မောဟဖုံးလွှမ်းနေသော ဒီမိုကရေစီ

Type

သီတဂူဆရာတော်ကြီး  ရုရှားကို သွားတဲ့သတင်းဖတ်ရပါတယ်။ သွားတဲ့အကြောင်းရင်းက သာသနာပြုဖို့ကိစ္စလို့ သိရပါတယ်။ နိုင်ငံ တကာမှာ သာသနာပြုလုပ်ငန်း၊ သာသနာပြန့်ပွားရေးလုပ်ဖို့လို့ ဆိုပါ တယ်။ ဒါပေမဲ့ သီတဂူဆရာတော်ကြီးရဲ့     သာသနာရေးဆိုင်ရာ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုပြီး တစ်ဖက် သတ်ထင်မြင်ယူဆချက်တွေနဲ့  ဆရာတော်ကြီးနဲ့တကွ  ဘာသာ သာသနာကို ထိပါး၊ ပုတ်ခတ်၊ စော်ကားနေကြတာကိုတွေ့ရတော့ အလွန်ပဲအကုသိုလ်များလှပါတယ်။


ခေတ်သစ်အဇာတသတ်တွေ


ဘာကြောင့် မိမိတို့ကိုယ်တိုင်ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာရဲ့ ထေရ်ကြီးဝါကြီး ဆရာတော်၊ သံဃာတော်တွေကို အခုလို စော်ကားကြ၊ ပုတ်ခတ်ကြ၊ သာသနာညှိုးနွမ်းအောင် လုပ်နေကြတာလဲ။ ဗုဒ္ဓဘာသာ ဝင်တွေကိုယ်တိုင်က လုပ်နေကြတာဟာ ကိုယ့်ကိုယ်ကိုယ်ဖော် မသူ တော်လို့ ဆိုရမှာပါ။ ကိုယ့်ရဲ့ အသိတရားနဲ့ဆင်ခြင်မှု အတိမ်အနက်ကို ဖော်ပြနေသလိုပါပဲ။ အခုလိုလုပ်နေတဲ့သူတွေဟာ ကိုယ်ဘက်ကို ထောက်ခံသူ၊ ကိုယ့်ဘက်နဲ့ဆန့်ကျင်သူ၊ ဘယ်ဘက်မှမပါဘဲ ကြားနေ သူတွေရှိတဲ့အထဲမှာ ကိုယ့်ဘက်ကိုထောက်ခံသူကလွဲလို့ ကျန်တဲ့ သူမှန်သမျှကို ပုတ်ခတ်၊ စော်ကားနေတာ တွေ့ရပါတယ်။ နောက်ဆုံး ကိုယ်နဲ့ဘက်မတူရင် ကိုယ့်မိဘအရင်းကိုတောင် အသိတရားမဲ့စွာ ပြောဆိုပြုမူလုပ်ဆောင်ကြတဲ့ ခေတ်သစ်အဇာတသတ်တွေကို လူမှု ကွန်ရက်တွေမှာရော၊ လက်တွေ့မှာရော တွေ့ခဲ့ရ၊ မြင်ခဲ့ရပြီးပါပြီ။ Generation AZAR THA THAT လို့ ဆိုရမလားတောင် မသိပါဘူး။


အခုလည်း ကိုယ့်ထက် အကျင့်သီလအားဖြင့်ဖြစ်စေ၊ ပညာအားဖြင့် ဖြစ်စေ၊ အသက်အရွယ်အားဖြင့်ဖြစ်စေ အစစအရာရာ ကွာခြားလွန်း ပြီး ဗုဒ္ဓသာသနာတော်အတွက် ဦးဆောင်နေကြတဲ့ ဆရာတော်ကြီး တွေကိုပါ ပုတ်ခတ်ပြောဆိုလာကြတာဟာ အံ့ဩဖွယ်ကောင်းလှသလို အနာဂတ်သာသနာအတွက်ရော  နိုင်ငံအတွက်ပါ ရင်လေးစရာ ကောင်းလှပါတယ်။  


ဒီလိုပြောလို့ တစ်ယူသန်နိုင်ငံရေး၊   ခေတ်နောက်ပြန်ဆွဲသူ၊ နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်သူ၊ ဘာသာရေးကိုခုတုံးလုပ်သူ၊ အစွန်းရောက်ဘာသာရေးအယူအဆရှိသူ မဟုတ်ပါဘူး။ နိုင်ငံရေး အပြောင်းအလဲကို လိုလားပါတယ်။ ဒီမိုကရေစီစနစ်ကို လက်ခံပါ တယ်။ နိုင်ငံတိုးတက်တာ၊ ပြည်သူတွေ ကြီးပွားချမ်းသာတာ အပြည့် အဝလိုလားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲ တာကိုလိုချင်ပေမယ့်  နိုင်ငံရေးနဲ့မဆိုင်တဲ့ ဘာသာ၊ သာသနာကို စော်ကားတာ၊ ဖျက်ဆီးတာ၊ ညှိုးနွမ်းအောင်လုပ်တာကိုတော့ ခွဲခြား ကြည့်ရမှာပါ။ ကိုယ့်နိုင်ငံသားအများစု ယုံကြည်ကိုးကွယ်ရာဘာသာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ သူတစ်ပါးကိုဖြစ်စေ၊ သူတစ်ပါး ဘာသာကိုဖြစ်စေ စော်ကားခြင်း၊ ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း မဟုတ် တဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့်ရှိပါတယ်။ အခုလို ရေးရ တာကလည်း နိုင်ငံရေးမှန်းမသိ၊ ဘာသာရေးမှန်းမသိတဲ့ လူအန္ဓတွေရဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ အကြံအစည်တွေဟာ တစ်စထက်တစ်စ များပြားလာလို့ပဲ ဖြစ်ပါတယ်။
ဘာတွေ အကျိုးအမြတ်ရခဲ့ကြသလဲ
အရင်ကလည်း အမျိုးသမီးထဘီတွေ ကြိုးတန်းကြ၊ အမျိုးသမီး အောက်ခံတွေနဲ့ ဘုန်းတော်ကြီးပုံတွေ ချိတ်ဆွဲကြလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တာတွေ အခုအချိန်မှာ ပြန်စဉ်းစားကြည့်ကြပါ။ ဘာတွေ အကျိုးအမြတ်ရခဲ့ကြသလဲ။ လုပ်ရပ်တွေ မှန်ခဲ့သလား၊ မှားခဲ့သလား ဆိုတာ အခုအချိန်မှာ ပြန်ကြည့်ရင် မြင်နိုင်ပါပြီ။ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ သာသနာကို ဖျက်ဆီးခဲ့ကြပါတယ်။ သာသနာညှိုးနွမ်းအောင် လုပ်ခဲ့ ကြပါတယ်။ သာသနာညှိုးနွမ်းအောင် ရေးခဲ့ကြ၊ ပုံတွေဆွဲကြ၊ လှုံ့ဆော် ခဲ့ကြတာ အောင်မြင်ခဲ့သလား။ နိုင်ငံရေးအရမအောင်မြင်ခဲ့သလို အဲဒီလိုအသိတရားမဲ့တဲ့လုပ်ရပ်တွေကြောင့် ပစ္စုပ္ပန်ဘဝမှာရော သံသရာ မှာပါ သာသနာဖျက်ဆီးသူ၊ သာသနာကို ညှိုးနွမ်းအောင်လုပ်တဲ့သူ ဖြစ်နေမှာတော့ အမှန်ပါပဲ။
ဘာသာတစ်ခုကို ကိုးကွယ်ယုံကြည်တယ်ဆိုတာ မိရိုးဖလာကိုးကွယ်ယုံကြည်မှုအပြင် ကိုယ်ကိုယ်တိုင်က ဆင်ခြင်သိနဲ့ နားလည် ဖို့လိုပါတယ်။ ကိုးကွယ်မှုရဲ့နောက်မှာ နက်နဲတဲ့ယုံကြည်မှု ပါပါတယ်။ အားလုံးသိတဲ့ ကာလာမသုတ်မှာ မာ အနုဿဝေန - ပြောသံကြားရုံ နဲ့လည်း မယုံနဲ့။ မာ ပရမ္ပရာယ - ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့။ မာ တက္ကဟေတု - အဲသလိုဖြစ်ဖူးသတဲ့လို့လည်း  မယုံနဲ့။ မာ နယဟေတု - ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်ကလေးနဲ့ လည်း မယုံနဲ့။ မာ ဘဗ္ဗရူပတာယ - ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆို ရုံနဲ့လည်း မယုံနဲ့။ မာ ပိဋကသမ္ပဒါဒေန - ပိဋကတ်စာပေကျမ်းဂန် ထဲမှာပါတယ်ဆိုရုံနဲ့လည်း မယုံနဲ့။ မာ သာမဏော နောဂရူတိ - ကိုယ် ယုံကြည် ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့လို့ ဟောထား တာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်။ ကျင့်ကြံကြဖို့ပဲ လိုတာပါ။ 
ဒါပေမဲ့  လောဘ၊ ဒေါသ၊ မောဟတွေဖုံးလွှမ်း၊ ကိုယ်တိုင်အသိ ဉာဏ်ဆင်ခြင်တရားမဲ့စွာနဲ့ ပြောဆို၊ ပုတ်ခတ်နေကြတာဟာ ဒီနိုင်ငံ၊ ဒီပြည်သူ၊ ဒီသာသနာအတွက် အခုအတွက်လည်း မကောင်းနိုင်သလို ရေရှည်အတွက်လည်း မကောင်းနိုင်ပါဘူး။  


အသိဉာဏ်နဲ့ ဆင်ခြင်တုံတရား


နိုင်ငံရေးသတ္တဝါဖြစ်တဲ့လူတွေ နိုင်ငံရေးယုံကြည်ချက်အတွက် ဆန္ဒပြတယ်၊ အစိုးရကို ဆန့်ကျင်တယ်ဆိုတာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း မှာဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ဖြစ်လေ့ရှိကြပါတယ်။ အနီးစပ်ဆုံး ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ အစိုးရဆန့်ကျင် ရေးတွေကိုပဲ ကြည့်လိုက်ကြပါ။ ကိုယ့်ဆီမှာလို ကိုယ်တိုင်ကိုးကွယ် နေတဲ့သာသနာကို  ဖျက်ဆီးကြသလား၊ သာသနာညှိုးနွမ်းအောင် လုပ်ကြသလားဆိုတာ ကိုယ်ပိုင်အသိဉာဏ်နဲ့ မြင်အောင်ကြည့်စေချင် ပါတယ်။ ဒါဟာ ကိုယ်စီကိုယ်စီရဲ့ အသိဉာဏ်၊  ဆင်ခြင်တုံတရား ကွာခြားချက်ပါ။ ဒီလိုပြောလို့ သူတစ်ပါးနိုင်ငံ၊ သူတစ်ပါးလူမျိုးကို အထင်ကြီးပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို အထင်သေးတာ လုံးဝ မဟုတ်ပါဘူး။ တိုးတက်ဖို့ဆိုရင် ကောင်းတာကိုအတုယူတတ်ရမယ်။ မကောင်းတာကိုလည်း စွန့်လွှတ်ရဲ၊ ပစ်ပယ်ရဲဖို့ လိုပါတယ်။ လူနဲ့ တိရစ္ဆာန်ရဲ့ ကွာခြားချက်ထဲမှာ ရုပ်သွင်ပြင်လက္ခဏာတွင် မကပါဘူး၊ အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားပါ  ပါဝင်ပါတယ်။
ဒီတော့ ပြဿနာတစ်ရပ်ကို ဝေဖန်စဉ်းစားကြရာမှာ ဆိုင်ရာ ဆိုင်ရာကို ခွဲခြားရှုမြင်ကြဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးကို နိုင်ငံရေး လိုမစဉ်းစားတတ်ဘဲ ကိုယ့်ကိုးကွယ်ရာဘာသာရဲ့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကို စော်ကားကြ၊ ပုတ်ခတ်ကြတာဟာ နိုင်ငံတကာ မှာ ရှက်ဖွယ်လိလိ အပြောအဆိုနဲ့ လုပ်ရပ်တွေပါ။ ကိုယ်နဲ့ဘက်မတူသူ မှန်သမျှကို သတ်ဖြတ်၊ ပုတ်ခတ်၊ စော်ကားနေတာတွေဟာ ဒီမိုကရေစီ လိုလားသူတွေရဲ့ ဒီမိုကရေစီအနှစ်သာရတွေ၊ အလေ့အကျင့်တွေနဲ့ နည်းလမ်းတွေလားလို့ မေးခွန်းထုတ်ရမလိုပါပဲ။

ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို သိဖို့လို 


ဒီမိုကရေစီကိုလိုလားတဲ့သူဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို သိဖို့လိုပါလိမ့်မယ်။ ကြားဖူးနားဝဒီမိုကရေစီ၊ ဝေလေလေဒီမိုကရေစီ၊ သူများယောင်လို့ယောင်တဲ့ဒီမိုကရေစီ မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီ နဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားစစ်စစ်၊ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်းကိုးကွယ်ယုံကြည်သူ ဦးသန့်က ကျောင်းတွင်းဒီမိုကရေစီစာအုပ်မှာ အခုလိုရေးထားပါ တယ်။ (ဒီမိုကရေစီ) ဟူသော စကားလုံးသည် ရံဖန်ရံခါ အဓိပ္ပာယ်ကင်း မဲ့စွာ အသုံးပြုခြင်းကို ခံရတတ်လေသည်။ နိုင်ငံရေးနှင့်စပ်လျဉ်း၍ သဘောကျသော အကြောင်းအရာတစ်ရပ်ကို (ဒီမိုကရေစီ) ဖြစ်သည် ဟုချီးကျူးပြောဆိုလေ့ရှိကြ၍ သဘောမကျသော အကြောင်းအရာ တစ်ရပ်ကို (ဖက်ဆစ်) ဖြစ်သည်ဟု ကဲ့ရဲ့ရှုတ်ချလေ့ရှိကြ၏။ သို့ရာတွင် ထိုသို့ ပြောဆိုသုံးစွဲသူတို့သည် အများအားဖြင့် ဒီမိုကရေစီ၏ အဓိပ္ပာယ် ကိုသော်လည်းကောင်း၊ ဖက်ဆစ်၏ အဓိပ္ပာယ်ကိုသော်လည်းကောင်း မသိရှာကြလေ။ ဒီမိုကရေစီသည် ပါတီနိုင်ငံရေး မဟုတ်၊ အားလုံးနှင့် သက်ဆိုင်သော နိုင်ငံရေးပါတီဖြစ်၏။.....ဒီမိုကရေစီဝါဒ အောင်မြင် စေရန်အတွက် ပဌမအဆင့်မှာ တိုင်းသူပြည်သားများသည် အသိဉာဏ် ပညာတိုး၍ တိုး၍ ရင့်သန်လာရမည်..... လို့ ရေးထားပါတယ်။


နောက်ပြီး ဒီမိုကရေစီမှာ မတူကွဲပြားတာ၊ အယူအဆမတူတာနဲ့ ပတ်သက်လို့ ရေးထားပါသေးတယ်။ စိတ်ကူးအယူအဆချင်း မတူညီကြ သည်ကို တစ်သဘောတည်းဖြစ်အောင် ဒီမိုကရေစီက စုစည်း၍မပေး၊ စိတ်ကူးအမျိုးမျိုး အယူအဆအမျိုးမျိုးမှ တိုင်းပြည်အတွက် အဖိုးတန် ဆုံးသော အကြံဉာဏ်များ ပေါ်ပေါက်လာလိမ့်မည်ဟု ဒီမိုကရေစီသည် အားကိုးယုံကြည်၏လို့ ဆိုထားပြန်ပါတယ်။ ဒီသဘောတွေကို ဒီကနေ့ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေရဲ့ ဒီမိုကရေစီ အယူအဆ၊ အလေ့ အကျင့်တွေနဲ့ ချိန်ထိုးကြည့်ရင် ပိုပြီးသိသာမြင်သာပါလိမ့်မယ်။ ပြီးရင် ဒီမိုကရေစီ ကြွေးကြော်ပြီး ဒီမိုကရေစီတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ သူတွေရဲ့ အယူအဆ၊ အပြောအဆို၊ လုပ်ရပ်တွေနဲ့ ပြန်လည်ချိန်ထိုး ကြည့်ရင် ကိုယ့်ရဲ့အပြောအဆို၊ လုပ်ရပ်တွေဟာ ဒီမိုကရေစီနဲ့ကိုက် ညီလား၊ ဆန့်ကျင်လား တွေ့ရပါလိမ့်မယ်။


 ပြဒါးတစ်လမ်း သံတစ်လမ်း


ဆိုတော့ ဒီလိုလုပ်ရပ်တွေ၊ အပြုအမူတွေ၊ နည်းလမ်းတွေနဲ့ ဒီမို ကရေစီစနစ်ရောက်ဖို့ဆိုတာ လိုက်လေဝေးလေ ဖြစ်နေပါလိမ့်ဦးမယ်။ ကိုယ့်ကိုယ်ကိုလည်း မသိ၊ သူတစ်ပါးကိုယ်လည်းမသိနဲ့ ဒီမိုကရေစီသိဖို့ ဆိုတာ ပိုဝေးပါတယ်။ ဒီမိုကရေစီအောင်မြင်ဖို့ ပဌမအဆင့် တိုင်းသူ ပြည်သားတွေရဲ့ အသိဉာဏ်ပညာတိုး၍ ရင့်သန်လာရမည်ဆိုတဲ့ ဦးသန့်စကားနဲ့ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်းအခြေအနေမှာ ရှိနေတုန်းပါ။ ကိုယ့်ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ အယူအဆ၊ နည်းလမ်း စတဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်းနားလည်မှ လုပ်သင့်တာ၊ မလုပ်သင့်တာ ခွဲခြားနိုင်မှာပါ။ လုပ်ရမယ့်ဟာနဲ့ မလုပ်ရမယ့်ဟာ အနှစ်နဲ့အကာ ခွဲခြားလုပ်ဆောင်မှ ကောင်းတဲ့အကျိုးဆက်ကို ရနိုင် ပါလိမ့်မယ်။


အနှစ်နဲ့အကာကို ခွဲခြားသိမြင်ဖို့ ဓမ္မပဒ- ယမကဝဂ်၊ အရှင်သာ ရိပုတ္တရာဝတ္ထုမှာ သာရဉ္စ သာရတာ ဉတွာ၊ အသာရဉ္စ အသာရတာ။ တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ  အနှစ်မရှိတရားကို “အနှစ်ရှိ၏”ဟု မှတ်ထင်သူများသည် အနှစ်ရှိတရား၌ “အနှစ်မရှိ”ဟု မြင်ပြီး မကောင်းသောအကြံများ ကျက်စားလျက် သီလစသော အနှစ်အရသာမှ ကင်းကွာကြကုန်၏။ အနှစ်ရှိတရားကို “အနှစ်ရှိ၏”ဟု ထင်မြင်သူများသည် အနှစ်မရှိသောတရား၌ “အနှစ်မရှိ” ဟုမြင်ပြီး ကောင်းသောအကြံများ ကျက်စားလျက် သီလစသောအနှစ်အရသာကို ခံစားနိုင်ကြကုန်၏ လို့ ဆိုပါတယ်။


မှန်ကန်တဲ့လုပ်ရပ်ဖြစ်လာနိုင်


ဗုဒ္ဓဘာသာ  ကိုးကွယ်သူများဖြစ်ရင်လည်း   ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊ အကျင့်သီလ၊ ရည်ရွယ်ရာပန်းတိုင်ကို   သိရှိလိုက်နာကျင့်ကြံနိုင်သူဖြစ်ဖို့လိုသလို ဒီမိုကရေစီလိုလားရင်လည်း ဒီမိုကရေစီ အနှစ်သာရနဲ့ အလေ့အကျင့်တွေကို သိရှိလိုက်နာနိုင်သူဖြစ်မှ အနှစ် ကိုသိသူ ဖြစ်ပါလိမ့်မယ်။ အနှစ်တရားတွေကို ကိုယ်တိုင်မသိသရွေ့ တော့ အငှားဦးနှောက်တွေနဲ့ မကောင်းတဲ့အကြံအစည်၊ အပြောအဆို၊ အပြုအမူ၊ နည်းလမ်းတွေနဲ့ပဲ ဘဝတွေနစ်မွန်းသွားကြမှာ နစ်နာလှပါ တယ်။ ဒီတော့ ကိုယ့်အသိတရား၊ ဆင်ခြင်ဉာဏ်နဲ့ ဝေဖန်စဉ်းစား လုပ်ကိုင်မှ မှန်ကန်တဲ့လုပ်ရပ်ဖြစ်လာနိုင်မှာပါ။


ကိုယ်လုပ်နေတဲ့အလုပ်ကို ကုသိုလ်မှန်း၊ အကုသိုလ်မှန်း မသိ ခြင်းဟာ မောဟဖြစ်ပါတယ်။ အကုသိုလ်စေတသိက် (၁၄) ပါးမှာ လောဘ၊ ဒေါသ၊ မောဟစေတသိက်ဟာ အလုံးစုံသော အကုသလ ပါပဓမ္မတို့ရဲ့ အရင်းအမြစ်အခြေခံဖြစ်သော အကုသလမူလတရား ဖြစ်ကြောင်း လယ်တီဒီပနီပေါင်းချုပ် ပထမတွဲမှာ ဖော်ပြထားပါတယ်။ အကုသိုလ်တရား မောဟစေတသိက်ကြောင့် ဆင်ခြင်တုံတရား၊ အသိဉာဏ်ကင်းမဲ့လာတာဟာ တိရစ္ဆာန်လိုပါပဲလို့ ဆိုပါတယ်။
ဒီတော့ ဒီမိုကရေစီကြွေးကြော်ပြီး ဒီမိုကရေစီကျင့်စဉ်နဲ့ဆန့်ကျင်တာ၊ ဗုဒ္ဓဘာသာကိုးကွယ်ပြီး ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေနဲ့ ဆန့်ကျင်ပြီး    ပြောဆိုပြုမူလုပ်ဆောင်နေကြတာဟာ  လောကီ၊ လောကုတ္တရာ  ချမ်းသာသုခနဲ့ ဆန့်ကျင်ဘက်အကျိုးဆက်တွေပဲ ရပါလိမ့်မယ်။      ။

မျိုးငြိမ်းငယ်