မြန်မာ့အလင်းအယ်ဒီတာအာဘော်
အမေရိကန်နိုင်ငံရေးဂယက် လှုပ်ရှားပူလောင်နေမှုတို့ တဖြည်းဖြည်းချင်း ငြိမ်သက်အေးချမ်းမှုဘက်သို့ ရွေ့လျားလာသည်ကို တွေ့ရပါသည်။
အမေရိကန်သမ္မတအဖြစ် လေးနှစ်သက်တမ်း တာဝန်ယူခဲ့သော ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ ထွက်ခွာသွားပြီ ဖြစ်သည်။
ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင်သည် အမေရိကန်နိုင်ငံ၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်တော့မည်ဖြစ်သည်။
ဂျိုးဘိုင်ဒင်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်က ၂၀၀၉ - ၂၀၁၇ ခုနှစ် ကာလ သက်တမ်းနှစ်ကြိမ်လုံးတွင် ဒုတိယသမ္မတ တာဝန်ယူခဲ့သူဖြစ်၏။ နိုင်ငံရေးနယ်ထဲသို့ မရောက်ခင်က ရှေ့နေတစ်ဦးဖြစ်၏။ အသက်အငယ်ဆုံးအမတ်များထဲက တစ်ဦးအဖြစ် အသက် ၃၀ အရွယ်တွင် အမေရိကန်အထက်လွှတ်တော်သို့ ရောက်ရှိ လာသူဖြစ်သည်။
၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မွေးဖွားသူဖြစ်သည့်အတွက် ယခုသမ္မတ တာဝန်ယူချိန်တွင် အသက် ၇၈ နှစ်ကျော်ရှိပြီ။ သာမန်အလုပ် သမားလူတန်းစားမိဘတို့က မွေးဖွားခဲ့ခြင်းဖြစ်ကာ ငယ်စဉ်ကတည်းက ချို့ချို့ငဲ့ငဲ့ဖြင့် ရုန်းကန်ရှင်သန်ခဲ့ရသူ ဖြစ်ပါသည်။
၁၉၆၈ ခုနှစ်မှာ ဥပဒေဘွဲ့ရရှိပြီးသည့်နောက် ရှေ့နေအဖြစ်အသက်မွေး ဝမ်းကျောင်း၏။ ဒီမိုကရက်တစ်ပါတီတွင် ပါဝင်ပြီး နိုင်ငံရေးလှုပ်ရှား၏။ တက်ကြွနိုးကြားသူဖြစ်၏။ ၁၉၇၂ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ၏တာဝန် ပေးမှုဖြင့် အထက်လွှတ်တော်တွင် အမတ်ဝင်အရွေးခံ၏။ ဘိုင်ဒင်က မဲဆွယ်စည်းရုံးရေးအလုပ်ကို အပြင်းအထန်လုပ်ရင်း ကြိုးစားရင်းဖြင့် အမေရိကန်အထက်လွှတ်တော်တွင် အသက်ငယ်ဆုံးအမတ်များထဲက တစ်ဦးဖြစ်လာခဲ့သည်။ ဘိုင်ဒင်သည် အထက်လွှတ်တော်အမတ်အဖြစ် တောက်လျှောက်အရွေးခံခဲ့ရပြီး ဒုတိယသမ္မတဖြစ်သည့် ၂၀၀၉ ခုနှစ်ကျမှ အထက်လွှတ်တော်အမတ်အဖြစ်က အငြိမ်းစားယူခဲ့သည်။
အထက်လွှတ်တော်အမတ်ဘ၀တွင် နေ့စဉ် အများပြည်သူသုံး ရထားစီးကာ လွှတ်တော်တက်ခဲ့သူဖြစ်၏။ ဘိုင်ဒင်သည် အထက် လွှတ်တော်အမတ်အဖြစ် ထင်ရှားသူ၊ လေးစားခံရသူ ဖြစ်လာခဲ့သည်။ ဒီမိုကရက်တစ်ပါတီတွင်း၌ အိုဘားမားနှင့်အပြိုင် သမ္မတလောင်းအဖြစ် ယှဉ်ကာ အရွေးခံသော်လည်း မရခဲ့။ အိုဘားမားက သမ္မတလောင်းဖြစ်ခဲ့ သည်။ အိုဘားမားသမ္မတလောင်းဖြစ်လာသည့်အခါ ဂျိုးဘိုင်ဒင်ကို ဒုတိယ သမ္မတအဖြစ်ရွေးချယ်လိုက်ကာ အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲ ဝင်၏။
ဘားရက်အိုဘားမား အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသည် နှင့်တူ ဂျိုးဘိုင်ဒင်သည်လည်း ဒုတိယသမ္မတဖြစ်လာခဲ့သည်။ ယခုအခါ သမ္မတရာထူး လက်ရှိ ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ ၄၆ ကြိမ်မြောက် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဒေါ်နယ်ထရမ့်က သူသာ အနိုင်ရသည်ဟုဆိုကာ အမျိုးမျိုးသော ဆန့်ကျင်မှုများ ပြုလုပ် သော်လည်း တရားရုံးများ၏ အဆုံးအဖြတ်အရ ဘိုင်ဒင်သည် အမေရိကန် သမ္မတရာထူးကို ဆက်ခံခဲ့ပြီဖြစ်သည်။
အသက်အငယ်ဆုံး အထက်လွှတ်တော်အမတ်အဖြစ်မှသည် အသက် အကြီးဆုံး အမေရိကန်သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပေသည်။ မူလက အသက်အကြီးဆုံးသမ္မတမှာ ရော်နယ်ရီဂင်ဖြစ်ပြီး အသက် ၇၇ နှစ်တွင် ဖြစ်ခဲ့သည်။ ဘိုင်ဒင်မှာ လွန်ခဲ့သော နိုဝင်ဘာလက ၇၈ နှစ် ပြည့်ခဲ့ပြီး ယခုအခါ ၇၉ နှစ်တွင်းသို့ စတင်ချင်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံရေးတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် အတိုက်အခိုက်များ၊ ဆူပူဆန့်ကျင်မှုများကြားမှ တည်တည်ငြိမ်ငြိမ်ဖြင့် သမ္မတတာဝန်ကို ထမ်းဆောင်တော့မည်ဖြစ်၏။ နိုင်ငံရေးသမားတစ်ဦး အဖြစ် ရင့်ကျက်သော၊ အမြော်အမြင်ရှိသော အဆုံးအဖြတ်များကို ချမှတ် ဆောင်ရွက်မည်ဟု မျှော်လင့်ရသည့် ကတိစကားများကို ပြောကြားခဲ့သည် ဖြစ်ရာ၊ လာမည့်အမေရိကန်သမ္မတသက်တမ်း လေးနှစ်တာကာလတွင် မြန်မာနိုင်ငံနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးကို ထူထောင်နိုင်ပါစေ၊ ကမ္ဘာ့ရေးရာများကို ပိုမိုထိရောက် မှန်ကန်ကောင်းမွန်သော ရေရှည် တိုးတက်ရေးစနစ်တို့ကို ချမှတ်ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်တောင်း လိုက်ရပါသတည်း။ ။