မာယာနှင့် အမှန်တရား

Type

 

ချစ်နိုင်(စိတ်ပညာ)

 

(ယမန်နေ့မှ အဆက်) 


သတင်းသမားရဲ့လုပ်ငန်းတာဝန်တွေက ဒီ(၆)ခုပါပဲ။
၁။    Information - သတင်းအချက်အလက် အဖြစ်အပျက်၊ ဖြစ်ရပ်၊ ကိန်း၊ ဂဏန်း၊ စာရင်းဇယား ဖြန့်ဝေ။
၂။     Entertainment - ဖျော်ဖြေတင်ဆက်၊ ဆွဲဆောင်၊ အနုပညာ ရသပါစေ။
၃။     Enlightenment - အလင်းပြ၊ အသိရရှိ၊ ဆင်ခြင်မိ၊ အတွေးပေါက်စေ။
၄။     Enjoyment - ကျေနပ်နှစ်သက်၊ ခင်မင်ရင်းနှီး၊ ယုံကြည်မှုရစေ။
၅။     Encouragement - အားတက်ရဲရင့်စေ၊ စိတ်ဓာတ်ခိုင်မာမြင့်မြတ်စေ။
၆။     Education - မြော်မြင်တွေးခေါ်သဘောပေါက် ဘ၀တစ်လျှောက် အသုံးချ တတ်စေ။
ဘာတွေလဲ။ ဥပမာ ... ဒါတွေပဲ -


    (က)    Policy မူဝါဒ ၊ 
    ( ခ )    Principle အခြေခံသဘောတရား ၊ 
    ( ဂ )    Procedure ဆောင်ရွက်စဉ် ၊ 
    (ဃ)    Process ဖြစ်စဉ်ကြောင်းကျိုးကွင်းဆက် ၊ 
    ( င )    Practice လက်တွေ့ အလေ့အကျင့် ၊ 
    ( စ )    Personality Development     ကိုယ်ရည်ကိုယ်သွေး    ဖွံ့ဖြိုး တိုးတက်မှု။ 


(၁) သတင်း။ သတင်းအချက်အလက်၊  အဖြစ်အပျက်၊   ကိန်းဂဏန်း၊ စာရင်းဇယား   စသည်တို့ဟာ   တိကျပြည့်စုံရပါတယ်။   ဘယ်သူ၊   ဘယ်အချိန်၊ ဘယ်နေရာမှာ  ဘာကို၊ ဘယ်လို၊ ဘာကြောင့်၊ ဘာလုပ်သလဲ၊ ဘာဖြစ်သလဲ ဆိုတဲ့  (ဘ) ခြောက်လုံးရနိုင်သမျှ ပါရတာပေါ့။
တန်ဖိုးရှိချင်ရင် -  (၁) မှန်ရမယ် (၂) မြန်ဆန်လတ်ဆတ်ရမယ်၊ ဦးရမယ်၊ စောရမယ် (၃) ထိရောက်အောင် ဖော်ပြတင်ပြတတ်ရမယ်။  ဒါတွေကိုတော့ အကျယ်မပြောတော့ပါ။  မှန်ကန်ဖို့ဆိုတာ  ကျွမ်းကျင်မှုရှိရတယ်။ ကျွမ်းကျင် တတ်မြောက်နေရင်မှန်လည်းမှန်တယ်။ မြန်လည်း မြန်တယ်။ အသက်မွေးဝမ်း ကျောင်းပညာမှာ ညာလို့မရဘူး၊ ခိုလို့ကပ်လို့မရဘူး။ စိတ်ပါလက်ပါ မရှိသူ၊ လေ့လာလေ့ကျင့်မှု   မရှိသူဆိုရင်   ဖယ်ရှား သို့မဟုတ်   ရှင်းလင်းပြောင်းရွှေ့ ပေးလိုက်တာ အကောင်းဆုံးပါပဲ။ အမှန်တရားကို မြတ်နိုးသူ သစ္စာဘက်တော် သားသာ ဖြစ်ရပါမယ်။   ဘက်လိုက်တာ၊   ပင်းတာ၊ မလိုတစ်မျိုး၊ လိုတစ်မျိုး၊ အကျင့်မကောင်းတာမျိုးဆိုရင်   ဖယ်ရှားလိုက်တာ   မှန်တယ်။   ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်နေတာတွေ   သင်ခန်းစာယူသင့်ပါတယ်။ (ကျင့်ဝတ်ပိုင်းဆိုင်ရာ မပြောလိုတဲ့အတွက် အကျယ်မဖော်ပြတော့ပါ) သစ္စာရှိရ မယ်။


(၂) ဖျော်ဖြေတင်ဆက်မှု ။   ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊ ကဗျာ၊ အက၊ ဆင်ယင်မှုစတဲ့ ရသအနုပညာတွေနဲ့ ပရိသတ်ကို နည်းမျိုးစုံ ဖမ်းစားဆွဲဆောင်ရ မှာပဲ။
ပရိသတ်ကို   လေးစားသောအားဖြင့်   အနုပညာရသကိုတော့ လှပခမ်းနား အောင် ခြယ်သရမှာပါ။


(၃) အလင်းပြခြင်း ။   အချက်အလက်၊ သတင်းသက်သက် မပို မလိုစေရဘဲ တိတိကျကျ၊  မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်  တင်ပြရတာ  ဖြစ်ရုံမျှမက အကောင်းအဆိုး အကြောင်းအကျိုး ရှေ့ကို မီးမောင်းထိုးပြနိုင်စွမ်းရှိတဲ့ စာပေ မျိုးတွေ ပါသင့်ပေတာပေါ့။    ခေတ်နဲ့အညီ       လိုအပ်နေတဲ့   မျက်စိဖွင့် ပေးတဲ့   လက်ရာမျိုးတွေပါရင်  ကောင်းတာပေါ့။  ရှာဖွေစုဆောင်းဖော်ပြရ မှာပါ။


(၄) ကျေနပ်နှစ်သက်စေခြင်း ။      မိမိတို့ သတင်းဌာန သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ထုတ်ဝေတဲ့  တိုက်ရဲ့ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်းဆိုတာကလည်း စေတနာရယ်၊ ကျွမ်းကျင်မှုရယ်၊ လေးစားတန်ဖိုးထား ဆက်ဆံမှုရယ် စသဖြင့် ရေရှည်မွေးမြူတည်ဆောက်ရတာ  မဟုတ်ပါလား။   “ကျုပ်ကို ခင်ပါဗျာ၊ ယုံပါဗျာ” ပြောဆိုရုံမျှ  ဘယ်သူကမှ မခင်မင်ပါ၊ မယုံကြည်ပါ။ ပရိသတ်ရဲ့ အကြိုက်တွေကို စူးစမ်းလေ့လာထားပြီး သူနဲ့ကိုက်ညီဆီလျော်မယ့် ရသ အနုပညာကို ပေးတတ်ရမယ်။  တင်ဆက်နိုင်ရမယ်။  ဒါက သတင်းစာဆရာရဲ့ စေတနာနဲ့ ပညာအရည်အသွေးပဲလေ။ သုတေသန ရှိနေရမယ်။


(၅) အားတက်ရဲရင့်စေ ။  လူတစ်ဦးချင်းက   တည်ကြည်ခိုင်မာတဲ့ လူကောင်းလူတော်တွေ ဖြစ်လာကြရင် မိမိတို့  လူ့အဖွဲ့အစည်းတစ်ခုလုံး လေးစားတန်ဖိုးမြင့်မားတဲ့   လူ့အဖွဲ့အစည်း   ဖြစ်လာမှာပဲ မဟုတ်လား။ အကောင်းမြင်စိတ်ထား၊ အပြုသဘော စိတ်နေစိတ်ထားတွေ ပြန့်ပွားအောင် ကြိုးစားနေရပါမယ်။ မနာလို၊ ဝန်တိုမုန်းတီး၊ သူတစ်ဖက်သား ဒုက္ခရောက် အောင် နှိမ့်ချ၊ ပုတ်ခတ်၊ တိုက်ခိုက်၊ ရန်လို စတဲ့ (အကုသိုလ်စိတ်၊ အကုသိုလ် ဟိတ်) သဘောထားအမြင်တွေ ဖယ်ရှင်းရပါမယ်။ ကျင့်ဝတ်သဘော ပြောခြင်း ထက် လူပီသတဲ့ ယဉ်ကျေးမှု နီတိအခြေခံကို တင်ပြနေတာပါ။ အကုသိုလ် မထူပြောစေရ။


(၆) မြော်မြင်တွေးခေါ်တတ်စေ ။   ပထမအဆင့်က  သတင်းအချက်အလက် မှန်ဖို့ မြန်ဖို့ ထိရောက်ဖို့ အလုပ်မှသည် ဟောဒီ ပညာပေးခြင်းအပိုင်း၊ စာဖတ် ပရိသတ်၊ ရုပ်မြင်သံကြား  ပရိသတ်  သို့မဟုတ်   မီဒီယာပရိသတ်ကြီးကို အထိရောက်ဆုံး  အကောင်းဆုံး အလုပ်အကျွေးပြုနိုင်ရေးက အမြင့်မားဆုံး ရည်မှန်းချက်တာဝန်ပဲပေါ့။


သတင်းစာဆရာဟာ “ဆရာပီသ” ရပါမယ်။ ဆိုက်ကားဆရာ၊ ကားဆရာ၊ ဆံပင်ညှပ်ဆရာတို့လည်း  သူ့နေရာနဲ့သူ  ကျွမ်းကျင်မှုအတတ်ပညာရှိကြရ တာပါပဲ။ သတင်းစာဆရာကတော့  ကွိဝတ္ထုထဲက ဇာတ်လိုက်သတင်းစာဆရာ ကွိလို၊  ဂျာနယ်ကျော်ဦးချစ်မောင်လို၊ နိုင်ငံလူမျိုးအတွက် တကယ် ထိထိ ရောက်ရောက်   တန်ဖိုးရှိရှိ  စွမ်းဆောင်နိုင်တဲ့  သတင်းစာဆရာဖြစ်အောင် လေ့ကျင့်ပျိုးထောင်ရပါမယ်။


စာကြည့်တိုက်နဲ့  သုတေသနလုပ်ငန်းကို အကျိုးရှိရှိ အသုံးချတတ်တဲ့ တက္ကသိုလ်ကျောင်းသူ  ကျောင်းသားတွေကို လမ်းညွှန်ဦးဆောင်နိုင်စွမ်းရှိတဲ့ တက္ကသိုလ်ကထိက ပါမောက္ခတစ်ယောက်လို သတင်းစာပညာမှာ ကိုယ်ကိုယ် တိုင် ပြည့်ဝသူဖြစ်ပါစေ၊ မျိုးဆက်သစ်တွေ ပျိုးထောင်ပေးနိုင်ပါစေ။ ဆရာကြီး ပါမောက္ခ ဦးဖေမောင်တင်က တပည့်ပါမောက္ခတွေ … မင်းသုဝဏ်(ဦးဝန်)၊ တက္ကသိုလ် မောင်သန့်စင် (ဦးအေးမောင်)၊ ဒေါက်တာလှဘေ၊ ဦးတိုးအောင်၊ ဦးလှရွှေ၊ စာရေးဆရာကြီးတွေ … ဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ (ဆရာထက် တပည့်က လက်စောင်းပိုထက်ရမယ်ဆိုတဲ့ မူဝါဒစေတနာမှန်နဲ့)  အနာဂတ်ကို တိုးမြှင့် ပေးတတ်ရပါမယ်။


ဥပမာ ဒီစာအုပ် လေးအုပ်တော့ ဖတ်ထားဖူးရင် ကောင်းမှာပဲလို့ အကြံပြု ချင်ပါတယ်။


    (၁)    ရွှေဥဒေါင်း  ဘဝတစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ၊
    (၂)    ရွှေလင်းယုန်  သူ(ဝတ္ထု)၊
    (၃)    ဂျာနယ်ကျော်မမလေး     သူလိုလူ(အတ္ထုပ္ပတ္တိ)၊
    (၄)    ဦးဝင်းတင်(ဟံသာဝတီ)     ကွိ(ဘာသာပြန်ဝတ္ထု)။


        ပညာရှာပါ။
ပညာဆိုတာ ဘာလဲ။
ပညာဆိုတာဟာ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှန်အမှား၊ အရင်းအဖျား စတာတွေကို ခွဲခြားနားလည် သိမြင်ခြင်းပါပဲ။ အမြဲမပြတ်  စာများများ ဖတ်နေပါ။
ပညာကို ဘယ်လို သိရသလဲ။ ရနိုင်သလဲ။


ကွဲပြားခြားနားတဲ့ ဒီနည်းတွေနဲ့  သိနိုင်သတဲ့  ဂေါတမမြတ်စွာဘုရား (ဘီစီ ၅၆၃-၄၈၃)က ထုတ်ဖော်ညွှန်ပြခဲ့ဖူးပါတယ်။


    (၁)    ကိုယ်တွေ့သိနည်း ပစ္စက္ခပမာဏ ၊ 
    (၂)    ဆင်ခြင်သိနည်း အနုမာနပမာဏ ၊ 
    (၃)    နှိုင်းယှဉ်သိနည်း ဥပမာနပမာဏ ၊ 
    (၄)    စာပေသိနည်း သပပမာဏ ၊ 
    (၅)     ချင့်ချိန်သိနည်း အတ္တာပတ္တိပမာဏ ၊ 
    (၆)     အာရုံပြုသိနည်း အာနုပလန္ဒိပမာဏ ၊ 
    (၇)    အလားတူအားဖြင့်သိနည်း သမ္ဘဝပမာဏ ၊ 
    (၈)    ထုံးဓလေ့အစဉ်အလာအားဖြင့်သိနည်း ဧတိဟျပမာဏ ၊ 
    (၉)    မျက်မှောက်ပြုသိနည်း သစ္ဆိကရဏပမာဏ ။ 


မိမိသိရတဲ့ အသိတရား၊ အသိပညာ၊ အတတ်ပညာဟာလည်း မှန်ပြီလို့၊ ပြည့်စုံလှပြီ၊ တိကျပြီလို့  အတည်မယူ အစွဲမသန်သင့်ဘူးတဲ့။
ဒီလေးချက်နဲ့ တိုက်ဆိုင်စိစစ်ပြီး ကိုယ်ကိုယ်တိုင်သိတဲ့အခါမှ  စွန့်ပယ်ရပါ မယ်လို့ ဆိုတယ် -


    (၁)    ဤတရားတို့ကား အပြစ်ရှိသလား။ 
    (၂)     ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့ပေလား။ 
    (၃)     ဤတရားကို ကျင့်သုံးသော် အစီးအပွားမဲ့ခြင်းငှာ ဖြစ်ကုန်သလော။ 
    (၄)     မိမိကိုယ်တိုင် ဂဃနဏ သေသေချာချာ သိမြင်ရပြီလား။ 
    စိစစ်ပါ။


မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ကာလာမသုတ်နဲ့ ဘဒ္ဒိယသုတ်တို့မှာ ပါရှိသော  အတည် မယူသင့်သေးသော (၁၀)ချက်ဆိုတာ  ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း  ကောင်းကောင်း  သိထားကြပြီးသားပါ။  သတင်းနဲ့ ပတ်သက်လို့ ကူးယူဖော်ပြလိုက်ပါရစေ -


    (၁)    သူတစ်ပါး ပြောသံကြားကာမျှဖြင့် မှန်ပြီ အတည်မယူရ။
    (၂)    အစဉ်အဆက် စကားမျှဖြင့်လည်း မှန်ပြီ အတည်မယူရ။
    (၃)     ဤသို့ ဖြစ်ဖူးသတတ်ဆိုရုံမျှဖြင့် မှန်ပြီ အတည်မယူရ။
    (၄)     ပိဋကတ်စာပေနှင့် ညီညွတ်ပေသည်ဟု မှန်ပြီ အတည်မယူရ။
    (၅)     ကြံဆတွေးတော၍ ယူခြင်းမျှဖြင့် မှန်ပြီ အတည်မယူရ။
    (၆)     နည်းမှီးယူခြင်းမျှဖြင့်လည်း မှန်ပြီ အတည်မယူရ။
    (၇)     အခြင်းအရာကို ကြံစည်သောအားဖြင့် မှန်ပြီ အတည်မယူရ။
    (၈)     ငါတို့ကြံစည်နှစ်သက်၍  ယူထားသောအယူနှင့်  တူညီပေသည် ဟုလည်း မှန်ပြီ  အတည်မယူရ။
    (၉)     မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မှန်ပြီ အတည်မယူရ။
    (၁၀)     ငါတို့လေးစားထိုက်သော ရဟန်း၏စကားဟူ၍လည်း မှန်ပြီ အတည် မယူရ။


နိဂုံး


ချစ်ခင်လေးစားစွာ ပြည်သူများအား တင်ပြနိုင်ရန် ရှာဖွေစုဆောင်းကာ မေတ္တာ ရှေးရှုလျက် “မာယာ”နှင့် “အမှန်တရား” ရှင်းလင်းထင်ရှားစွာ ခွဲခြား တတ်စေရန် ကြိုးပမ်းဖော်ပြအပ်ပါတယ်။ လိုရင်းတိုကျဉ်းမျှသာ ဖြစ်ပါတယ်။ တိုးတက်အောင်မြင် ပျော်ရွှင်ငြိမ်းချမ်းကြပါစေ။      ။