏  ကမ္ဘာတွင်   သဘာဝပတ်ဝန်းကျင်  လေထု၊ ရေထု၊ မြေထုတို့အပေါ်တွင် လူတို့၏ ပယောဂကြောင့် ညစ်ညမ်း မှု (Pollution)  များ ဖြစ်ပေါ်နေသည်ကို မျက်မြင်အနေဖြင့် သိရှိ နိုင်ကြသည်။ သို့ရာတွင် စိတ်၏ ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာ သည့်  ပဋိပက္ခများ၊  စစ်ပွဲများ၊ အကြမ်းဖက်မှုများမှာမူ  ဖြစ်ပေါ် လာရခြင်း၏ မူလအရင်းအမြစ်ကို ဉာဏ်ပညာမျက်စိဖြင့် ကြည့်မှ သာလျှင် မြင်နိုင်မည်ဖြစ်သည့်အလျောက် မြင်အောင်ကြည့်ကာ ပယ်ရှားနိုင်ကြပါစေကြောင်း။        ။