မြောက်ဖျားစွန်းအရပ်၏ အိပ်မက်များကိုနိုးထစေသော ဖွံ့ဖြိုးရေးတံတိုင်းများ (၁)

Type
1

 

ဝ ထ က လ သ (နတလ)

 

မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်းအရပ်၌ အရှေ့တောင် အာရှ၏ အမြင့်မားဆုံးတောင်ဖြစ်သော “ခါကာ ဘိုရာဇီတောင်” တည်ရှိ၏။ အမြင့် ၅၈၈၁ မီတာ  (၁၉၂၉၆ ပေ) မြင့်မားပါသည်။

 


ထူထပ်သောမိုးသစ်တောများ၊ မတ်စောက်သော တောင်တန်းများ၊  နက်ရှိုင်းသည့်  တောင်ကြား ချိုင့်ဝှမ်းများ လွှမ်းခြုံလျက်ရှိကြပြီး မိုးထိလုမတတ် မြင့်မားနေသော တောင်ချွန်းများ၌ ဆီးနှင်းတို့ဖြင့် အစဉ်ဖုံးလွှမ်းနေသော အရပ်လည်းဖြစ်ပေသည်။ တစ်ဖန်မြန်မာနိုင်ငံ၏     တစ်နေရာတည်းသော ရေခဲတောင်ဒေသလည်း ဖြစ်ပါသည်။

 


မြန်မာနိုင်ငံ၏ ငယ်ထိပ်ကျေးရွာ


ထိုဒေသသည်   မြန်မာနိုင်ငံ    မြောက်ဘက်  အစွန်ဆုံးဖြစ်သော နောင်မွန် (Nogmung) မြို့နယ် အတွင်းရှိနေပြီး မြို့နယ်၏မြောက်ဘက်အဆုံးတွင် ဒဟွန်ဒမ်း (Ta hawn dam) ကျေးရွာတည်ရှိပါသည်။ ထိုကျေးရွာကို “Beyond  the  last  village” မြန်မာနိုင်ငံ၏   ငယ်ထိပ်ကျေးရွာ   (သို့မဟုတ်) နောက်ဆုံးကျေးရွာဟု အမှတ်သညာပြုကြလေသည်။ ဒဟွန်ဒမ်းကျေးရွာကား  ရေခဲတောင်များ၏ အခြေ တွင်   တည်ရှိနေပြီး   ခါကာဘိုရာဇီတောင်တက် မည်ဆိုပါက    မဖြစ်မနေ   ညအိပ်အခြေပြုရမည့် ရွာလေးပင် ဖြစ်ပေသည်။
ဤ  ဒဟွန်ဒမ်းမှ အရှေ့ဘက်သို့ သုံးရက်ခန့် လမ်းလျှောက်ခရီးအကွာတွင်     တရုတ်- မြန်မာ နယ်စပ် နယ်ခြားမှတ်တိုင် ၄၃၊ ၄၄၊ ၄၅ တို့ တည်ရှိ ၏။

 


ယင်းဒဟွန်ဒမ်းမှ တောင်ဘက်သို့ ၁၁  မိုင်ခန့် ဆင်းလျှင် ထလာထု(Hta lar htu)  ကျေးရွာ၊  ထို ထလာထုမှ တဆူထု- ဒဇွန်ဒမ်း (Ta shu htu- Ta zung dam ) လမ်းဆုံအထိ ၁၀ မိုင် ကွာဝေးပါသည်။ ဆန်ခူးချောင်းဆုံနှင့် တဆူ ချောင်းဆုံနားက လွင်ပြင် ရှိ တဆူထုရွာအဝင်တွင်    အလယ်တန်းကျောင်း တစ်ကျောင်းရှိရာ ထိုကျောင်းမှာ မြန်မာ့မြောက် ဖျားဆုံး အလယ်တန်းကျောင်းဟု ဆိုရပါမည်။ “ထု” ဆိုသည်မှာ ရဝမ် ဘာသာဖြင့် “ချောင်းဆုံ”ဖြစ်ပါသည်။ တဆူထုမှ ဒဇွန်ဒမ်းသို့   ၁၁  မိုင်ခန့် သွားရသေး၏။
ဒဇွန်ဒမ်းရွာသည် လမ်းဆုံဖြစ်ပါသည်။

 


ယင်းလမ်းဆုံမှ အနောက်ဘက်သို့လမ်းခွဲလျှင် ထအွန်းဒမ်း(Ta awn dam)၊    ဆန်ဒမ်း(ဂူးဘား)Sandam(Guubar)-မဒိမ်ကျေးရွာ(Madin)ရောက် သည်အထိ ၁၀ မိုင်ခွဲခန့် ကွာဝေး၏။ 
ယင်း မဒိမ်(Madin)မှ နှစ်ညအိပ်ခရီးအကွာတွင် အိန္ဒိယနယ်စပ်၊ အိန္ဒိယ - မြန်မာနယ်ခြား မှတ်တိုင် ၄၆ နှင့် ၄၇ တို့ ရှိပါသည်။ 
ယင်းလမ်းဆုံမှ တောင်ဘက်ဆက်ဆင်းလျှင်   ၁၂  မိုင်ခန့်အကွာရှိ    ဂဝိုင်ကျေးရွာ(Ga wai)သို့  ရောက်၏။
ဂဝိုင်မှဆက်ပြီး ငါ့ဝါရွာ(Nga wah)အထိ ၁၅ မိုင် လမ်းလျှောက်ရပြန်၏။ 
ပန်နန်းဒင်(Pang nam dim) သို့နီးလေပြီ။
ပန်နန်းဒင်မြို့နှင့် ထို ငါ့ဝါကျေးရွာသည်  ၁၅ မိုင် ကွာဝေး၏။
ဆိုရသော် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံး ဖြစ်သော ပန်နန်းဒင်မြို့မှ  ငါ့ဝါ-ဂဝိုင်၊   ဒဇွန်ဒမ်း ကိုဖြတ်လျက်   မြန်မာနိုင်ငံ၏  ထိပ်ဆုံးကျေးရွာ ဒဟွန်ဒမ်းအထိ ၆၃ မိုင်ခရီး  ကွာဝေးပါသည်။
ဤခရီးသည် ယခင်က ၁၄ ရက်ကြာခြေကျင် ခရီးကြမ်းဖြစ်ပါ၏။ 
ယခုအခါတွင်မူ ပန်နန်းဒင် - ဒဟွန်ဒမ်း လမ်း ထက်ဝက်ရှိ   ငါ့ဝါကျေးရွာအထိ   ဆိုင်ကယ်လမ်း ပေါက်ခဲ့ပေပြီ။

 


ငါးရက်ခရီးဖြင့် ရောက်နိုင်ခဲ့


နိုင်ငံတော်မှဖောက်လုပ်ပေးနိုင်ခဲ့သော ဖွံ့ဖြိုး ရေးလမ်းကြောင့် ပန်နန်းဒင်မှ  ငါ့ဝါ၊  ယင်း “ငါ့ဝါ ကျေးရွာမှ မေခမြစ်ကမ်းဘေးရှိ     ရဝမ်တိုင်းရင်း သားကျေးရွာငယ်လေးများအား     ဖြတ်သန်းလျက်  မြန်မာနိုင်ငံ၏ထိပ်ဆုံးရွာသို့    ငါးရက်ခရီးဖြင့် ရောက်နိုင်ခဲ့ပေပြီ။
နယ်စပ်ရေးရာဝန်ကြီးဌာနသည်     ၂၀၁၈-၂၀၁၉    ဘဏ္ဍာနှစ်မှစတင်၍     ပန်နန်းဒင်မှ  ဒဟွန်ဒမ်းအထိ ၂၃ ပေအကျယ်    လမ်းဖောက် လုပ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ နောင်တွင် ဤ ၆၃ မိုင် ခရီးကြမ်းအား   နေ့ချင်းပေါက် ရောက်နိုင် ပေတော့မည်။ 
ဖွံ့ဖြိုးရေးရထားကြီး၏   အင်အားအပြည့်ဖြင့် ခုတ်မောင်းသံများသည် ဒေသခံတို့ကို အိပ်မက်ဘူတာ မှ လှုပ်ခတ် နိုးထစေခဲ့ပြီ။
တိုင်းရင်းသားအားလုံး၏      ဇာတိမြေဖြစ်ပြီး  ချစ်မြတ်နိုးတန်ဖိုးထား   ရပ်တည်နေထိုင်လျက်                    ရှိသော  မြန်မာနိုင်ငံ၏    နယ်နိမိတ်ဧရိယာသည် ၂၆၁၂၂၈ စတုရန်းမိုင်ရှိပါသည်။   အိန္ဒိယနိုင်ငံနှင့်                  မိုင် ၁၁၀၀၊   ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်   ၁၆၉ မိုင်၊ တရုတ်နိုင်ငံနှင့်   ၁၃၈၄ မိုင် ၊     လာအိုနိုင်ငံနှင့်                    ၁၄၉  မိုင် ၊ ထိုင်းနိုင်ငံနှင့်  ၁၃၁၈ မိုင်  စုစုပေါင်း ၄၁၂၀ မိုင်ခန့်  နယ်နိမိတ်ချင်းထိစပ်နေပေ၏။ 

 


ယဉ်ကျေးမှု ဓလေ့စရိုက်များဆက်နွှယ်


ထိစပ်နယ်နိမိတ်များအား သဘာဝတောင်တန်း ကြီးများ၊ တောင်ကုန်းများနှင့် မြစ်၊ ချောင်းများဖြင့် ပိုင်းခြားထားပါသည်။ တစ်နည်းအားဖြင့် ပိုင်နက်မြေ၊ ပိုင်နက်ရေချင်း ထိစပ်နေကြ၏။ နယ်မြေချင်းထိစပ် နေသဖြင့် အယူအဆ၊ ယဉ်ကျေးမှု ဓလေ့စရိုက်များ ဆက်နွှယ်မှုရှိကြ၏၊ နယ်ခြားမှတ်တိုင်များ စိုက်ထူ ထားပြီး နယ်စပ်ပြဿနာများ ကြီးကြီးမားမား မဖြစ် ပေါ်ခဲ့သော်လည်း     နိုင်ငံတော်၏ လုံခြုံရေးအတွက် နိုင်ငံသားတိုင်းလည်း          အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိဖြင့်   အစဉ်နိုးကြားနေကြရန် လိုအပ်လှပါသည်။
ထို့ကြောင့်   မြန်မာနိုင်ငံတော်၏  ဘေးကင်း လုံခြုံရေးအတွက် တံတိုင်းကြီး  လေးခုဖြင့်  တံတိုင်း အဆင့်ဆင့်  ကာကွယ်ထားနိုင်မှသာ  လုံခြုံနိုင်မည် ဖြစ်ပါသည်-
တံတိုင်းကြီး  လေးခုမှာ-
    (က)  ကာကွယ်ရေးတံတိုင်း
    (ခ )   နယ်စပ်ဒေသဖွံ့ဖြိုးရေးတံတိုင်း
    (ဂ )      တရားဥပဒေစိုးမိုးရေးတံတိုင်း
    (ဃ)    ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံရေး             ယုံကြည်ချက်၊ ခံယူချက်တူညီခိုင်မာ             စေသည့်    “ယဉ်ကျေးမှုတံတိုင်း” တို့ပင် 
ဖြစ်ပါသည်။

 


နှစ်ပေါင်း ၃၂ နှစ် ကျော်ခဲ့လေပြီ

နယ်စပ်ရေးရာဝန်ကြီးဌာနသည် “နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတံတိုင်းကြီး” ခိုင်ခံ့မြဲမြံမှုရှိအောင် နယ်စပ် ဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို     ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သည်မှာ    ၁၉၈၉ ခုနှစ်မှ    စတင် ရေတွက်လျှင်  နှစ်ပေါင်း  ၃၂ နှစ် ကျော်ခဲ့လေပြီ။

 


နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် “နယ်စပ်ဒေသနှင့်   တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးဗဟိုကော်မတီနှင့်   လုပ်ငန်းကော်မတီများ”  ဖွဲ့စည်းခဲ့ပြီးနောက်    ယခင်ဖွဲ့စည်းခဲ့သော နယ်စပ် ဒေသနှင့်  တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးနှင့်    စည်ပင်သာယာရေးဝန်ကြီးဌာန    အစား“နယ်စပ်ရေးရာဝန်ကြီးဌာန”ဟု      ပြင်ဆင် ဖွဲ့စည်း၍  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်၏ တံတိုင်းတစ်ခုသဖွယ်      ဖြစ်စေရေး အားသွန်ခွန်စိုက်           အကောင်အထည်ဖော်      ဆောင်ရွက်ပေးလျက်ရှိပေ သည်။ 
ပြည်ထောင်စုတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်နယ်များ၏  တိုးတက်မှုကို  အခြေခံပါသည်။ ထို့ကြောင့် ပြည်မနှင့် ပြည်နယ်များ၏ဖွံ့ဖြိုးမှုများ သည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသကဲ့သို့ မြဲမြဲ ခိုင်ခိုင် ချိတ်ဆက်နေကြရန် အထူးလိုအပ်လှပါသည်။

 


မြင့်မားဝေသီလှသော တောင်တန်း တောင်ထွတ် များ၊ မတ်စောက်နက်ရှိုင်းသော လျှိုမြောင်ကြီးငယ် များ၊ ညှို့မှိုင်းထူထပ်နေသော သစ်တောကြီးငယ်များ၊အေးမြကြည်လင်၍   တသွင်သွင်စီးဆင်းနေသော မြစ်ချောင်းစိမ့်စမ်းများနှင့် ရေတံခွန်အသွယ်သွယ်၊ ကျယ်ပြန့်သော အင်းအိုင်ကြီးများ စသည့် သဘာဝ ရှုခင်းအစုံစုံတို့ဖြင့် သာယာရှုမောဖွယ်ကောင်းသော ကချင်ပြည်နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ရှိပါသည်။ 

 


 တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်

အကျယ်အဝန်းမှာ ၃၄၃၈၁ ဒသမ ၇၄၀ စတုရန်း မိုင်ကျယ်ဝန်း၍    ပြည်နယ်အတွင်း   မြစ်ကြီးနား ခရိုင်၊ ဗန်းမော်ခရိုင်၊ ပူတာအိုခရိုင်၊ မိုးညှင်းခရိုင် ဟူ၍ ခရိုင်လေးခရိုင်၊   မြို့နယ် ၁၈ မြို့နယ်၊ ကျေးရွာအုပ်စု ၅၉၄ အုပ်စု၊ ကျေးရွာ ၂၅၅၃ ရွာရှိပြီး တိုင်းရင်း သားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိပါသည်။

 


ကချင်ပြည်နယ်တစ်ခုလုံး၏ မြေမျက်နှာပြင်မှာ ချင်းတွင်းမြစ်ဖျားခံရာ ဟူးကောင်းမြေပြန့်၊ မလိခ မြစ်ဖျားခံရာ ပူတာအိုမြေပြန့်တို့မှတစ်ပါး ကျန်ဒေသ တို့သည် တောင်များထူထပ်လှပေသည်။ အထူးသဖြင့် မေခနှင့် မလိခမြစ်နှစ်သွယ်စပ်ကြားရှိ တြိဂံနယ်ဒေသ သည်     မြင့်မားလှသော   တောင်တန်းကြီးများ ဖြစ်တည်နေပြီး  လူသူအရောက်အပေါက်နည်းပါး သောဒေသဖြစ်ပါသည်။
ထိုဒေသများတွင် သယံဇာတပစ္စည်းအခြေအနေ များကို သေချာစွာစူးစမ်းရှာဖွေခြင်း မပြုနိုင်သေးပေ။ အေးမြငြိမ်သက်လျက်လှပပြီး ပြုပြင်မှုမခံရသေး သည့် ရှုခင်း(Virginland)များကလည်း   နေရာ အပြည့်ရှိနေပြန်၏။

 


ဤဒေသသည် သွေးရင်းသားရင်းများ နေထိုင် ကြသည့် ပြည်ထောင်စု၏ နယ်တစ်နယ်ဖြစ်ပါလျက် အကြောင်းကြောင်းကြောင့် ပြည်မကြီးနှင့် အဆက် အသွယ်ပြတ်၍ နေရချေသည်။ တစ်ချိန်က ခရီးလမ်း ကွာလှမ်း၍ လမ်းခရီးခက်ခဲလှသည်တွင် နယ်ချဲ့တို့က ပြည်မနှင့် ပြည်နယ်များကို အဆက်ပြတ်စေရန် ထပ်မံဖန်တီးထားခဲ့ကြပေသည်။ တောင်ပေါ်မှလည်း မြေပြန့်သို့ဆင်းလာခဲလှ၏။ မြေပြန့်ဒေသမှလည်း တောင်တန်းဒေသ တောခေါင်ခေါင်သို့ တက်ခဲလှ၏။ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ပြတ်တောက်၍ တစ်ခါတစ်ရံ တစ်ယောက်အကြောင်းတစ်ယောက် နားလည်မှုလွဲမှားလျက်  ထင်ယောင်ထင်မှားကိစ္စ များပေါ်သည့်အခါ ပေါ်ခဲ့ကြပေသည်။

 


အကြောင်းကြောင်းသော အခြေအနေတို့ကြောင့် ပြောစရာများလည်း ဖြစ်ခဲ့ပေသည်။ 
အင်္ဂလိပ်ခေတ်က ဤသို့သော တောင်တန်းဒေသ မျိုးအတွက်   နယ်ခြားအရေးပိုင်   (သို့မဟုတ်)    နယ်ခြား ဝန်ထောက်(နယ်စောင့်ဝန်ထောက်)အဖြစ် မျက်နှာဖြူများကိုသာ  ခန့်ထားလေ့ရှိခဲ့ကြသည်။ တောင်ပေါ်နေလူမျိုးစုအား ခိုင်းကောင်းရုံ၊ အသုံးချရုံ အဖြစ် ထိုပုဂ္ဂိုလ်များကပင် ပညာများသင်ပေးကာ လိုသလို ပုံသွင်းခဲ့ကြလေသည်။
ဘာသာရေးဖြင့်တစ်မျိုး၊   တောင်တန်းဒေသ အုပ်ချုပ်ရေးဖြင့်တစ်ဖုံ နိုင်ငံခြားသားတို့ အမျိုးမျိုး ဝင်ရောက်ခြယ်လှယ် ပုံသွင်းကြရာမှ ကြွင်းကျန်ရစ် သည့် ပြဿနာများကား  မသေးလှ။
ဘာသာရေး၊ သာသနာရေး၊ ပညာရေး၊ အုပ်ချုပ် ရေး၊  ယဉ်ကျေးမှု၊  အမျိုးသားရေး  စသည်တို့ကို ဇွဲကောင်းကောင်းဖြင့် ကြိုးစားပြုပြင်ပေးရပေလိမ့် မည်။

 


နောက်ကျနေပြီဟုကား မဆိုနိုင်ပေ။
စီးပွားရေးအခြေအနေများဖွံ့ဖြိုး
ယခုအခါ နိုင်ငံတော်သည် နယ်စပ်ဒေသအသီးသီး တွင်    ကွန်ရက်သဖွယ် လမ်း/တံတားလုပ်ငန်းများ 
ဆောင်ရွက်ပေးခဲ့သဖြင့် နယ်စပ်ဒေသများ၏ လူမှု စီးပွားရေးအခြေအနေများ    လျင်မြန်စွာ   ဖွံ့ဖြိုး တိုးတက်လာခဲ့ပေပြီ။
နယ်စပ်ဒေသမှ    ထွက်ကုန်များဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေ၏။
ဒေသတစ်ခုနှင့်တစ်ခု အပြန်အလှန်ကုန်သွယ်မှု ဖြစ်ပေါ်စေ၏။
ဒေသတွင်း  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာ၏။
တိုးပွားလာသော    လူဦးရေအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်းများလည်း ကျယ်ပြန့်လာ၏။
ပြည်မဒေသများနှင့်  ဆက်ဆံမှုများပြားလာ သည့်အလျောက် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု     ကဏ္ဍများ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့မှုရှိလာ၏။
ဒေသတွင်း ကုန်ဈေးနှုန်းများ ကျဆင်းတည်ငြိမ် လာ၏။

 


ဒေသထုတ်ကုန် မရှိသေးသောဒေသများအဖို့ နယ်စပ်ဒေသကုန်သွယ်ရေးကို အမှီပြုသော စီးပွား ရေးလုပ်ငန်းများ ဖြစ်ပေါ်လာ၏။
အိမ်နီးချင်းနယ်နိမိတ်များနှင့် ထိစပ်နေသော နယ်စပ်မျဉ်းတစ်လျှောက် နေထိုင်သော  တိုင်းရင်း သားတို့ထံ ပြည်မနှင့်ဆက်သွယ်သည့်လမ်းမကြီး များ ပေါ်ပေါက်လာခြင်းကြောင့်  မိမိနိုင်ငံချစ်စိတ် ပိုမိုတိုးတက်ဖြစ်ပေါ်လာစေ၏။

 


ဤဒေသအတွင်း အထင်ရှားဆုံးဖြစ်လာသည့် ဖွံ့ဖြိုးရေးအသီးအပွင့်၏ပြယုဂ်မှာ မဂွေဇ- ခေါင်လန် ဖူးလမ်းပင်ဖြစ်ပါသည်။ 
“နယ်စပ်ရေးရာဝန်ကြီးဌာန”သည် ဒေသခံများ ၏  စိတ်ဝိညာဉ်အတွေးထဲမှ   “အိပ်မက်လမ်း”ဟု တင်စားခေါ်ဝေါ်ကြသည့် မဂွေဇ- ခေါင်လန်ဖူးလမ်း ၆၅ မိုင် ၄ ဖာလုံ ဖောက်လုပ်ရေးလုပ်ငန်းကို  ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်  စတင်ခဲ့ပါသည်။ တည်ဆောက်ရေးကာလ လေးနှစ်  ရှစ်လကျော် အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ခေါင်လန်ဖူးမြို့သို့            အောင်မြင်ချောမောစွာ လမ်းဖောက်လုပ်နိုင်ခဲ့ပါသည်။
အောင်မြင်မှုတိုင်းတွင်  ကြုံတွေ့ရလေ့ရှိသည့် ခက်ခဲမှု၊ ပင်ပန်းမှု၊ စိန်ခေါ်မှု၊ မမျှော်မှန်းနိုင်သော အဖြစ်အပျက်များ  ရှိခဲ့သော်လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာရုံးမှ တပ်မတော်သားများနှင့်     ဒေသခံပြည်သူတို့၏ ညီညွတ်သော စုပေါင်းတွန်းအားကြောင့် ဒေသခံတို့၏ အိပ်မက်များကို  လက်တွေ့အကောင်အထည်ဖော် နိုင်ခဲ့ပါပြီ။

 


ထိုသို့ဆောင်ရွက်ရာတွင်     မျက်ကန်းလမ်း လျှောက်သလို ဆင်ကန်းတောတိုး၊ စမ်းတဝါးဝါးနှင့် ငါးပွက်ရာ ငါးစာချသလို သင့်လျော်သလို ဆောင်ရွက် ခဲ့ ကြခြင်းမဟုတ်ခဲ့။   နိုင်ငံတော်အကြီးအကဲများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို    ဦးတည်ချက်၊   ခံယူချက်၊ ယုံကြည်ချက်များအပြည့်ဖြင့်   အစီအစဉ်ကျနစွာ  ဟန်ချက်ညီ   အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်ပါသည်။

 


လမ်းလုပ်ငန်းကို          အပိုင်းလေးပိုင်းခွဲ၍ နှစ်အလိုက် လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်၏။ 
ပထမအပိုင်းမှာ မဂွေဇ(Magweza)မှ ငါ့လုံဒမ်း (Ngalondam) အထိ ၂၅/၄ မိုင် လမ်းအပိုင်းဖြစ်၏။ ကြမ်းတမ်းသောလမ်းအပိုင်းလည်း   ဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ နှင့် အထက်  တောင်တန်းဒေသလည်းဖြစ်ပါသည်။ သင်ပုန်းကျောက်တောင်များ၊ ချောင်းငယ်များနှင့် ရေတံခွန်များ အလွန်ပေါများသောအပိုင်း ဖြစ်သဖြင့် မြေပြန့်ဒေသများတွင် လုပ်ငန်းဆောင်ရွက်ရသလို ပြေပြစ်လှသည်တော့ မဟုတ်ခဲ့။
တောင်ကြီးဖဝါးအောက်
ဒုတိယအပိုင်းမှာ ငါ့လုံဒမ်းမှ လုံးတုံဘိုတဲ (Lone-  tongbotae)အထိ လမ်းပိုင်းဖြစ်ပြီး ၂၅/၄ မိုင် မှ ၃၅/၄ မိုင်အထိ ၁၀ မိုင်အရှည်ရှိ၏။ ယင်းလမ်းအပိုင်းမှာ လည်း  ပင်လယ်ရေမျက်နှာပြင်အထက်    ပေ  ၅၀၀၀ မှ  ပေ ၈၀၀၀  ကျော်မြင့်မားသော    အပိုင်းတွင် တည်ဆောက်ရခြင်းဖြစ်ပါသည်။     “ပြန်လမ်းမရှိ သောတောင်” ဟုအဓိပ္ပာယ်ရသည့် ဆန်းလွတ်ချက် (Sanloat- chatt)အမည်ရှိသော စကျင်ကျောက် တောင်သည် လေးမိုင်ခန့်အရှည်ရှိပြီး အခက်ခဲဆုံး ဖောက်လုပ်ခဲ့ရသည့် လမ်းအပိုင်းပင် ဖြစ်ပါသည်။ သို့သော် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နေ့တွင်   ထိုတောင်ထိပ်ကို အောင်မြင်စွာဖြတ်သန်း ဖောက် လုပ်နိုင်ခဲ့ပါသည်။     တောင်ကြီးဖဝါးအောက်   ရောက်ခဲ့ပြီပေါ့။

 


တတိယပိုင်းဖြစ်သော လုံးတုံဘိုတဲမှ ဆီဆုံ (Sesone)အထိ လမ်းအပိုင်းသည် ၃၅/၄ မိုင်မှ ၄၆/၀ မိုင် အထိ ၁၀/၄ မိုင်ကွာဝေးပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ   ၅၀၀၀  အမြင့်တွင်ရှိပြီး  ကျောက်ငုတ်၊ ကျောက်တောင်များ အလွန်ပေါများလှ ပါသည်။ တောင်နံရံများကိုဖြိုရ၏။ ကျောက်တောင်၊ ကျောက်စွယ်၊ ကျောက်ကမ်းပါးရံများကို  ယမ်း ဘီလူးများဖြင့်        ပိုင်းဖြတ်ဖောက်ခွဲရ၏။ အန္တရာယ် များကြားက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

 


နောက်ဆုံးစတုတ္ထအပိုင်းသည် ဆီဆုံမှ ခေါင်လန် ဖူးမြို့(Kaung lang phyu)အထိဖြစ်ပြီး လမ်းမိုင် ၄၆/၀ မိုင် မှ ၆၅/၄ မိုင်အထိ ၁၉/၄ မိုင် ကွာဝေးပါသည်။ ယင်းလမ်းအပိုင်းသည်လည်း ပင်လယ်ရေ မျက်နှာ ပြင်အထက် ပေ ၅၀၀၀ အမြင့်တွင်ရှိပြီး ကျောက် တောင်များ ၊ စကျင်ကျောက်စွယ် ၊ ကျောက်ငုတ်များ နှင့် လျှိုမြောင်ငယ်များပေါများသဖြင့် ခက်ခဲပင်ပန်း စိတ်ရှည်စွာ ဖောက်လုပ်ခဲ့ကြရပါသည်။ 

 


 နှလုံးသားထဲမှပျော်ရွှင်မှု


ယခုတော့ဖြင့်  ပင်ပန်းမှုမှန်သမျှ   အားလုံး ပြေပျောက် လန်းဆန်းခဲ့ရပေပြီ။ မျက်ရည်ခါးခါး ကျခဲ့ရသောအတိတ်တို့ကိုလွတ်မြောက်ခဲ့ပေပြီ။ ဒေသခံ တို့နှင့်အတူ နှလုံးသားထဲမှပျော်ရွှင်မှု၊ ကြည်နူးမှုများ ကိုပျော်ရွှင်စွာ ထပ်တူခံစားနေကြရပါသည်။

 


ဆက်လက်၍   ပြီးစီးခဲ့သောမြေလမ်းများကို အမာခံလမ်းအဖြစ် ကျောက်ခင်းလမ်းအဆင့်မြှင့် တင်ခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ ကျောက် ခင်းလမ်း ၁၄/၀ မိုင်၊ ၂၀၁၈-၂၀၁၉ ကျောက်ခင်းလမ်း ၁၀/၀ မိုင် ၊ ၂၀၁၉-၂၀၂၀ကျောက်ခင်းလမ်း၁၀/၀ မိုင် ၂၀၂၀-၂၀၂၁ ကျောက်ခင်းလမ်း ၁၀/၀  မိုင်  ဆောင် ရွက်ပြီးဖြစ်ပါသည်။

 


ဤလမ်းပိုင်းကို  ဖောက်လုပ်ရာတွင် မြေသား လမ်း ၆၅/၄ မိုင်၊ ကျောက်ခင်းလမ်း ၄၄ မိုင်၊ Box Culvert ၁၆၅ စင်း၊ တံတားကြီး/ငယ် ၂၉ စင်းနှင့် ကျောက်စီရေမြောင်း ၁၈၉၉၅ ပေ တို့အတွက် နိုင်ငံ တော်၏ ခွင့်ပြုရန်ပုံငွေမှာ ကျပ် ၁၉ ဒသမ ၉၂၈ ဘီလီယံဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။

 


ယခုအခါ ခေါင်လန်ဖူးမြို့အား ဘက်စုံအဆင့် မြှင့်တင်ပေးရန်    တည်ဆောက်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေပေပြီ။
ထို့အပြင် “ခေါင်လန်ဖူး”မှ တရုတ်နိုင်ငံနယ်စပ် ရှိန်းခေါင်(Shai kaung)ဒေသအထိ ၅၉ မိုင် ရှည်သောလမ်းဖောက်လုပ်ခြင်းစီမံကိန်းကို    အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၂၂-၂၀၂၃ ခုနှစ် ဘတ်ဂျက် (သို့မဟုတ်) ၂၀၂၃-၂၀၂၄ ခုနှစ်   ဘတ်ဂျက်တွင် လျာထားဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။ 
ဤစီမံကိန်းသည်လည်း ဒေသခံတို့၏ အိပ်မက် လမ်းတစ်လမ်းဖြစ်လာမည်မှာ   မြေကြီးလက်ခတ် မလွဲပေတည်း။