မြောက်ဖျားစွန်းအရပ်၏ အိပ်မက်များကိုနိုးထစေသော ဖွံ့ဖြိုးရေးတံတိုင်းများ (၂)

Type
1

 

ဝ ထ က လ သ (နတလ)

 

ပန်နန်းဒင် (Pangnamdim) သို့ သွားရောက်ရန် အတွက် လမ်းဖောက်လုပ်ပြီးစီးပြီဖြစ်သော ပထမ အိပ်မက်လမ်းဖြစ်သည့် မဂွေဇ-ခေါင်လန်ဖူးလမ်း ပေါ်ရှိ    မဂွေဇသည်  လမ်းခွဲဖြစ်ပါသည်။    မဂွေဇ (Magweza)   မှ    ရပ်ဘော့   (Rabh bawt)  သို့  ၃ မိုင်ခန့် ကွာဝေးပါသည်။ 
ရပ်ဘော့သည် ပူတာအို-နောင်မွန် ပြည်ထောင် စုကားလမ်းမကြီးပေါ်တွင်   တည်ရှိပါသည်။  ၎င်း ရပ်ဘော့လမ်းခွဲမှ ပန်နန်းဒင်သို့ ၃၃ မိုင် ၄ ဖာလုံ ကွာဝေး၏။  ဆောက်လုပ်ရေးဝန်ကြီးဌာနမှ   စီမံ ခန့်ခွဲသည့် လမ်းတစ်လမ်းဖြစ်ပါသည်။

 


ဒုတိယအိပ်မက်လမ်းမကြီး


နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပန်နန်းဒင် မှ ဒဟွန်ဒမ်းအထိ လမ်းဖောက်လုပ်ရေးစီမံကိန်း ကို   အကောင်အထည်ဖော်   ဆောင်ရွက်လျက် ရှိရာ     ဒေသခံတိုင်းရင်းသားသွေးချင်းတို့ကား ဒုတိယအိပ်မက်လမ်းမကြီးကို  ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြလေပြီ။

 


ဤစီမံကိန်း၏   အစဖြစ်သော   ပန်နန်းဒင် မြို့ကလေးသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြည်  မြောက်ဘက်အဖျားဆုံးရှိ   မြို့လေး ဖြစ်ပါသည်။ 

 


ရာသီဥတုသာယာသော   နေ့ရက်များ၌   ၎င်း မြို့ကလေးမှ   ခပ်လှမ်းလှမ်းသို့    လှမ်းမျှော်ကြည့် လျှင်  တိမ်လိပ်ဂွမ်းပုံကြီးများ ပွေ့တင်ထားသကဲ့သို့ မြူနှင့်တောင်ခိုး၊ နှင်းတဝေဝေနှင့် လွှမ်းမိုးနေသည့် တောင်ပြာပြာကြီးများကို ဝန်းရံလျက်မြင်တွေ့ရ၏။ နေပူသည့်    အချိန်မျိုးတွင်လည်း     တဖွေးဖွေး       တလက်လက် တစ်မျှော်တစ်ခေါ် ငေးမော၍ မဆုံး နိုင်သည့်   ရေခဲတောင်ရှုခင်းတို့ဖြင့်   ရှုမငြီးဖွယ် အစဉ်လှနေသော ဒေသလည်းဖြစ်ပါသည်။

 


မြို့ကလေးရဲ့ဘေးမှာ  ရေခဲတောင်မှ မြစ်ဖျားခံ ဆင်းသက်သော နမ့်တမိုင်ချောင်း (Nangta-maing stream) စီးဆင်းနေ၏။
တောင်ကျရေတို့ဖြင့်  တဝေါဝေါ  တသွင်သွင် စီးဆင်းလျက်ရှိသည့် နမ့်တမိုင်ချောင်းကလေးကား တစ်ခါတစ်ရံ  ငွေလရောင်ပြိုးပြက်သည့်  ညများ၌ ပန်နန်းဒင်တစ်ဝိုက်ကို    မြွေဖြူကြီးတစ်ကောင် ရစ်ခွေပတ်ဝိုင်းထားသည်နှင့် တူလှသည်ဟု ဆိုရပေ မည်။
ဧည့်သည်များဆုံရာဒေသ
နမ့်တမိုင်ချောင်းနှင့် တရုတ်ပြည်မှ  စီးဆင်း လာသည့် ထရုံမြစ်(Thayon river)တို့ ပေါင်းဆုံပြီး မေခမြစ်အဖြစ် ပေါင်းစည်းသွားကြပါသည်။ ပန်နန်း ဒင်ကို ဒေသအခေါ်အားဖြင့်  ဘန်နန်းဒွမ် (Bann-andurn) ဟု ခေါ်ကြ၏။ အဓိပ္ပာယ်မှာ ဧည့်သည် များဆုံရာဒေသဟု ဆိုပါသည်။
၁၉၄၉   ခုနှစ်လောက်မှစပြီး   ပန်နန်းဒင်ရွာ တည်ခဲ့၏။ ၁၉၆၂ ခုနှစ်တွင် မြို့ပိုင်ရုံးဖွင့်ခဲ့ပါသည်။ အိမ်ခြေ ၆၀ ကျော်ရှိခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ လက်နက် ကိုင်များ  မြို့ကိုဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် မြို့ပျက် ခဲ့ရလေသည်။ ၂၀၀၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီး ဌာနက   ပန်နန်းဒင်ဒေသကို  မြို့အဖြစ်   ပြန်လည် သတ်မှတ်လျက်      နိုင်ငံတော်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပါသည်။    မြို့ပြန်သတ်မှတ်ချိန်တွင် ပန်နန်းဒင်ဒေသ၌  ရဝမ်တိုင်းရင်းသားများနေထိုင် သည့် ဝါးအိမ် ရှစ်လုံးသာ ရှိပါတော့သည်။ 

 


ဒေသအတွင်းထူးခြားမှုတစ်ခုမှာ - မြောက် လတ္တီတွဒ်   ၂၇ႚ ၃၀'  နှင့်  ၂၈ႚ ၃၀' အကြား၊ အရှေ့လောင်ဂျီကျု့ ၉၇ႚ ၁၅' နှင့် ၉၈ႚ ၁၅' အကြားရှိ နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်ဒေသအတွင်းတွင် အကျယ်အဝန်းအားဖြင့် ၁၄၈၂ စတုရန်းမိုင် (၃၈၁၀ စတုရန်းကီလိုမီတာ)   ရှိသော  ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် (Hkakaborazi  National Park) လည်း   တည်ရှိနေခြင်းဖြစ်ပါသည်။  အမျိုးသား ဥယျာဉ်၌   အမြဲစိမ်းသစ်တော၊   ထင်းရှူးတော၊ အပေါ်ပိုင်း ရွက်စိုရွက်ကြွေတောတို့ဖြင့် ဖုံးလွှမ်း နေကြပါသည်။

 


၁၉၉၆ ခုနှစ်  ဇန်နဝါရီလတွင်  မြန်မာပြည် မြောက်ဖျား ခါကာဘိုရာဇီ (ဧက ၉၄၂၀၈၀)၊ ဖုန်ကန် ရာဇီ (ဧက ၆၆၀၀၀၀)  စသည့်  ဧရိယာနှစ်ခုကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်    စတင် သတ်မှတ်ခဲ့ပါသည်။ ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊  ၂၀၀၃ ခုနှစ်   ဒီဇင်ဘာလတွင်  အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း  သတ်မှတ်ခဲ့သည်ဟု သစ်တောဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထား ပါသည်။

 


ဒေသခံများ၏ Super Market သဖွယ်ဖြစ်သည့် နှစ်ပေါင်းများစွာ  ဆေးမြစ်ရှာ၊ သစ်ခုတ်၊ ဝါးခုတ်၊ အမဲလိုက်လုပ်ဆောင်ခဲ့ကြသည့် ရေခဲတောင်ဒေသ တစ်ခုလုံးကို   သဘာဝထိန်းသိမ်းနယ်မြေအဖြစ် သတ်မှတ်ပြီး   ကမ္ဘာ့အမွေအနှစ်   ယူနက်စကို (UNESCO)စာရင်းဝင်ရန် ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

 


သဘာဝထိန်းသိမ်းနယ်မြေ


၎င်းခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီတောင်တန်း များနှင့် တစ်ဆက်တည်း တည်ရှိနေသည့် အိန္ဒိယ (ဘယ်ဘက်)၊ တရုတ် (ညာဘက်) များတွင်လည်း ယူနက်စကို (UNESCO) စာရင်းဝင်ထားပြီးသော သဘာဝထိန်းသိမ်းနယ်မြေများ ရှိကြပြီးဖြစ်သည်ဟု သိရှိရပါသည်။
ပန်နန်းဒင်မြို့  စတင်တည်ဆောက်ရေးတွင် ပါဝင်ခဲ့သူများ၊  တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ၊                               လက်ရှိလမ်းဖောက်လုပ်ရေးတာဝန်ခံများ၏ စကား သံများကလည်း ပန်နန်းဒင်၏ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တို့ကို မြင်သာထင်သာရှိစေပြန်ပါသည်။
၂၀၀၃ ခုနှစ်တွင်  နောင်မွန်မြို့  မြို့နယ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းမြက ပန်နန်းဒင် မြို့    စတင်တည်ဆောက်ရေးတာဝန်ဖြင့်   သွားခဲ့ရ သည့်ခရီးစဉ်အား ဤသို့ပြောပြပါသည်-


သစ်ပင်ကြီးတွေ အုပ်မိုးဖုံးလွှမ်းနေ


“မြို့တည်ဆောက်ရမည့်  ဒေသမှာ   လူမရှိ၊ အိမ်ဆောက်ရန်   ပစ္စည်းမရှိ၊    ဝယ်ယူရန်သစ်မရှိ၊ နောင်မွန်မြို့မှ   ပန်နန်းဒင်ဒေသသို့    မိုင်   ၄၀ တောင်တက်ခရီးကို သုံးညအိပ် လေးရက်ကြာတယ်။ တောင်တန်းတွေက   ပေ ၆၀၀၀ ကျော် မြင့်တယ် ဆိုပေမယ့်  ပေ ၂၀၀၀  အမြင့်လောက်မှာတောင် ခါးပန်းပတ်လမ်း   ဖောက်ထားပါတယ်။   အကွေ့ အကောက် အတက်အဆင်း အများကြီးနဲ့သွားရတာ။ လမ်းအပေါ် မော့ကြည့်ရင် မိုးကောင်းကင်ကို မတွေ့ ရဘူး၊   သစ်ပင်ကြီးတွေ   အုပ်မိုးဖုံးလွှမ်းနေတာ၊ တောင်အောက်ကို ကြည့်ပြန်တော့လည်း ချောက် ကြီးတွေနဲ့၊ ရေတံခွန်တွေ ချောင်းရေတွေက စီးဆင်း သံလည်း တဝုန်းဝုန်းနဲ့ ကြောက်စရာဗျ။ မိုးကလည်း မပြတ်ရွာတယ်။”


“ဖြတ်သန်းသွားတဲ့    တောထဲတောင်ထဲမှာ ကျားအစ၊  မြွေအလယ်၊  ကျွတ်အဆုံးတိရစ္ဆာန် အကောင်မျိုးစုံရှိကြပါတယ်။ အချို့တောင်တက် လမ်းတွေဟာ ခြေတစ်ဖဝါးစာ မြေသားလမ်းတွေဗျ။ ညအိပ်တည်းမယ့်ရွာရောက်လို့ အဝတ်အစားတွေ ကို ချွတ်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲဝင်ပြီး သွေးစုပ် နေတဲ့ ကျွတ်တွေ၊ မျှော့တွေ၊ ဒက်တွေက အများကြီး။ တည်းခိုတဲ့ရွာဆိုပေမယ့်    တဲအိမ်သုံးလေးလုံးသာ ရှိတယ်။  ညဘက်မှာ   ကျားဟိန်းသံကြားရပြီး တောဝက်တွေက တဂူးဂူးနဲ့ ညအိပ်တဲ့အိမ် အောက် ထိလာပြီး   အစာလာရှာကြပါတယ်။   သုံးညအိပ် လေးရက်ခရီးနှင်ခဲ့တော့မှ      ပန်နန်းဒင်မြို့ကို  ရောက်ရှိသွားပါတော့တယ်။  တစ်နေ့  ၁၀   မိုင် လောက်ပဲ ခရီးရောက်တယ်။”

 

 


၂၀၀၈    ခုနှစ်တွင်   ပန်နန်းဒင်မြို့နယ်ခွဲရုံး၌ မြို့နယ်ခွဲတာဝန်ခံတာဝန်ထမ်းဆောင်ခဲ့သူ နယ်စပ် ဒေသနှင့်  တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဦးဝင်းချို၊ ယခုဦးစီးအရာရှိ ဖဖရ (မုံရွာ) က ဤသို့ဆိုပြန်သည်-


“ပူတာအိုကစပြီး    ပန်နန်းဒင်ခရီးစတင်ဖို့ လမ်းစတင်လျှောက်ရတယ်။ ကောင်းမှုလုံဘုရား အနီးက  ကဆန်ဒမ်းကျေးရွာမှာ   အထမ်းသမား ငှားရတယ်။ ကျွန်တော့်လစာက ၆၀၀၀၀ ပဲရတာ၊ အထမ်းသမား ငှားခက တစ်ရက်  ၅၀၀၀  ပေးရ တယ်၊ လိုက်တဲ့ရက်တွေအတွက်  စားစရိတ်ပေးရ တယ်။ အပြန်အတွက်လည်း  ရိက္ခာတွေ  ပြန်ထည့် ပေးရပါတယ်။   ဒီလိုမလုပ်ရင်   နောက်တစ်ခါ အထမ်းသမား ခေါ်လို့မရတော့ဘူး။
“ကဆန်ဒမ်း (Kasandam)  ရွာမှာပဲ  အလုပ် သမားရှာ၊ ရိက္ခာဖြည့်ရင်း ညအိပ်ရတယ်။ ပထမနေ့ မှာ ကဆန်ဒမ်းရွာကနေ  နမ်မထီဘိုတဲ(Namahti botae)အထိ ၁၄ မိုင်ခရီးလျှောက်ရတယ်။ ညနေ ၅ နာရီလောက်ကျမှ  ဘိုတဲရောက်တယ်။ တောက လည်းနက်၊ မိုးကလည်းများ၊ သားရဲတိရစ္ဆာန်တွေက လည်း  ပေါဆိုတော့  လုံခြုံမှုမရဘူး။   ဘိုတဲရောက် အောင်သာ    အသော့ခရီးနှင်    လမ်းလျှောက်ခဲ့ရတယ်။

 


ပင်ပန်းကြီးစွာ လမ်းလျှောက်ရ


“ဒုတိယနေ့ကျ   နမ်မထီဘိုတဲက  ၁၃  မိုင် လောက်ဝေးတဲ့မဇဘိုတဲ(Maza botae)ခရီးစဉ်ပါ။ မဇဘိုတဲမရောက်မီ  ဘာဘူလုံထန်တောင်  (Bar-bulonhtan)   ဆိုတာရှိတယ်။   အမြင့်ဆုံးပဲ။   တောင်အောက်က   မဇဘိုတဲကိုမြင်နေရပေမယ့် တောင်ပေါ်ကနေ   နေ့တစ်ပိုင်းလောက်     ဖင်တရွတ် တိုက်ပြီး လျှောဆင်းကြရပါတယ်။ တောင်တက်/ တောင်ဆင်းကြမ်းတယ်။   ပင်ပန်းကြီးစွာ  လမ်း လျှောက်ရတော့ ဘိုတဲလည်းရောက်ရော    ညစာ တောင်  မစားနိုင်ကြတော့ဘူး၊  တန်းအိပ်ကြတာ များပါတယ်။

 


“တတိယနေ့မှာ  မဇဘိုတဲကနေ   ၁၀ မိုင် လောက်ဝေးတဲ့ နောင်မွန်မြို့ (Nogmung) အထိ လမ်းလျှောက်ကြရပါတယ်။    ခရီးစဉ်တစ်လျှောက် အသက်သာဆုံးနေ့လို့  ပြောရပါမယ်။ လယ်ကွင်းနဲ့ မြေပြန့်များပါတယ်။ 

 


“စတုတ္ထနေ့ကတော့   နောင်မွန်ကနေ ၁၂  မိုင် လောက်ဝေးတဲ့   ဂတ်ထုရွာ  (Guardhtu)  ကို   ဆက်လမ်းလျှောက်ကြရပါတယ်။ ဂတ်ထုရောက် တော့ ရပ်ဘော့ကျေးရွာဟာ အချက်အချာကျတဲ့ နေရာဆိုတာ  သိရပါတယ်။  အဲဒီရွာက ပန်နန်းဒင်နဲ့ နောင်မွန်လမ်းခွဲတဲ့ နေရာပဲလေ။
“ပဉ္စမနေ့မှာ  ဂတ်ထုကနေ ၁၂ မိုင်လောက်ဝေး တဲ့ အိမ်ခြေ ၁၈ လုံး လောက်ပဲရှိတဲ့ ကျောက်တုံးတွေ ကြား တည်ရှိနေတဲ့ ဂေါ်လဲ့ထုကျေးရွာ (Gawlae-htu)အထိ လမ်းလျှောက်ကြရပြန်တယ်။ ပန်နန်းဒင် နဲ့ အနီးဆုံးလည်းဖြစ်၊ ဖြုတ်လည်းအလွန်ကိုက်တဲ့ ရွာလေးပါ။

 


“ဆဋ္ဌမနေ့မှာ ဂေါ်လဲ့ထုကနေ ၁၄ မိုင်လောက် ဝေးတဲ့ ရှိန်းရှာခူးဘိုတဲ(Shanesharkhu botae)ကို ခရီးဆက်တယ်။  တောင်တက်  တောင်ဆင်းတွေ များတယ်။  တောင်ကမ်းပါးယံဘေးလမ်းက နှစ်ပေ မှ လေးပေအကျယ်လောက်သာရယ်။ ပြုတ်မကျ အောင်ထိန်းရတယ်။ အချို့နေရာတွေမှာ ကျောက် ဆောင်တွေကျော်၊   အချို့နေရာတွေမှာ   ကျောက် ဆောင်အောက်က ငုံ့ပြီးသွားရပါတယ်။ ပစ္စည်းသယ် တဲ့ လားတွေတောင် သွားလာလို့မရတဲ့ လမ်းခရီး ဆိုပါတော့။

 


“သတ္တမနေ့ကျတော့ ရှိန်းဆာခူးဘိုတဲကနေ ၁၀ မိုင်လောက်ဝေးတဲ့ ပန်နန်းဒင်အထိ၊ အဲဒီလမ်းမှာ ဝိုင်ဖီ (Wai Pyi Razi)  တောင်ကြောကို  ကျော် ရတယ်။ တောင်ထိပ်ရောက်ရင် ပန်နန်းဒင်မြို့ နဲ့ နမ့်တမိုင်ချောင်းကို   အပေါ်စီးကလှမ်းမြင်ရပြီ။ ဝိုင်ဖီတောင် ပေ ၆၇၁၀ အတက်ကမိုးရွာရင် ရှေ့လူ ရဲ့   ခြေထောက်ကကျလာတဲ့    ရေနဲ့ရွှံ့ဖတ်တွေ နောက်လူရဲ့ပါးစပ်ထဲ တန်းဝင်တော့တာပဲ။ အဲဒီ လောက်ကို မတ်စောက်ပါတယ်။ အခုလို လွယ်လွယ် ကူကူသွားလာလို့ရတဲ့အချိန်မှာ ခက်ခဲတဲ့ကာလတွေ ကို  ပြန်သတိရမိနေပါသေးတယ်။”

 


လက်ရှိ   ပန်နန်းဒင်လမ်း     ဖောက်လုပ်ရေး တာဝန်ခံဖြစ်တဲ့    နတလအင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်ကလည်း  အတွေ့အကြုံတွေကို 
ဤသို့ရှင်းပြပါတယ်။ “ဒီလမ်းကို  ကျွန်တော်တို့ အမာခံလမ်းရအောင် အရင်ဖောက်ပါမယ်၊ နောက်မှ လမ်းကို အဆင့်မြှင့်ပါမယ်၊ ဒီဒေသမှာက ဆောင်းနဲ့ မိုးရာသီပဲရှိတယ်၊  တစ်နှစ်လုံးလိုလို  မိုးများတော့
ရှေ့ကဖောက်၊ နောက်ကland slide မြေပြိုကျနဲ့ တော်တော်ခက်ခက်ခဲခဲ ဖောက်ရမှာပါ၊ ယန္တရားတွေ သယ်ရတာလည်း မလွယ်ဘူး၊ ဆောက်လုပ်ရေး ပစ္စည်းတွေ ရွှေ့ရတာခက်တယ်။ အလုပ်သမားလည်း ရှားပါးတယ်။ သံဖောင်ဖွဲ့ပြီး နမ့်တမိုင်ချောင်းကို ယန္တရားတွေတင်ပြီး   ကူးရတာ၊   ချောင်းရေက ကြမ်းတော့ ဖောင်လည်း ရေစီးနောက်မျောပါပြီး ပျက်သွားတယ်။နောက်တစ်ကြိမ် သံဖောင်အသစ် ပြန်လုပ်ရတယ်။ ဒါပေမယ့်  ကျွန်တော်တို့ မလျှော့ သောဇွဲနဲ့ ကြိုးစားဆောင်ရွက်ပေးမှာပါ။ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် တည်ဆောက်ရေးအဟုန်   ရပ်တန့် မှာ မဟုတ်ပါဘူး။ ပန်နန်းဒင်မှာ  လက်ရှိ  အိမ် ၂၄  လုံး ရှိနေပါပြီ။    ဒေသခံတွေရဲ့    ပျော်ရွှင်မှုကတော့ အတိုင်းထက်အလွန်ပါပဲ”


လမ်းများမှာ ပျက်စီးမှုများရှိနေ


နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နောင်မွန်- ပန်နန်းဒင်လမ်းများအား၂၀၀၃-၂၀၀၄  ဘဏ္ဍာနှစ် နှင့်  ၂၀၀၄ -၂၀၀၅  ဘဏ္ဍာနှစ်တို့တွင်  ရန်ပုံငွေ ကျပ် သန်း ၄၀ ဖြင့်  ဆိုင်ကယ်လမ်း ၄၃ မိုင် ၃ ဖာလုံအားလည်းကောင်း၊  ၂၀၁၃-၂၀၁၄   ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၉၀ ဖြင့် မြေသားလမ်း   ၁၅   မိုင်တို့အားလည်းကောင်း  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကွပ်ကဲ၍ အခြေချ စစ်ဗျူဟာ (ပူတာအို)မှ တာဝန်ယူ ဖောက်လုပ်ပေးခဲ့ ပါသည်။ ထို့နောက်  ၎င်းလမ်းအား   ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းသို့   လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ရာ လမ်းများအဆင့်မြှင့်တင်ပြီးဖြစ်၏။ သို့သော် ရှစ်နှစ်တာကာလရှိပြီဖြစ်သော    လမ်းများမှာ ချို့ယွင်းမှု၊  ပျက်စီးမှုများ  ရှိနေပြီ။ ပျက်စီးနေသော လမ်းပိုင်းများကို  ဖြတ်သန်းလျက်   တည်ဆောက်ရေး ပစ္စည်းများ ရွှေ့ပြောင်းသယ်ယူရသည်မှာ   မလွယ် ကူ၊  မမြန်ဆန်နိုင်။  ထို့ကြောင့်   တာဝန်ခံဌာနများမှ   ရပ်ဘော့နှင့်  ပန်နန်းဒင်လမ်းပိုင်းအား  ပြင်ဆင် ထိန်းသိမ်းနိုင်ရေး    ဆောင်ရွက်ပေးမည်ဆိုပါက လမ်းပန်းဆက်သွယ်ရေး   ပိုမိုကောင်းမွန်လာပေ လိမ့်မည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ အင်ဂျင်နီယာဌာန မှ တာဝန်ယူ၍ ပန်နန်းဒင်- ဒဟွန်ဒမ်း လမ်းပိုင်း အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြေသားလမ်း ရှစ်မိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  မြေသားလမ်း ခုနစ်မိုင် စုစုပေါင်း ၁၅ မိုင်နှင့် Box Culvert ၁၀ စင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ   အမာခံလမ်းရရှိရန်  ကျောက် ရောမြေလမ်း ၁၅ မိုင်နှင့် Box Culvert ငါးစင်း ဆောင်ရွက်ပေးလျက်ရှိပေသည်။ ဆက်လက်၍ ဘဏ္ဍာနှစ်အလိုက်      လမ်းလုပ်ငန်းများအား ဆက်လက်လျာထား   ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 


အလင်းရောင်ကို မြင်ရပေလိမ့်မည်


အနာဂတ်ကို အမှောင်ချခံခဲ့ရသောဒေသများ အတွက်   ထောင်ပေါင်းများစွာသော အိပ်မက်တို့၏ အဆုံးမှာ  အလင်းရောင်ကို   မြင်ရပေလိမ့်မည်။ ဒုက္ခဆိုတာမရှိရင် သုခဆိုတာ မရှိနိုင်ပါ။
ဤဒေသ၏    ဒုက္ခရောက်ခဲ့သည့်    ခရီးသွား ဖြစ်စဉ်များ၊ ပုံပြင်များ၊ ဒဏ္ဍာရီများသည် တစ်ချိန် တွင် သွားလာမှုလွယ်ကူမြန်ဆန်ခြင်း၊ ဒေသဖွံ့ဖြိုး ခြင်းဟူသည့်    ချိုမြိန်မှုများနှင့်အတူ   မှေးမှိန် ပျောက်ကွယ်သွားပေတော့မည်။
ပန်နန်းဒင်မြေကား   အေးမြသာယာပြီးလျှင် လေကောင်းလေသန့်ရရှိ၏။ အပန်းဖြေစရာ၊ အနား ယူစရာ၊ တိုင်းရင်းသား လူမျိုးစုတို့၏ လေ့လာဖွယ်ရာ ကောင်းများ  များစွာရှိ၏။  ပထဝီဝင်သဘောနှင့် တောတောင်၊ ရေ ၊ မြေ ၊ မိုးတိမ် ၊ ရေခဲတောင် စသည့် လှပသောရှုခင်းများ  တည်ရှိနေ၏။  ၁၂  လရာသီ ပတ်လုံးလိုလို  ရစ်သိုင်းညို့ဆိုင်းရီဝေမှိုင်း လျက်ရှိသဖြင့် စိတ်ကိုကြည်ရွှင်လန်းဆန်းစေ၏။ သာယာ ကြည်နူးဖွယ်ရာများဖြင့်  ဖန်တီးထားသည့် ဒေသ တစ်ခုဟု ထင်မြင်မိတော့သည်။

 


ဤဒေသတွင်  အရှေ့တောင်အာရှ၌ မြန်မာ နိုင်ငံတစ်နိုင်ငံတည်းကသာ    ပိုင်ဆိုင်ထားသော ဆယ့်နှစ်ရာသီ ဆီးနှင်းဖုံးလွှမ်းနေသည့် ရေခဲတောင် များပေါ်   တက်ရောက်လေ့လာနိုင်၏။   ဧရာဝတီ မြစ်ဖျားခံရာ ရေဦး ရေဖျား ဒေသပတ်ဝန်းကျင် အခြေအနေများကိုလည်း  လေ့လာနိုင်၏။  သာယာ လှပသော  သဘာဝရေ၊ မြေ၊ တောတောင်ရှုခင်းများကို လည်း ခံစားကြည့်ရှုနိုင်၏။ ရှားပါးဇီဝမျိုးစုံ၊ မျိုးကွဲ အပင်နှင့်  တိရစ္ဆာန်မျိုးစိတ်အသစ်များကိုလည်း လေ့လာရှာဖွေဖော်ထုတ်နိုင်၏။ 

 


ဤဒေသတွင်  ဒေသခံ  ရဝမ်၊ လီဆူး၊ မြန်မာ-တိဗက်လူမျိုးများ၏  ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ နှင့်  လူနေမှုစနစ်များကိုလည်း   လေ့လာနိုင်၏။ ရှားပါးတိရစ္ဆာန်များဖြစ်သည့် သမင်၊ ကတုံးချေ၊ ရေခဲတောင် ဆိတ်၊  ချေနက်၊ ဖက်ချေ၊ တောင်ဆိတ်နီ၊ ရှားပါးပန်ဒါနီတို့အပြင်     လိပ်ပြာအမျိုးမျိုးနှင့် အင်းဆက်ပိုးများကိုလည်း လေ့လာနိုင်ပါသည်။
ဤဒေသတွင်   နိုင်ငံသားတိုင်း  ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သည့် အိမ်နီးချင်းနိုင်ငံများ နှင့် နယ်နိမိတ်ချင်း ပိုင်းခြားထားသော နယ်ခြား မှတ်တိုင်များလည်း တည်ရှိနေပြန်၏။

 


ထိုသို့သော တန်ဖိုးမဖြတ်နိုင်သည့်   သဘာဝ အရင်းအမြစ်များ ပြည့်စုံနေသည့် နယ်မြေဒေသ တစ်ခု၌ နယ်မြေလုံခြုံရေးသည် အလွန်အရေးကြီး လှပါသည်။  ပန်နန်းဒင်ဒေသ    ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကာကွယ်ရေး ၊ ဒေသဖွံ့ဖြိုး ရေး၊ ဥပဒေစိုးမိုးရေး၊ ယဉ်ကျေးမှုစသောတံတိုင်းအဆင့်ဆင့်၊ ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းဆောင်ရွက် ပေးရန်   လိုအပ်နေသေးသည်မှာ   အမှန်ပင် ဖြစ်ပါသည်။ 
နိုင်ငံတော်သည်  ၁၉၈၉  ခုနှစ်တွင် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်၌ “နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေ” ကိုပြဋ္ဌာန်းခဲ့ပါသည်။

 


ယင်းဥပဒေ၏ ရည်ရွယ်ချက်  ၅  ရပ်အနက် ပဉ္စမအချက်မှာ “နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး တို့ကို ထိန်းသိမ်းရန်”ဟု ဖော်ပြပါရှိပါသည်။ နယ်စပ် ရေးရာဝန်ကြီးဌာန၏  လုပ်ငန်းစဉ်  ၁၈  ချက်တွင် လည်း   “နယ်ခြား     နယ်နိမိတ်ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း များ ဆောင်ရွက်ရန်”ဟူသော အချက်တစ်ချက်ပါ ရှိပါသည်။
ထိုကဲ့သို့  ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်  ထို ဒေသများအတွင်း    လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အထူးလိုအပ်လှပေသည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှသာလျှင် သွားလာ ရေးလွယ်ကူပြီး   အချင်းချင်း    ပိုနီးစပ်သွားကြပေ မည်။ လမ်းများဖောက်လုပ်ပေးခြင်းသည် ဒေသ ဖွံ့ဖြိုးရေး၏  အခြေခံဖြစ်ပါသည်။   ပြည်ထောင်စု တိုင်းရင်းသားများအားလုံးကြား   ပိုမိုနီးစပ်လာ အောင် ဆက်သွယ်ထိတွေ့မှု ပေါင်းကူးတံတားကြီး များ ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

 


နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသ များ၏    ဖွံ့ဖြိုးတိုးတက်မှုအတွက်   နယ်စပ်ဒေသ အသီးသီးတွင် ဆူကြုံနိမ့်မြင့် ကွာဟမှု ကျဉ်းမြောင်း ပပျောက်စေရေး ရည်ရွယ်လျက် ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအား  မျက်ခြည် မပြတ်စေဘဲ နှစ်စဉ်တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      ။