
စာချစ်သူ
“မစောင့်နိုင်ကြတော့ဘူးလား” ဆိုသည့် စာပိုဒ်ကို ရောက်တော့ ဖတ်လက်စ စာအုပ်ကို လက်ကချပြီး အဝေးတစ်နေရာသို့ လှမ်းမျှော် ကြည့်မိ၏။
စိတ်အလျဉ်ကား အတိတ်လွင်ပြင်ဆီသို့ တဖျပ်ဖျပ် လွင့်မျော သွားသည်။ မြင်ကွင်းအချို့ကလည်း ဖျတ်ခနဲ ဖျတ်ခနဲ။ တိတိကျကျ ဆိုရလျှင် လွန်ခဲ့သော ၃၃ နှစ်၊ ၁၉၈၈ ခုနှစ်ပါ။
“ဒီမိုကရေစီရရှိရေး- တို့အရေး၊ တို့အရေး” ၈-၈-၁၉၈၈ ရှစ်လေးလုံးအလွန် နေ့ရက်များတွင် ကြွေးကြော်သံများက ပို၍ ပို၍ တုန်ဟည်းလာသည်။ ဆူပူအုံကြွမှုများကလည်း အတောမသတ်နိုင်။ ပြည်ပအသံလွှင့်ဌာနများက ထုတ်လွှင့်သော လေလှိုင်းထဲက သတင်း များ၊ ခါတော်မီဒီမိုကရေစီသတင်းစာများထဲက သတင်းများကလည်း ဆယ်ကျော်သက်အရွယ် ကျွန်တော်တို့အဖို့မှာ သောတဆင်လို့၊ ဖတ်ရှုလို့ အလွန်ကောင်းလှပါဘိ။
ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ သတင်းများ ကို ကျွန်တော်တို့ နားမဝင်ပါ။ ဟိုတစ်စ ဒီတစ်စကြားရသော မိန့်ခွန်း အပိုင်းအစအချို့ကိုလည်း ဟာသလုပ်ခဲ့၏။ အဆိုးရွားဆုံးအမှား ကတော့ သူတို့ပြောသမျှ မုသာဝါဒဟုသာ စိတ်ကစွဲထင်နေခဲ့၏။ မည်သည့်အခါမျှ မိန့်ခွန်းအစ အဆုံးကို အပြည့်အဝနားမထောင်မိခဲ့ပါ။
ဖတ်လက်စ စာအုပ်ကို လက်ကပြန်ကိုင်ပြီး ဆက်လက်ဖတ်ရှု လိုက်တော့ “ကျွန်တော်မိန့်ခွန်းပြောကြားတိုင်း ဆုတောင်းမျှော်လင့် မိသည်မှာ ကျွန်တော်၏စကားများအား ပြည်သူတို့နားထောင်မိ စေဖို့နှင့် နားထောင်မိကလည်း ပြောစကားများအပေါ် အချိန်ယူပြီး အေးဆေးစွာ စဉ်းစားဆင်ခြင်ကာ ပြန်လည်တုံ့ပြန်နိုင်ရေးပင်ဖြစ်ခဲ့သည်။ ကျွန်တော်ပြည်သူတို့ထံ ပြောဆိုခဲ့သောစကားများသည် ပကတိ သစ္စာစကားများပင်ဖြစ်ခဲ့သည်”ဟု စာရေးသူက မေတ္တာ သစ္စာအပြည့်ဖြင့် ဆိုပါသည်။
ကျွန်တော့်လက်ထဲရှိ ဖတ်လက်စစာအုပ်ကား ၁၉၈၈ ရှစ်လေးလုံး အရေးအခင်း နှောင်းပိုင်းကာလတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာမောင်မောင် ကိုယ်တိုင်ရေးသားခဲ့သော “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” သမိုင်းမှတ်တမ်း စာအုပ်ပေတည်း။
မျက်စိတစ်ဖက်၊ နားတစ်ဖက်နှင့် ခရီးရှည်ကြီးလျှောက်လှမ်း
စာရေးသူ မေတ္တာရပ်ခံသကဲ့သို့ ယခုအေးဆေးစွာပြန်လည်ဖတ်ရှု ရင်း စဉ်းစားဆင်ခြင်ကြည့်တော့ ထိုစဉ်က မိမိတို့သည် မျက်စိတစ်ဖက်၊ နားတစ်ဖက်တည်းနှင့် ခရီးရှည်ကြီးတစ်ခုကို လျှောက်လှမ်းခဲ့မိကြ ပါကော။
၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌရာထူးလက်ခံစဉ်က ပါတီဗဟိုကော်မတီသို့ ဒေါက်တာမောင်မောင်ပြောကြားခဲ့သော မိန့်ခွန်းကို ယခုမှ ကျွန်တော် သေချာစေ့ငုစွာ ဖတ်ရှုလိုက်တော့…….
“ဗဟိုကော်မတီဝင်များခင်ဗျား၊
ပြည်သူတွေနဲ့လက်တွဲပြီး ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိပါသေးတယ်၊ သွားစရာခရီးရှည်ပါသေးတယ်၊ ပြောဟော၊ သူမှား၊ ငါမှား အငြင်းပွားနေလို့ အကျိုးမထူးပါဘူး။ တလူလူတက်နေ တဲ့ ပြည်သူ့မျှော်လင့်ချက်တွေ အကုန်အစုံ ချက်ချင်း ဖြည့်ဆည်းမပေး နိုင်တောင်မှ ကျယ်ကျယ်ပြန့်ပြန့် အေးချမ်းစွာ လေ့လာစုံစမ်းပြီး တရားမျှတတဲ့ ပြည်သူ့ဆန္ဒတွေထဲက အမြန်ဆုံး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်တာတွေကို ဖြည့်ဆည်းပေးရပါမယ်’’ ဟု တွေ့မြင် ဖတ်ရှုလိုက်ရသည်။
၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရုပ်မြင် သံကြားနှင့် ရေဒီယိုအသံလွှင့်အစီအစဉ်တို့မှ တစ်ဆင့် ပြည်သူ လူထုထံသို့ ပြောကြားခဲ့သော မိန့်ခွန်းတွင်-
“ပြည်သူ ပြည်သားအပေါင်းတို့ ခင်ဗျာ-----
တစ်ပါတီစနစ်ကို ဆက်လက်ကျင့်သုံးမလား၊
ပါတီစုံစနစ်ကို ပြောင်းပြီး ကျင့်သုံးကြမလား
ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူ့ဆန္ဒ ခံယူရေးကိစ္စကို ပြောလိုပါတယ်။
ဒီကိစ္စကို ပါတီဥက္ကဋ္ဌကြီးကပဲ ဇူလိုင်လက ကျင်းပခဲ့တဲ့ အရေး ပေါ် ပါတီညီလာခံမှာ ဖွင့်ပေးခဲ့တာပါ။ အကြောင်းကြောင်းပေါင်းပြီး တစ်ပါတီစနစ်ကြိုက်လား၊ ပါတီစုံစနစ်ကြိုက်သလား ပြည်သူ့ဆန္ဒ ကျယ်ကျယ်ပြန့်ပြန့် ခံယူကြဖို့ကို ညီလာခံက လက်မခံခဲ့ပါဘူး။
အဲဒီတော့ နိုင်ငံအကျိုး၊ အများပြည်သူအကျိုး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ရှေ့ထားပြီး ကျွန်တော်တို့ ဒီလိုစီစဉ် ဆောင်ရွက်ကြပါတယ်။
အရေးပေါ်ပါတီညီလာခံ အမြန်ဆုံး ပြန်ခေါ်ပါမယ်၊ ပြည်သူ့ဆန္ဒ ခံယူရေးကိစ္စကို ပြန်တင်ပါမယ်၊ တစ်နိုင်ငံလုံး တောင်ပေါ်မြေပြန့် အနှံ့အပြားက ကိုယ်စားလှယ်တွေကို ခေါ်ရမှာမို့ နောက်နှစ်ပတ်၊ သုံးပတ်အတွင်း ဖြစ်အောင်ခေါ်ပါမယ်။ ပြည်သူ့ဆန္ဒခံယူဖို့ သဘော မတူဘူး ဆုံးဖြတ်ခဲ့ရင် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ အားလုံးက မိမိတို့တာဝန်မှ နုတ်ထွက်ကြပြီး ပါတီဝင်အဖြစ်မှလည်း အနားယူကြပါမယ်။
ပြည်သူတွေက တစ်ပါတီစနစ်ကို ပြင်လိုက်ပါ၊ ပါတီစုံစနစ်ကို လက်ခံတယ်ဆိုလာရင် ပြည်သူ့လွှတ်တော် အမြန်ခေါ်၊ ပါတီစုံစနစ်ကို ပြဋ္ဌာန်း၊ ကျန်ရှိသေးတဲ့ လွှတ်တော်သက်တမ်းကို လျှော့ပေါ့၊ ပါတီစုံ ပါဝင်ယှဉ်ပြိုင်ကြမယ့် အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ လုပ်ပါမယ်။ အဲဒီရွေးကောက်ပွဲတွေကို ကြီးကြပ်ဖို့ ကော်မရှင်မှာလည်း ပြည်သူတွေအဆိုပြုတဲ့၊ အများလေးစားတဲ့ ပုဂ္ဂိုလ်များကို ညှိနှိုင်း ထည့်သွင်းပေးပါမယ်” ဟု ပြောကြားခဲ့သည်။
ထို့အတူ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ရုပ်မြင် သံကြားနှင့် ရေဒီယိုမှတစ်ဆင့် ပြည်သူလူထုထံ ထပ်မံပြောကြားခဲ့ သော မိန့်ခွန်းတွင် “ပြင်စရာရှိရင်တော့ ပြင်ရမှာပေါ့၊ ပြင်သင့်ရင် ပြင်ချင်လို့ပဲ ပါတီစုံကိစ္စကို ပါတီညီလာခံမှာ ဇူလိုင်လက ဖွင့်ပေးခဲ့ တာပါ။ အဲဒီမတိုင်ခင်က ဘယ်သူကမှ ဒီကိစ္စကို သတိရတာ၊ တောင်းဆို တာ မရှိခဲ့ပါဘူး။
ပြည်သူအများစုရဲ့ စစ်မှန်တဲ့ဆန္ဒ
ပြည်သူ့ဆန္ဒခံယူပွဲမှာ၊ ရွေးကောက်ပွဲတွေမှာ လွတ်လပ် တရားမျှတမယ်သာဆိုရင် ပြည်သူအများစုရဲ့ စစ်မှန်တဲ့ဆန္ဒ ပေါ်လွင် ထင်ရှားလာမှာပါ။ အဲဒီလို ပေါ်လွင်ထင်ရှားလာသည်အထိ မစောင့် နိုင်ကြတော့ဘူးလား။
ဒါကြောင့် အခြေခံဥပဒေကို ဖျက်ပါ။ လွှတ်တော်ကို ဖျက်ပါ၊ ကောင်စီတွေဖျက်ပါ၊ ကြားဖြတ်အစိုးရဖွဲ့ပါဆိုတာတွေက ဘယ်နည်း ကို တောင်းဆိုနေကြတာပါလဲ။ ရှင်းရှင်း၊ လက်တွေ့ကျကျ၊ ပြည်သူ တွေ နားလည်အောင် တင်ပြကြဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်ကို ဖတ်ရှုရပြန်ပါသည်။
တစ်ဆက်တည်းမှာပင် “ ပြည်သူ့ဝန်ထမ်းတွေ၊ သယ်ယူပို့ဆောင် ရေးဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ အားလုံးအလုပ်ခွင်ပြန်ဝင်ကြပြီး ပြည်သူ့အကျိုးကို သယ်ပိုးကြပါ။ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်း၊ သွားလာရေး ခက်ခဲနေကြပါပြီ။ ဝန်ထမ်းတွေ ဆန္ဒ အလျောက်ပဲဖြစ်စေ၊ မလွှဲမရှောင်သာလို့ပဲဖြစ်စေ ဆန္ဒပြကြရာမှာ ပါကြ၊ စာတမ်းတွေတင်ခဲ့ကြတာကို ကျွန်တော်နားလည်သဘော ပေါက်ပါတယ်။ အရေးမယူပါဘူး၊ နောင်အခါမှာတော့ စည်းကမ်းရှိရှိ၊ တာဝန်သိသိ၊ ဖြောင့်မတ်တည်ကြည်စွာ ဌာနတာဝန်ကို ထမ်းဆောင်ကြပါ။ ပြည်သူ့အကျိုးကို ပြုနိုင်ကြအောင်၊ ပြည်သူ့ဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ကြအောင် ပြည်သူ့ဝန်ထမ်းများ၊ ပြည်သူ့ရဲများကိုလည်း ပြည်သူတွေက ကူညီကြပါ” ဟု ပြောကြားခဲ့ ၏။
ထို့အပြင် စာရေးသူ နိုင်ငံတော်သမ္မတ(ငြိမ်း) ဒေါက်တာမောင်မောင် သည် ထိုစဉ်က သူ၏ စိတ်ခံစားချက်နှင့် ခေတ်သမိုင်းအဖြစ်သနစ်တို့ကို လည်း ရေးသားခဲ့ပြန်၏။
“သူတို့မှ ကျွန်တော့်အား အပြောင်အပျက် နာမည်များဖြင့် စတင်ခေါ်ဆို ထိုးနှက်လာစဉ်က ကျွန်တော်စိတ်အနည်းငယ်ထိခိုက် ခဲ့သည်။ သို့သော်လည်း နားလည်ခွင့်လွှတ်ပေးလိုက်ပါသည်။ “မောင်မောင် ငါတို့ကို ဒီမိုကရေစီချက်ချင်းပေး” ဟူ၍ ကလေးများက ချီတက်လမ်းလျှောက်ကာ သံပြိုင်အော်ကြသည်။ သူတို့ တောင်းဆို သည့် ဒီမိုကရေစီဟူသောအရာသည် ကျွန်တော်၏ အင်္ကျီအိတ်ကပ် ထဲမှ ထုတ်ယူပြီး သူတို့တောင်းဆိုသလို ချက်ချင်းလက်ငင်းပေးနိုင်ခဲ့ရင် ဘယ်လောက်များကောင်းလိမ့်မတုန်း၊ ဒါဆိုရင်လည်း ပြဿနာ အားလုံး တစ်ခါတည်း ပြီးပြတ်သွားလိမ့်မည်ဟူ၍ ကျွန်တော် တွေးတောမိသည်။
“ကျွန်တော်တို့ကတော့ နိုင်ငံတော်ကို တစ်လှမ်းပြီးတစ်လှမ်း၊ တစ်ဆင့်ချင်းတစ်ဆင့် ဘာပဲဖြစ်ပါစေ ပြည်သူတို့လိုလားတောင့်တ သည့် ပါတီစုံဒီမိုကရေစီစနစ်သို့ အရောက်ပို့ဆောင်နိုင်ရေး ဆုံးဖြတ် ချက်ချပြီးသားဖြစ်သည်။
“ဒီမိုကရေစီဟူသည့် စကားလုံးသည်လည်း ဖက်ရှင်တစ်ခုသဖွယ် ဆောင်ပုဒ်တစ်ခုလိုလို အစွဲအလမ်းတစ်ခုပမာဖြင့် ကျွန်တော်တို့ နိုင်ငံတွင် တစ်ခါမှမကြားဖူးသည့် စကားသစ်ဆန်းယောင်ယောင် ရေပန်းစားနေတော့သည်။ ရန်ကုန်မြို့တွင်း စားသောက်ဆိုင်တစ်ခုမှ ယခင်က “ဆိုရှယ်လစ်ကြက်ဆီထမင်း” ရောင်းကောင်းခဲ့ရာမှ “ဒီမိုကရေစီ ကြက်ဆီထမင်း” ဟူ၍ အမည်ပြောင်းလိုက်သည်။ ထမင်း တွင်ပါဝင်သည့် စားဖွယ်အမည်များ ဘာမျှမပြောင်းလဲသော်လည်း မတည်ငြိမ်မှု၊ ဆူပူဆန္ဒပြမှုတို့ကြောင့် ရောင်းဈေးကတော့ တက်သွား ခဲ့လေပြီ” ဟူ၍ ရေးသားခဲ့သည်။
၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ခင်းတွင် စတုတ္ထ အကြိမ် ပြည်သူ့လွှတ်တော်အရေးအပေါ်အစည်းအဝေးကို စတင် ကျင်းပခဲ့သည်။
နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က နိဂုံးချုပ် မိန့်ခွန်းတွင် “ပါတီညီလာခံကိုယ်စားလှယ်များက တစ်ပါတီစနစ်ကို ဆက်လက်ထားရှိမည်လား၊ ပါတီစုံစနစ်ကိုပဲ ပြောင်းကြတော့မည် လားဆိုတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူလပြဋ္ဌာန်းချက်ကို ပြည်သူတွေ ပြန်လည်စဉ်းစားနိုင်ကြဖို့၊ ပြည်သူ့ဆန္ဒခံယူကြဖို့ အခြေ အနေမပေးတော့ပါဘူး။
ပြည်သူတွေလည်း ဒီပြဿနာနဲ့ပဲ အစားဆင်းရဲ၊ အနေဆင်းရဲ ဖြစ်ကြရပြီ။ ဒါကြောင့် ပါတီစုံစနစ်နဲ့ အထွေထွေရွေးကောက်ပွဲများကို အမြန်ဆုံးကျင်းပပေးသင့်ပါတယ်လို့ ဆုံးဖြတ်တာဟာလည်း ပြည်သူ့ အကျိုးကို ပါတီရဲ့အကျိုးထက် အလေးအနက်ထားကြတာ ထင်ရှား ပါတယ်။
ပါတီညီလာခံက ဆုံးဖြတ်လိုက်ကြတဲ့အတိုင်း နက်ဖြန်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်မှာ ပါတီစုံဒီမိုကရေစီစနစ်သို့ လွှဲပြောင်းစမ်းသပ်ကျင့်သုံးနိုင်ဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူကြပါမယ်။
ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆုံးဖြတ်
ပြီးတာနဲ့ ပါတီစုံပါဝင်ယှဉ်ပြိုင်ကြမယ့် အထွေထွေရွေးကောက် ပွဲကြီးကို အမြန်ဆုံး၊ အမျှတဆုံး၊ အလွတ်လပ်ဆုံးဖြစ်အောင် ကျင်းပ ပေးနိုင်ကြဖို့ စီစဉ်ထားပါတယ်” ဟုပြောကြားခဲ့၏။ ထိုစဉ်က ကျင်းပ ခဲ့သော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်း အဝေးတွင် တစ်ပါတီစနစ်ကြိုက်လား၊ ပါတီစုံစနစ်ကြိုက်သလား ဟူသည့် ပြည်သူ့ဆန္ဒခံယူပွဲအစား ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို သုံးလအတွင်း ကျင်းပပေးမည်ဟု ဆုံးဖြတ်ကြေညာပြီး ရွေးကောက်ပွဲကော်မရှင်ကို ရွေးချယ်တာဝန်ပေးအပ်လိုက်လေသည်။
အရေးပေါ်အစည်းအဝေးအပြီးတွင် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားရာ တွင် -
“ဒီနေ့ ပြည်သူ့လွှတ်တော်က တစ်ပါတီမူကိုကျော်ပြီး ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ အထွေထွေရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပ ပေးဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။
ဒီဆုံးဖြတ်ချက်ဟာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်မယ့် ဆုံးဖြတ် ချက်ပါ။ ဆုံးဖြတ်ချက် မှန်၏၊ မှား၏ကိုလည်း သမိုင်းကပဲ နောင် အနှစ် ၂၀၊ ၂၅ နှစ်ကြာလောက်တော့မှ အဖြေပေးမှာပါ။
ကျွန်တော်တို့ဝမ်းနည်းရတာတွေ အချို့ကတော့ ဒီမိုကရေစီ ဆိုပြီး နိုင်ငံတော်အလံကို ဇောက်ထိုးလွှင့်ကြတာတွေ၊ ခြေနဲ့နင်းကြ တာတွေ၊ ပြည်သူတွေ ဝါးထရံနောက်ကွယ်မှာ နေ့-ည စိုးစိုးရိမ်ရိမ်နေကြရတာ တွေ၊ အစားဆင်းရဲ၊ အနေဆင်းရဲဖြစ်နေကြရတာတွေ၊ လမ်းပန်း အဆက်အသွယ်တွေ ပြတ်တောက်ပြီး၊ စားနပ်ရိက္ခာတွေ စားသုံးသူ ပြည်သူထဲ ချောမောစွာ သက်ဆင်းခြင်းမရှိတာတွေ၊ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ပညာသင်နိုင်တဲ့ အခြေအနေမရှိတော့ဘဲ လမ်းပေါ်မှာ ဆန္ဒပြနေကြတာတွေ၊ ဝန်ထမ်းတွေ ဆန္ဒပြနေကြလို့ ပြည်သူတွေ ခက်ခဲဆင်းရဲနေကြတာတွေ၊ လူကြီးတွေကို သူတို့ရဲ့ မိသားစုပါ မကျန် အောင် ရုန့်ရင်းကြမ်းတမ်းစွာ မဟုတ်မမှန် ပုတ်ခတ်နေကြတာတွေ စတာတွေပါပဲ။ တာဝန်သိတဲ့ နိုင်ငံရေးခေါင်းဆောင်များကတော့ ဒီလို ဒေါသတွေ နှိုးဆွပေးကြမည်မဟုတ်ပါဘူး။ စည်းကမ်းရှိကြဖို့၊ ဒီမိုကရေစီဆိုတာ ကိုယ်ထင်ရာ ကိုယ်လုပ်ပိုင်ခွင့်မဟုတ်ဘူး၊ ယဉ်ကျေး သိမ်မွေ့ရတယ်။ သူတစ်ပါးရဲ့ ဆန္ဒကိုလည်း လေးစားရတယ်လို့ ပြောဆိုဆုံးမကြမှာပါ။ သို့ပေမယ့် စိတ်တက်ကြွနေတဲ့ လူထုကြီးကို နှိုးဆွဖို့ လွယ်တယ်။ ဖျောင်းဖျဖို့ ခက်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…
လွှတ်တော်ရဲ့သက်တမ်းကို လိုသလိုလျှော့ပေါ့ပေးပြီး သုံးလ အတွင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးပါပြီ။
ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ လွှတ်တော်ကို အခုလိုသက်တမ်း လျှော့ပြီး ရွေးကောက်ပွဲတွေ လုပ်ပေးရုံမက လက်ရှိအစိုးရပိုင်းက ပုဂ္ဂိုလ်တွေအားလုံး ရွေးကောက်ပွဲမဝင်ဘဲ အသစ်တက်လာမယ့်အဖွဲ့ ကို လွှဲပေးဖို့မရှိပါဘူး။ ထွက်သွားလျှင်လည်း တစ်ယောက် နှစ်ယောက်ပေါ့။ ဒီလိုလုပ်တာဟာ ကျွန်တော်တို့ ကြောက်ရွံ့စိုးရိမ်လို့ မဟုတ်ပါဘူး။ ပြည်သူ့အပေါ် မေတ္တာအမှန်ထားလို့၊ တရားဥပဒေနှင့် အညီ တည်ငြိမ်အေးချမ်းစွာ တာဝန်လွှဲပြောင်းပေးတဲ့ အစဉ်အလာ ခိုင်မာစေချင်လို့၊ နားနားနေနေ နေချိန်တန်လို့၊ ကိုယ့်ထက်ငယ်ရွယ် တက်ကြွ ကျန်းမာတဲ့သူတွေကို ပခုံးပြောင်းပေးချင်လို့ ဖြစ်ပါတယ်။
နောင်တစ်နေ့မှာ အမှန်ကို ရှာပြီး မျှမျှတတ မြန်မာ့သမိုင်းရေး ကြမယ့် သမိုင်းဆရာများက ဒီနေ့ ဒီလွှတ်တော်ကိုယ်စားလှယ်တွေကို မေ့ကြမှာ မဟုတ်ပါဘူး။ တအံ့တဩ၊ ချီးကျူးဂုဏ်ပြုမော်ကွန်း တင်ကြမှာပါ” ဟူ၍ ပြောကြားခဲ့၏။
လွန်ခဲ့သည့် (၃၃) နှစ်၊ မိမိတို့ဆယ်ကျော်သက်အရွယ်က နားမဝင်၊ အလေးမထား၊ သတိမမူခဲ့သော နိုင်ငံခေါင်းဆောင် တစ်ဦး၏ ပြောစကားမိန့်ခွန်းတို့ကို ပစ္စက္ခ ဆင်ခြင်တုံတရားရှိလာ သည့် အသက်အရွယ်တွင် အေးဆေးစွာ ဆင်ခြင်ဖတ်ရှုမိလေတော့ သမိုင်းသင်ခန်းစာယူစရာများက ရင်နှင့်အပြည့်။
ပထမတွဲ၊ ဒုတိယတွဲပါ သီးခြားစာပိုဒ်နှစ်ပိုဒ်ကိုလည်း အနုသန္ဓေ ဆက်စပ်ကြည့်ပြန်တော့ “နိုင်ငံရေးဟူသည်ကား ဖြစ်နိုင်ခြေရှိသည်ကို ဆောင်ရွက်ခြင်း ပညာရပ်ဖြစ်လေရာ… မစောင့်နိုင်ကြတော့ဘူးလား” ဟု တွေ့မြင်လိုက်ရပါ၏။
သမိုင်းသင်ခန်းစာယူစရာများ
ဖတ်ရင်းစဉ်းစား၊ စဉ်းစားရင်းဆင်ခြင်၊ ဆင်ခြင်ရင်း ဆက်ဖတ် နှင့် အစအဆုံးဖတ်ရှုပြီးတော့ အချိန်ကား ည (၈) နာရီပင်ထိုးလုပြီ။ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ည (၈) နာရီသတင်းလည်း လာလုပြီ။ တီဗွီကိုဖွင့်လိုက်တော့ အနီးဝန်းကျင်တစ်ခို နေအိမ်အချို့ ဆီက “ဒေါင်ဒေါင် ဒေါင်ဒေါင်၊ ဒုန်းဒုန်း ဒုန်းဒုန်း၊ အုန်းအုန်း အုန်းအုန်း” ဟူသော သံချောင်းခေါက်သံ၊ ပုံးတီးသံများကလည်း အချိန်ကိုက် ထွက်ပေါ်လာလေ၏။ သတင်းကြေညာချက်များကို မနည်းအားစိုက် နားသောတ ဆင်ရပါတော့၏။ ။
- Log in to post comments