
ဒေါက်တာအောင်နိုင်ဦး (ငါးဦးစီး)
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် ရေလုပ်ငန်းကဏ္ဍသည် အရေးပါသောထုတ်လုပ်မှုကဏ္ဍတစ်ခုဖြစ်ပြီး ပြည်တွင်းငါးစားသုံးမှုတိုးတက်ရေးနှင့်ငါးရိက္ခာ ဖူလုံရေးအတွက်သာမက ပြည်ပတင်ပို့ကုန်အနေဖြင့်လည်း နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးနိုင်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ရေလုပ်ငန်း ကဏ္ဍတွင် ငါးပုစွန်မွေးမြူရေးလုပ်ငန်းမှ ထုတ်လုပ်မှုသည် ငါးထုတ်လုပ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းငါးရိက္ခာဖူလုံရေးအတွက်သာမက ပြည်ပတင်ပို့ကုန်အနေဖြင့် မွေးမြူရေးငါးမျိုးဖြစ်သော ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွတို့ကို အဓိကတင်ပို့လျက်ရှိပါသည်။
၂၀၂၀-၂၀၂၁ ခုနှစ်ကိန်းဂဏန်းအရ မြန်မာနိုင်ငံ တွင် ငါးမွေးမြူရေးကန်ဧရိယာ စုစုပေါင်းဧက ၂ ဒသမ ၅ သိန်းကျော်နှင့် ပုစွန်မွေးမြူကန်ဧရိယာ စုစုပေါင်းဧက၂ ဒသမ ၄ သိန်းကျော်ရှိပါသည်။ ငါး မွေးမြူရေးလုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် အများဆုံးမွေးမြူကြပြီး ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းအား ရခိုင်ပြည်နယ်၌ ဧရိယာအားဖြင့် အများဆုံးမွေးမြူကြပါသည်။ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးပုစွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေး အတွက် ဌာနပိုင်ငါးလုပ်ငန်းစခန်း ၂၇ ခု၊ ပုစွန်သား ပေါက်စခန်း ၅ ခုတို့မှ ငါး/ပုစွန်သားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ငါးမျိုးစိုက်ထည့်ပေးခြင်း၊ ငါးသားဖောက်ခြင်းနှင့် ငါးမွေးမြူခြင်း နည်းပညာ များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါ သည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံ ပြည်သူများအလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေ ရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများရေရှည် စားသုံး နိုင်ရန်ရည်ရွယ်၍ မြစ်ကြီးများ၊ သဘာဝမြစ်၊ ချောင်း၊ အင်းအိုင်၊ ယင်းတို့နှင့် ထိစပ်လျက်ရှိသော မြစ်ဖျား၊ ချောင်းဖျားများနှင့် ဆည်၊ ကန်၊ ရေလှောင် တမံများအတွင်းသို့ နှစ်စဉ် တစ်လက်မအရွယ် ငါးသားပေါက်များကို မျိုးစိုက်ထည့်ပေးလျက်ရှိ ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးမှာ အရေးကြီးသည့် အတွက် မွေးမြူရေးလုပ်ငန်းများကိုလည်း တွန်းအား ပေး ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတွက် ရေ၊ မြေနှင့် အခြေခံကောင်းများရှိသည့် အတွက် အကျိုးရှိအောင်အသုံးချရန်၊ မွေးမြူရေး လုပ်ငန်းကို နည်းစနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်၊ တိုင်းပြည်အတွက်စားနပ်ရိက္ခာ ပေါများစေရေးဆောင်ရွက်ရန်၊ အဓိကမြစ်များ အပါအဝင် မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ငါးသား ပေါက်မျိုးများ အမြောက်အမြား စိုက်ထည့်ပေးခြင်း ကို ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်အားပေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိကငါးမွေးမြူ ရေးလုပ်ငန်းကို အားပေးရန်နှင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်လျှင် စားနပ်ရိက္ခာဖူလုံသည့်အပြင် စီးပွားဖြစ်သည့် အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် ငါးမွေးမြူရေးမှာ လွယ်ကူသည့်နည်းလမ်းဖြစ်ပါ ကြောင်းတို့ကို စီမံခန့်ခွဲရေးကော်မတီအစည်း အဝေး(၂/၂၀၂၁) တွင် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ယခုနှစ်တွင် စိုက်ထည့်မည့် ငါးမျိုးသည် ရှင်သန်မှု နှုန်း ပိုမိုကောင်းမွန်ရေးအတွက် အနည်းဆုံး နှစ် လက်မအရွယ်ရှိသည့် ငါးသားပေါက်များကိုသာ မျိုး စိုက်ထည့်ရန်၊ သားငါးပေါများစေရန်အတွက် အဓိက မြစ်ကြီးများတွင် ပိုမိုစိုက်ထည့်ရန်၊ ငါးမျိုးစိုက် ထည့်သည့်အချိန်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၏ ကြီးကြပ်မှု ဖြင့် လိုအပ်သည့်အဖွဲ့များဖွဲ့စည်း၍ ငါးမျိုးစိုက်ထည့် ရန်၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ တိုင်း ဒေသကြီး/ ပြည်နယ်အသီးသီး၌ ထိရောက်သည့် ငါးမွေးမြူရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန်နှင့် ငါးသားဖောက်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်မှု
ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေ ရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများရေရှည် စားသုံးနိုင်ရန်၊ သား/ ငါးပေါများစေရန်၊ ငါးမျိုးစိုက် ထည့်သော ငါးသားပေါက်များ ရှင်သန်နှုန်းပိုမိုကောင်းမွန်စေရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြစ်ကြီးများ၊ သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်၊ ယင်းတို့နှင့် ထိစပ်လျက်ရှိသော မြစ်ဖျား၊ ချောင်းဖျား၊ ချောင်းလက်တက်များနှင့် ဆည်၊ ရေလှောင်တမံ၊ ကန်များအတွင်းသို့ ငါးမျိုးစိုက်သော ငါးသားပေါက်များရှင်သန်နှုန်း ပိုမိုကောင်းမွန်စေရေး အတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်တွင် နှစ်လက်မ အရွယ်ငါးသားပေါက်ကောင်ရေ ၁၀၁၂ ဒသမ ၀၇၅ သိန်းအား မျိုးစိုက်ထည့်ရန် လျာထားချက်အပေါ် ကောင်ရေ ၁၀၇၇ ဒသမ ၆၃၉ သိန်း၊ ၁၀၆ ရာခိုင်နှုန်း မျိုးစိုက်ထည့်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ရေချိုရေပြင်များ
မြန်မာနိုင်ငံတွင်ရေချိုငါးများ ရှင်သန်ပေါက်ဖွား ကြီးပြင်းနေထိုင်နိုင်သည့် ကုန်းတွင်းရေချိုရေပြင် များဖြစ်သော မြစ်ချောင်း၊ အင်းအိုင်များသည် ဧရိယာ အားဖြင့် ဟက်တာသန်းပေါင်း ၈ ဒသမ ၁ - ၈ ဒသမ ၂ သန်း ရှိပါသည်။ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ် အရှည် ၂၁၅၀ ကီလိုမီတာ၊ ချင်းတွင်း မြစ် အရှည် ၁၂၀၀ ကီလိုမီတာ၊ သံလွင်မြစ် အရှည် ၂၈၀၀ ကီလိုမီတာ၊ စစ်တောင်းမြစ် အရှည် ၄၂၀ ကီလိုမီတာ၊ သဘာဝကန်ကြီးများဖြစ်သည့် ရှမ်း ပြည်နယ် အင်းလေးကန် ၁၅၅၀၀ ဟက်တာ၊ ကချင် ပြည်နယ် အင်းတော်ကြီးကန် ၁၂၀၀၀ ဟက်တာ၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ကန် ၂၈၅၀ ဟက်တာ၊ ရေချိုရေပြင် ဧရိယာ စုစုပေါင်း ၈ ဒသမ ၁ ဟက်တာသန်းအနက် ဧရိယာ ၁ ဒသမ ၂ - ၁ ဒသမ ၃ ဟက်တာသန်းသည် အမြဲတမ်းတည်ရှိသောရေချို ရေပြင်ဖြစ်ပြီး ကျန်ရှိသော ဧရိယာ ၇ ဟက်တာ သန်းခန့်သည် ရာသီအလိုက် ရေပေါ်ရေလျှံဧရိယာ များ ဖြစ်ပါသည်။ ရေချိုငါးသယံဇာတများ ရှင်သန် တည်ရှိပွားများရန် သဘာဝရေပြင် (မြစ်၊ချောင်း၊ အင်း၊ အိုင် ၂၀ ဒသမ ၅၀ ဧက (သန်း)၊ ရေဝပ်ဧရိယာ ၁၅ ဧက (သန်း) ၊ ဆည်/ရေလှောင်ကန် ၄ ဒသမ ၅ ဧက (သန်း)၊ စပါးစိုက်ဧက ၁၃ ဒသမ ၃၈ ဧက (သန်း) စုစုပေါင်း ၅၃ ဒသမ ၃၈ ဧက (သန်း) ရှိပါသည်။
မြန်မာနိုင်ငံ၏ ရေချို/ရေငန်စပ်နှင့် ရေငန်ရေပြင်များ
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ ဧရာဝတီတိုင်းဒေသကြီးဘက်၌ ဘင်္ဂလားပင်လယ်အော်၊ တနင်္သာရီတိုင်းဒေသကြီး ဘက်တွင် ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်နေပြီး ကမ်းရိုးတန်းဒေသများတွင် ရေငန်ပုစွန်၊ ကဏန်း ပျော့မွေးမြူရေးနှင့် ကမ်းနီးပင်လယ်ပြင်တွင် ရေငန် ငါး၊ ရေမှော်စသည်တို့ကို မွေးမြူလျက်ရှိပါသည်။ မြန်မာနိုင်ငံကမ်းရိုးတန်းအရှည်မှာ ၂၈၃၂ ကီလို မီတာ ရှိပါသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ပုစွန်မွေးတောင်သူများသည် ပုစွန်မွေးမြူရာတွင် အများအားဖြင့် သဘာဝမှ ပုစွန် သားပေါက်များကို မွေးကန်အတွင်း ရေသွင်းပြီး ပါလာသည့် ပုစွန်သားပေါက်များကိုသာ ထည့်သွင်း မွေးမြူသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခုအခါ သဘာဝတွင် ဖမ်းဆီးမှုများပြားခြင်းကြောင့်လည်းကောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့်လည်း ကောင်း၊ သဘာဝ၌ ပုစွန်သားပေါက်များ ထွက်ရှိမှုမှာ တဖြည်းဖြည်းလျော့ကျလာပြီဖြစ်သည်။ ပုစွန်သား ပေါက်များအား ပုစွန်သားပေါက်စခန်းများမှ ရယူ ပြီး ပုစွန်မွေးမြူရေးလုပ်ငန်းအား လုပ်ဆောင်သွား ရန်နှင့် သဘာဝရေပြင်သို့ ပုစွန်မျိုးများ မျိုးစိုက်ထည့် ရန် လိုအပ်လာပါသည်။
ငါးမျိုးစိုက်ထည့်ခြင်းဖြင့် ငါးသယံဇာတတိုးပွားစေ ပြီး ငါးရိက္ခာများ တိုးတက်ထုတ်လုပ်ခြင်း
ငါးမျိုးစိုက်ထည့်ပေးခြင်းဆိုသည်မှာ သဘာဝ အရသော်လည်းကောင်း၊ လူ့ပယောဂဖြစ်သော ငါးအလွန်အကျွံ ဖမ်းဆီးထုတ်လုပ်ခြင်းကြောင့် ငါး သယံဇာတများလျော့နည်းကျဆင်းသွားပြီး ငါးများ မျိုးပွားသားပေါက်သည့် ပမာဏကို တစ်ဖန်ပုံမှန် ငါးများ ထွက်ရှိနိုင်သည့် အနေအထားတစ်ရပ်သို့ ပြန်လည်ရောက်ရှိလာစေရန် (သို့မဟုတ်) သဘာဝ ရေပြင်၌ တည်ရှိသော ငါးသယံဇာတထုထည်ကို ၎င်းအတိုင်း ရေရှည်ဖြစ်တည်တံ့မှုပြန်လည်ရောက် ရှိလာစေရန်၊ ရာဇဝင်သမိုင်းကြောင်းအရ သဘာဝ တွင် တွေ့ရှိနိုင်သည့် သဘာဝငါးသယံဇာတအရင်း အမြစ်အတွင်းသို့ ငါးမျိုးများလွှတ်ပြီး ငါးသယံဇာတ တိုးပွားစေရန် သင့်လျော်သော ဖမ်းဆီးမွေးမြူ ထုတ်လုပ်ခြင်းဖြင့် (သို့မဟုတ်) ဖမ်းဆီးမှုနှုန်း တိုးလာစေရန် သဘာဝမှထောက်ပံ့ပေးထားသော ငါးသယံဇာတများကို တိုးပွားစေရန်ရည်ရွယ်၍ သမိုင်းကြောင်းအရ သဘာဝတွင် တွေ့ရှိနိုင်သည့် သဘာဝငါးသယံဇာတအရင်းအမြစ်သို့ ငါးမျိုးများလွှတ်ပြီးထုတ်လုပ်ခြင်းဖြစ်ပါသည်။
ရေချိုငါးသယံဇာတ ရေရှည်တည်တံ့ရန်
ဆောင်ရွက်ချက်များ
ငါးလုပ်ငန်းဦးစီးဌာနသည် ရေချိုငါးသယံဇာတ ရေရှည်တည်တံ့ရေးအတွက် ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်း အနေဖြင့် မျိုးပွားရာသီတွင် မျိုးငါးမကြီးများနှင့် ပေါက်ဖွားလာသော ငါးရစ်ငါးသန်များကို မဖမ်းဆီး ရေး အသိပညာပေးခြင်းနှင့် တားမြစ်ခြင်း၊ တိုင်းရင်း
ငါးမျိုးထိန်းသိမ်းခြင်းနှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရေး အတွက် သုတေသနအင်းများသတ်မှတ်ဆောင်ရွက် ခြင်း၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးခြင်း အနေဖြင့် တရားမဝင်သော ငါးဖမ်းနည်းများ(ဘက် ထရီရှော့တိုက်ခြင်း၊ အဆိပ်ချခြင်း၊ မိုင်းခွဲငါးဖမ်းခြင်း) ဖြင့် ဖမ်းဆီးထုတ်လုပ်ခြင်းကို မပြုလုပ်ရန် အသိ ပညာပေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ဂရန်အင်းအတွင်း ငါးအထွက်တိုးစေရေးအတွက် Culture based capture system (မွေးမြူရေးကို အခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစနစ်)ဖြင့် မွေးမြူရေးငါးသား ပေါက်များ ထည့်သွင်းမွေးမြူခြင်း၊ ဆည်ကန် ရေ လှောင်တမံများအပါအဝင် ရေချိုငါးလုပ်ငန်း ရေပြင် များတွင် ငါးမျိုးစိုက်ထည့်ခြင်းအနေဖြင့် ဌာနပိုင် ငါးလုပ်ငန်းစခန်းများမှ အရည်အသွေးကောင်းမွန် သော ငါးမျိုးများဖောက်ပြီး ငါးသားဖောက်ထုတ်လုပ် ခြင်းနှင့် သဘာဝရေပြင်များသို့ ငါးသားပေါက်များမျိုးစိုက်ထည့်ပေးခြင်းတို့ကို တိုးချဲ့ဆောင်ရွက်လျက် ရှိပါသည်။
ငါးသယံဇာတများ တိုးပွားစေရန် ငါးမျိုးစိုက်ထည့် ပေးရာ၌ လိုက်နာရမည့်အခြေခံသဘောတရားများနှင့် ရရှိမည့်အကျိုးရလဒ်များ
သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ရာ၌ လိုက်နာဆောင်ရွက်ရမည့် အခြေခံသဘောတရား များမှာ ငါးမျိုးစိုက်ထည့်မည့် ငါးမျိုးစိတ်သည်ဒေသ ရင်း ငါးမျိုးဖြစ်ရပါမည်။ ဂေဟစနစ်ဆိုင်ရာနှင့် လူမှု စီးပွားရေးဆိုင်ရာ ငါးလုပ်ငန်းစီမံခန့်ခွဲမှု ပန်းတိုင် များရောက်ရှိရေးနှင့် ဇီဝလုံခြုံမှုဆိုင်ရာအချက်များ ဖြစ်သောသဘာဝငါးမျိုးများ၏ မျိုးဗီဇများကွဲပြား ကြွယ်ဝမှု၊ ရောဂါပိုးများ မပြန့်ပွားရေးတို့ကို ထည့်သွင်းစဉ်းစားရပါမည်။ ဒေသရင်းငါးမျိုးများ တည်ရှိမှုကို ထိခိုက်ပျက်စီးစေနိုင်သည့် ပြည်ပ အသားစား ငါးမျိုးများနှင့် စုပ်ခွက်ငါးကဲ့သို့ ပေါက်ပွားနှုန်းမြန်ပြီး အကျိုးမရှိသည့် ငါးမျိုးများ လွှတ်ခြင်းတို့အား ရှောင်ရှားရမည်ဖြစ်ပါသည်။ သဘာဝရေပြင်များသို့ ငါးသားပေါက်များလွှတ်ခြင်း ကြောင့် ရရှိနိုင်မည့်အကျိုးရလဒ်များမှာ ငါးမျိုး ပေါများလာသဖြင့် ငါးဖမ်းဆီးနိုင်သည့် အခွင့်အလမ်း များ တိုးတက်ကောင်းမွန်လာခြင်း၊ ဖမ်းဆီးမှုကြောင့် ဖြစ်စေ၊ သဘာဝဘေးကြောင့်ဖြစ်စေ ကုန်ဆုံးသွား သော ငါးသယံဇာတအရင်းအမြစ်များ ပြန်လည်ဖြစ် တည်လာခြင်း၊ အရေးတကြီး မျိုးသုဉ်းမည့်ဘေး အန္တရာယ်ရှိသော ငါးမျိုးစိတ်များကို ထိန်းသိမ်းစောင့် ရှောက်နိုင်ခြင်းနှင့် ပြန်လည်ဖြစ်တည်လာရန် သား ဖောက်ထည့်သွင်းပေးနိုင်ခြင်း၊ သဘာဝမြစ်ချောင်း အင်းအိုင်များ အပါအဝင် ဆည်တာတမံများအတွင်း သို့ ငါးမျိုးများစိုက်ထည့်ခြင်းအားဖြင့် ငါးရိက္ခာများပိုမိုထုတ်လုပ်နိုင်ခြင်းတို့ဖြစ်ပါသည်။
ငါးမွေးမြူခြင်းနည်းပညာများ ဖြန့်ဝေပေးခြင်း
ကျေးလက်နေပြည်သူများ၊ ငါးမွေးတောင်သူ များ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူ နည်းပညာများအား သိရှိနားလည်ရေး၊ လက်တွေ့ သားဖောက် မွေးမြူထုတ်လုပ်နိုင်ပြီး ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုံမှန်ဝင်ငွေရရှိရေးအတွက် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုး သားဖောက်ခြင်းဆိုင်ရာ စာတွေ့လက်တွေ့ သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် သင်တန်းကြိမ်ရေ ၅၆ ကြိမ် ဖွင့်လှစ်ရန် လျာထားခဲ့ရာ ၇၉ ကြိမ်၊ ဦးရေ ၁၇၅၃ ဦး အား ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါ သည်။ ၂၀၂၀- ၂၀၂၁ ခုနှစ် တွင် သင်တန်းကြိမ်ရေ ၁၄၂ ကြိမ် ဖွင့်လှစ်ရန်လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးအခြေအနေများကြောင့် သင်တန်း ၅၆ ကြိမ်၊ ဦးရေ ၁၁၅၁ ဦးအား ဖွင့်လှစ် ပို့ချနိုင်ခဲ့ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် မွေးမြူရေးရေ ထွက်ကုန်ပစ္စည်းများကို GAqP စနစ်နှင့်အညီ မွေးမြူထုတ်လုပ်ပါက နိုင်ငံတကာစျေးကွက်ရရှိခြင်း နှင့် ဘေးအန္တရာယ်ကင်းရှင်းသော ရေထွက်ကုန် ပစ္စည်းများ စားသုံးရခြင်း၏ ရရှိလာမည့်အကျိုး ကျေးဇူးများကို မွေးမြူရေးလုပ်ငန်းရှင်များ သိရှိ နားလည်ပြီး လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်စေရန် ရည်ရွယ်၍ GAqP သင်တန်း/ ဟောပြောပွဲများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပါ သည်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် သင်တန်းကြိမ်ရေ ၃၂ ကြိမ် ဖွင့်လှစ်ရန် လျာထားခဲ့ရာ ကြိမ်ရေ ၅၀၊ ဦးရေ ၁၈၁၂ ဦးအား ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါသည်။ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် သင်တန်းကြိမ်ရေ ၁၁၇ ကြိမ် ဖွင့်လှစ်ရန်လျာထားခဲ့ရာ သင်တန်းကြိမ်ရေ ၁၄၀၊ ဦးရေ ၂၂၆၉ ဦးအား ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါသည်။
ငါးမွေးမြူသူများနှင့် ငါးမွေးမြူရန် စိတ်ဝင်စား သူများအနေဖြင့် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုး သားဖောက် စာတွေ့လက်တွေ့သင်တန်းများ၊ GAqP သင်တန်းများ တက်ရောက်လိုပါကလည်း ကောင်း၊ မိမိတို့ဒေသများတွင် ဖွင့်လှစ်လိုပါက လည်းကောင်း ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)နှင့် နီးစပ်ရာတိုင်းဒေသကြီး/ ပြည်နယ်ငါးလုပ်ငန်း ဦးစီး ဌာနများတွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ ၏ လမ်းညွှန်ချက်များနှင့်အညီ ငါးရိက္ခာဖူလုံရေး၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်း သိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေးတို့အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်လည်း ဆက်လက်၍ နှစ်လက်မအရွယ် ငါးသားပေါက်များအား လျာထား ချက်ကျော်လွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။
- Log in to post comments