
ခန့်ဇော်(ကျေးလက်)
ခေတ်အဆက်ဆက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးကို အများအားဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။ တစ်အိမ်ထောင်ချင်း အိမ်ထောင်စုအဆင့် ဆင်းရဲရတဲ့ အကြောင်းရင်းတွေကို ကြည့်ပါက အရင်းအနှီးမရှိလို့၊ အတိုးနှုန်းကြီးတဲ့ အကြွေးတွေပိနေလို့၊ ပညာ မတတ်လို့၊ အလုပ်လုပ်နိုင်သူအရေအတွက် နည်းလို့၊ မှီခိုသူအရေအတွက်များလို့ စတဲ့အချက်တွေကို တွေ့ရပါတယ်။
နိုင်ငံအများစုက ကျေးလက်ပြည်သူတွေရဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်ဖြစ်တဲ့ ကျေးလက်လမ်း၊ ရေရရှိရေး၊ မီးရရှိရေး၊ စာသင် ကျောင်း၊ ဆေးပေးခန်း စသည်တို့ကို နိုင်ငံရဲ့ စီးပွားရေးအခြေအနေပေါ် မူတည်ပြီး (သို့မဟုတ်) အကူအညီရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်နေကြပါ တယ်။ ဆင်းရဲသူတွေအတွက် အရင်းအနှီးလိုအပ် ချက်ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုအနေနဲ့ ဆောင်ရွက်နိုင်မှုနည်းတာကို တွေ့ရပါတယ်။ ဆင်းရဲ တဲ့သူတွေ ချေးငွေရရှိဖို့ အခွင့်အလမ်း အလွန်နည်းပါ တယ်။ ဘဏ်တွေမှာ ချေးငွေရရှိဖို့ လိုအပ်တဲ့/ လိုအပ်ချက်တွေကို မပေးနိုင်လို့ ချမ်းသာသူတွေ နည်းတူ တန်းတူအခွင့်အရေး မရရှိကြပါဘူး။ စိုက်ပျိုးရေးချေးငွေသည်ပင်လျှင် လယ်သမားတွေ က လယ်ယာပိုင်ဆိုင်မှုပုံစံ(၇)ရှိမှ ချေးငွေရတာ ဖြစ်ပါ တယ်။ ရွာတစ်ရွာမှာ လယ်ပိုင်သူ၊ လယ်ယာမရှိသူ ဘယ်သူပိုဆင်းရဲသလဲမေးရင် လယ်ယာမဲ့တွေက ပိုဆင်းရဲပါတယ်။ ပိုဆင်းရဲလေ ချေးငွေ/ အရင်း အနှီးရရှိရန် လက်လမ်းမီဖို့ အခွင့်အရေးနည်းလေ ဖြစ်ပါတယ်။
ရည်မှန်းချက်တာဝန်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချရေးမှာ Focal အဖြစ် နိုင်ငံကိုယ်စားပြု တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ AMRDPE / SOMRDPE အစည်းအဝေးကို တက်ရောက်တဲ့အခါ အခြားနိုင်ငံတွေရဲ့ ဆွေးနွေး ချက်တွေမှာ ဆင်းရဲသူတွေကို စီးပွားရေးလုပ်ဖို့ ငွေကြေးထောက်ပံ့တဲ့ Project တွေအကြောင်း တင်ပြကြတာ တွေ့ရပါတယ်။ ဒီအချိန်အထိ ကျွန်တော်တို့ဌာနရဲ့ ရည်မှန်းချက်တာဝန်မှာ ငွေကြေးအရင်းအနှီးနဲ့ ပတ်သက်ပြီး တိတိကျကျ မပါရှိလို့ မဆောင်ရွက်နိုင်သေးပါဘူး။ အာဆီယံ အစည်းအဝေးကအပြန်မှာ ဝန်ကြီးက ငွေကြေး အရင်းအနှီး ထောက်ပံ့ပေးနိုင်မယ့် စီမံကိန်း Design ရေးဆွဲဖို့ တာဝန်ပေးခဲ့ပါတယ်။ စာရေးသူတို့ ကျေးရွာ တစ်ရွာကို ငွေကျပ်သိန်း ၃၀၀ မတည် ပေးပြီး အိမ်ထောင်စုများမှ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေလုပ်နိုင်ဖို့ စီမံကိန်း Design ရေးဆွဲခဲ့ကြပါတယ်။
ထိုအချိန်အထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေနဲ့ ရုံးချုပ်ပဲရှိပြီး နယ်တွေ မဖွဲ့ စည်းရသေးပါဘူး။ ၂၀၁၃ ခုနှစ် ဩဂုတ် ၉ ရက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီးရဲ့ ပံ့ပိုးမှု၊ အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး မူဝါဒပိုင်း ဆိုင်ရာ ကတိကဝတ်ရှိမှုကြောင့် တိုင်းဒေသကြီး / ပြည်နယ် ၁၅ ခုမှာ ခရိုင်ရုံး ၆၀ နဲ့ မြို့နယ်ရုံး ၂၈၃ ရုံး ဖွဲ့စည်းပြီး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ထိုင်းနိုင်ငံက ကျေးလက်ဖွံ့ဖြိုးရေးလုပ်တဲ့ CP Group of Companies Village Fund Project ဌာနရဲ့ ညွှန်ကြားရေးမှူး Dr. Kanit Sangsubhan မြန်မာ နိုင်ငံကို လာရောက်ပြီး VPF မတည်ရန်ပုံငွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေလုပ်တဲ့ မတည် ရန်ပုံငွေကိစ္စကို ရှင်းပြ၍ နေပြည်တော်ဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာကို Pilot Project အဖြစ် စလုပ်ခဲ့ပါ တယ်။
ကျေးလက်ပြည်သူတွေ ဝင်ငွေတိုးဖို့
ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင် ရေးဆွဲတဲ့အခါ ပြည်တွင်း ပြည်ပ ပညာရှင်တွေ အထူးသဖြင့် ပြည်တွင်းပညာရှင်တွေ အများစုက ထဲထဲဝင်ဝင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ ပညာရှင်တွေ ထောက်ပြတာက ကျေးလက်ပြည်သူ တွေအနေနဲ့ ဝင်ငွေတိုးလုပ်ငန်းတွေလုပ်ဖို့ Working Capital လိုအပ်ပြီး လုပ်နိုင်ဖို့ စွမ်းဆောင်ရည်မြှင့်တင် ပေးရမယ်လို့ အကြံပြုကြပါတယ်။ ထို့အပြင် ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကျေးလက် အိမ်ထောင်စု ၇၅ ရာခိုင်နှုန်းခန့် ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အတိုးမဲ့/ အတိုးနည်း ချေးငွေလိုအပ်ကြောင်း သိရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ပြည်သူတွေရဲ့ အမှန်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့၊ ဒီမိုကရေစီမှာ အခွင့်အရေး တန်းတူမရရှိ တဲ့ ကျေးလက်ပြည်သူတွေ ငွေကြေးအရင်းအနှီး လက်လှမ်းမီအောင် ဆောင်ရွက်ဖို့၊ မဟာဗျူဟာ အစီအစဉ်အရ ဆောင်ရွက်နိုင်ဖို့ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်ကစလို့ နိုင်ငံတော်ရန်ပုံငွေနဲ့ မြစိမ်းရောင် ကို စီမံကိန်းရေးဆွဲပြီး လွှတ်တော်တင်ပြကာ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။
စီမံကိန်းအမည်ကို မြစိမ်းရောင်ကျေးရွာစီမံ ကိန်းလို့ ပေးခဲ့ပေမယ့် “မြစိမ်းရောင်” ရဲ့ အဓိပ္ပာယ် က မည်သည့်အဖွဲ့အစည်းကိုမှ ရည်ညွှန်းကိုယ်စား မပြုဘဲ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင် စီးပွားရေးဖြစ်စဉ် (Green Growth) ကို ကိုယ်စားပြု မျှော်မှန်း၍ အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။
စီမံကိန်း Design
နိုင်ငံတော်ရန်ပုံငွေမှ ငွေကျပ်သိန်း ၃၀၀ မတည် ပေးပြီး ကျေးရွာမှ အများသဘောတူ ရွေးချယ်တင်ပြ တဲ့ ကော်မတီက ရန်ပုံငွေကို စီမံခန့်ခွဲစေပါတယ်။ ကျေးရွာရွေးချယ်မှုအနေနဲ့ (က) ဆင်းရဲသော ကျေးရွာ (ခ) စိုက်ပျိုး/ မွေးမြူရေး အလားအလာ ရှိသောကျေးရွာ (ဂ) တရားဥပဒေစိုးမိုးတဲ့ ကျေးရွာ (ဃ)ကျေးရွာသူ ကျေးရွာသားများရဲ့ စည်းလုံး ညီညွတ်မှု၊ စီမံကိန်းကို လိုလားစွာအကောင်အထည် ဖော်နိုင်မှု (င) လမ်းပန်းဆက်သွယ်ရေး လုံခြုံ တည်ငြိမ်မှုတို့ ဖြစ်ပါတယ်။
အတိုးနှုန်း
အတိုးနှုန်းကို ငွေကျပ် ၁၀၀ အတွက် တစ်လ လျှင် ငွေကျပ်ငါးမူးမှ တစ်ကျပ်ခွဲအထိ ကျေးရွာ၏ အများသဘောတူညီချက်ဖြင့် ရွာကော်မတီက သတ်မှတ်နိုင်ပါတယ်။
ကော်မတီဖွဲ့စည်းမှု
စီမံကိန်းကို တကယ်လုပ်မယ့်သူတွေကို ခုနစ် ဦးမှ ကိုးဦး၊ ၁၁ ဦး ရွာအကြီးအသေးပေါ် မူတည်ပြီး မဲစနစ်နဲ့ ရွာလုံးကျွတ်အစည်းအဝေးမှာ ရွေးချယ်ပါ တယ်။ မဲအများဆုံးရတဲ့သူက ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး အမျိုးသမီး ၅၀ ရာခိုင်နှုန်း ပါဝင်အောင် တတ်နိုင်သမျှ စီစဉ်ပါတယ်။ Facilitate လုပ်ပါတယ်။ ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌနဲ့ ငွေစာရင်းကိုင် တွေ ရွေးပါတယ်။ ပြီးလျှင် ကော်မတီအဖွဲ့ဝင် အားလုံးကို စီမံကိန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ ငွေစာရင်းကိုင်တွယ်ထိန်းသိမ်းခြင်း စတဲ့ သင်တန်း တွေကို ကျေးလက်ဦးစီးက ပေးပါတယ်။
မြစိမ်းရောင်က ပြည်သူကိုယ်တိုင်ရွေးချယ်တဲ့ ကျေးရွာကော်မတီမှ ကိုယ်တိုင်ကြီးကြပ်အကောင် အထည်ဖော်တဲ့ ပြည်သူအခြေပြု စီမံကိန်းဖြစ်ပါ တယ်။ ပြည်သူတွေရဲ့တာဝန်၊ ကော်မတီရဲ့တာဝန်က ချေးငွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အရောင်းအဝယ်၊ ထုတ်လုပ်ရောင်းချမှုတွေကို တကယ်ဆောင်ရွက်ရပါ မယ်။ အတိုးအရင်းသတ်မှတ်ကာလမှာ တကယ် ဆပ်ရပါမယ်။ ပဲပြုတ်ရောင်းသူလည်း ငွေကျပ် ၅၀၀၀၀ လောက်ချေးပြီး ရောင်းနိုင်ပါတယ်။ ဟင်းသီးဟင်းရွက် ရောင်းချင်ရင်လည်း ငွေကျပ် ၅၀၀၀၀/ တစ်သိန်းနဲ့ ရောင်းလို့ရပါတယ်။ တစ်ပိုင်/တစ်နိုင် ဝက်၊ ဆိတ်မွေးရင်လည်း နှစ်/ သုံးကောင် မွေးလို့ရပါတယ်။ စိုက်ပျိုးရေးသွင်းအားစုအတွက် ငွေကျပ်သုံးသိန်းမှ ငါးသိန်း စသဖြင့် ရွာအလိုက် ဆောင်ရွက်နိုင်ကြပါတယ်။
မြစိမ်းရောင်စီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ အတူ စတင်မွေးဖွားခဲ့ပြီး အကောင်အထည်ဖော်မှုကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ကာ ယခုအချိန်မှာ မြစိမ်း ရောင်စီမံကိန်းက အရာရောက်နေခဲ့ပါပြီ။ ။
- Log in to post comments