မှောင်မိုက်ခြင်းတို့ကို အတိတ်မှာ မြှုပ်နှံထားခဲ့လိုက်ပြီ

Type
77

 

နေထက်ရှိန်(ကျေးလက်ဦးစီး)
 

လူသားတို့၏ ကမ္ဘာဦးအစက အမှောင်ပကတိ ဖုံးလွှမ်းခဲ့သည်ဆို၏။ အရှေ့ဆီကနေဝန်း ထွန်းပခဲ့ချိန် တောက်ပရဲရင့်လွန်းလှသဖြင့် သူရိယဟု ခေါ်ဆိုခဲ့ကြ၏။ နေကွယ်၍ ညအမှောင်ရောက်ချိန် ကြောက်စိတ်တို့နှင့်အတူ နေမင်းအလင်းကို တောင့်တသည့်ဆန္ဒတို့ ဖြစ်ပေါ်ခဲ့ကြရပြန်၏။ ထိုအခိုက် ညအမှောင်ကိုခွင်း လမင်းက ထွန်းလင်းလာသည့်အခါ ဆန္ဒအရ ပေါ်ထွန်းလာသည့် ငွေစင်ဝန်းကို စန္ဒာဟု ခေါ်ဆိုခဲ့ကြ၏။ ဤသို့ဖြင့် လူသားတို့၏ တောင့်တမှုအရ ပေါ်ထွန်းခဲ့သည့် နေလနှစ်ပါးက   မှောင်မိုက်ခြင်းကို ကမ္ဘာဦးအစကပင် မြှုပ်နှံခဲ့ပြီးဖြစ်ပါ၏။
ပင်မအရင်းအမြစ်ကလျှပ်စစ်ဓာတ်အား
ယနေ့မျက်မှောက်ခေတ်တွင်တော့     လူသားတို့ အတွက်     လိုအပ်သည့်    အလင်းနှင့်    အခြေခံ အဆောက်အအုံ  ပင်မအရင်းအမြစ်က   လျှပ်စစ် ဓာတ်အားဖြစ်သော်လည်း မြန်မာနိုင်ငံ၌  လူတိုင်း လက်လှမ်းမီသေးသည်တော့  မဟုတ်။ အထူးသဖြင့် ဝေးလံခေါင်ဖျားနှင့် ကျေးလက်ဒေသနေ လူအများစု ကတော့ လျှပ်စစ်မီးလင်းရေးနှင့် အလှမ်းဝေးနေဆဲ။ 
အမှန်စင်စစ်    မြန်မာနိုင်ငံ၌   ကျေးရွာများ လျှပ်စစ်မီးလင်းရေးအတွက် သက်ဆိုင်ရာ ဌာနတို့ က အချိန်အတန်ကြာကပင်   ကြိုးစားဆောင်ရွက် နေခဲ့ကြပါ၏။ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက်   အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း    (National Electrification Project- NEP)ကို  ကမ္ဘာ့ဘဏ်အုပ်စု အကူအညီဖြင့် ၂၀၁၃ ခုနှစ်က ရေးဆွဲခဲ့၏။ ၂၀၁၅ ခုနှစ်တွင် စီမံကိန်းကို အတည်ပြုနိုင်ခဲ့ပြီး ၂၀၁၆ခုနှစ် မေလတွင်  ပထမငါးနှစ်စီမံကိန်းကို စတင်ဆောင် ရွက်ခဲ့၏။ ယင်း NEP စီမံကိန်းတွင် မဟာဓာတ်အား လိုင်းစနစ် တိုးချဲ့ဆောင်ရွက်ခြင်း (Grid Extension)နှင့် မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်ခြင်း (Off-grid Electrification System) ဟူ၍    ကဏ္ဍနှစ်ရပ်ပါဝင်၏။   မဟာ ဓာတ်အားလိုင်းပြင်ပစနစ်ကို     ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက   တာဝန်ယူဆောင် ရွက်ရ၏။ ကျေးလက်က ဆောင်ရွက်နေသော မဟာ ဓာတ်အားလိုင်း ပြင်ပစနစ်ဖြင့် မီးလင်းရေးလုပ်ငန်း တွင် တစ်အိမ်ထောင်သုံးဆိုလာစနစ် (Solar Home System)နှင့် အသေးစား  လျှပ်စစ်ဓာတ်အားပေး စနစ် (Mini Grid System) ဟူ၍ လုပ်ငန်းနှစ်မျိုးရှိ၏။ ပထမငါးနှစ်စီမံကိန်းကာလအတွင်း   တစ်အိမ်သုံး ဆိုလာစနစ်ဖြင့်    အိမ်ခြေပေါင်း    ၄၆၅၅၀၀၊ အသေးစားဓာတ်အားစနစ်ဖြင့်      အိမ်ခြေပေါင်း ၃၅၅၀၀၊ အများပြည်သူပိုင်အဆောက်အအုံ ၁၁၄၀၀ နှင့် လမ်းမီးတိုင်ပေါင်း ၁၉၀၀၀ တို့  ဆောင်ရွက်ရန် လျာထား၏။
စီမံကိန်းကျေးရွာရွေးချယ်ရာတွင်         ပထဝီ အနေအထားအရ   ကုန်ကျစရိတ်   အနည်းဆုံးနှင့် နောင်လာမည့်   ၁၀ နှစ်အတွင်း  မဟာဓာတ်အား လိုင်းမှ   လျှပ်စစ်မီးမရနိုင်သည့်   ကျေးရွာများကို ရွေးချယ်၏။  ထိုကျေးရွာများ၏ အိမ်ခြေနှင့် လူနေ ထူထပ်မှု၊ NEP စီမံကိန်း၏ မဟာဓာတ်အားလိုင်း စနစ်   ကျေးရွာစာရင်းတွင်   မပါဝင်မှု၊   ယခင် ကျေးလက်ဦးစီး ရန်ပုံငွေဖြင့်  မီးလင်းရေး ဆောင် ရွက်ခဲ့သည့် ကျေးရွာမဟုတ်မှု၊ မဟာဓာတ်အားလိုင်း မှ   အနည်းဆုံး  ၁၁  မိုင်အထက်   ကွာဝေးသည့် ကျေးရွာဖြစ်မှု   စသည့်အချက်များကို   မူတည်၍ ဦးစားပေး သတ်မှတ်ရ၏။ ထို့အတူ ပြည်သူထည့်ဝင် မှုအဖြစ် တစ်အိမ်သုံး ဆိုလာစနစ်အတွက်  တစ်စုံစာ ကုန်ကျငွေ၏  ၁၀ ရာခိုင်နှုန်းမှ  ၂၀ ရာခိုင်နှုန်းနှင့် အသေးစားလျှပ်စစ်ဓာတ်အားစနစ်အတွက် ကုန်ကျ ငွေ၏ ၂၀ ရာခိုင်နှုန်းပါရှိရန်လိုအပ်၏။  ထိုသတ်မှတ် ချက်များနှင့်ကိုက်ညီသော ကျေးရွာများတွင် တစ်ရွာ အပါအဝင်ဖြစ်သော    ဘန့်ဘွေးကုန်း   ရေတာရွာ သည် ၂၀၂၁  ခုနှစ် ဩဂုတ်လဆန်းကစ၍ မှောင်မိုက် ခြင်းသမိုင်းဟောင်းကို    မြှုပ်နှံပြီး   သမိုင်းသစ်၌ လျှပ်စစ်မီးတို့ဖြင့်  လင်းထိန်နေပြီဖြစ်ပါ၏။
ဘန့်ဘွေးကုန်းနှင့်ရေတာ
ဧရာဝတီတိုင်းဒေသကြီး    မြန်အောင်မြို့နယ် အတွင်း ပုသိမ်-မုံရွာလမ်းမကြီးဘေးတွင်   ဘန့်ဘွေး ကုန်းနှင့်ရေတာဟူသည့်     နှစ်ရွာတွဲရွာတစ်ရွာရှိ၏။ စုစုပေါင်းအိမ်ခြေ  ၄၀၀ ကျော်ရှိပြီး   လမ်းဆုံကျ သဖြင့် အတော်အတန် စည်ကား၏။ အဝေးပြေးကား များရပ်နားသည့်   စားသောက်ဆိုင်များ    ကုန်စည် လက်ကားဖြန့်ချိရေး    ဆိုင်ကြီးများလည်း    ရှိ၏။ လမ်းမကြီးဘေးကရွာဖြစ်သော်လည်း    မြို့ပြနှင့် အလှမ်းကွာဝေးသော   ကျေးလက်တို့၏   ထုံးစံ အတိုင်း   ညအချိန်ဆိုလျှင်    မှောင်မည်းတိတ်ဆိတ် နေကြရသည်ကတော့ ရွာတည်စကာလကနေ ၂၀၂၁ ခုနှစ် ဇူလိုင်လတိုင်အထိ ဖြစ်ခဲ့ပါ၏။
“အရင်က ညဆိုလမ်းတွေက   မှောင်မည်းလို့ ညရေးညတာဆို  သွားလာရခက်သပေါ့။  ကလေး တွေ စာကျက်ဖို့တောင် ဆိုလာမီး မှိန်မှောင်မှောင်နဲ့ ပေါ့။    ခုတော့    အိမ်တွေသာမက   လမ်းပေါ်ပါ လင်းထိန်လို့   ကလေးတွေ   ကစားနေကြတာမြင်ရ တော့     အဘွားတို့ငယ်ငယ်က   ညဘက်လသာမှ အပြင်ထွက်ကစားခဲ့ကြရတာတောင်        သတိရမိ သေးတယ်”   ဘန့်ဘွေးကုန်းရွာသူ   အဘွားအို တစ်ဦးက ၎င်း၏ငယ်ဘဝအမှတ်တရကို ပြောပြ၏။
“ကျွန်တော့်ဆိုင်မှာ  ရေခဲသေတ္တာ ခုနစ်လုံးရှိ တယ်။ အရင်က ညဘက်ဆို ခြောက်နာရီလောက် မီးစက်မောင်းရတယ်။ အဲဒီလောက်မောင်းမှ အထဲ က ငါး၊ ပုစွန်တွေ၊ အအေးဘူးတွေက ခံတယ်။ ဆီဖိုး က တစ်ညတစ်သောင်းလောက်ကုန်တယ်။   ခုတော့ မီးစက်မမောင်းရတော့ဘူး။ မီတာက နေ့ညအကုန် သုံးတာ  ၁၅ ယူနစ်ပဲတက်တယ်။  တစ်ယူနစ် ၃၅၀ ကျပ်ဆိုတော့ ငွေကျပ်  ၅၂၅၀ ပဲကျတယ်၊  ကုန်ကျ စရိတ်က    တစ်ဝက်လောက်   သက်သာသွားပြီ” ဟု ပင်လယ်စာနှင့်   အအေးစုံလက်ကား   ဖြန့်သည့် ဧရာဝတီကုန်စုံဆိုင်ပိုင်ရှင်က        စီးပွားရေးတိုးတက် လာမှုကို ခပ်ပါးပါးလေး ကြွား၏။ 
“အရင်က   ထင်းနဲ့ချက်ရတယ်၊   မီးခိုးကမွှန် ပြာတွေကလွင့် ခုတော့  ထမင်းပေါင်းအိုးနဲ့ ဒယ်အိုး အနီနဲ့ချက်တော့ အများကြီး သန့်ရှင်းသွားပြီ”ဟု အိမ်ရှင်မတစ်ဦး၏ ရိုးရိုးရှင်းရှင်း စကားနောက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုကို  မြင်ရ၏။ ရွာအပြင်ဘက်တောင်ကုန်းငယ်ထက်က ကျေးလက် ဌာနက ပြည်သူ၏   ပူးပေါင်းမှုဖြင့်   ဆောင်ရွက်ခဲ့သည့် ကီလိုဝပ်  ၁၆၀ ခန့် ထုတ်လုပ်နိုင်သော ဆိုလာစနစ် သုံး   အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်က ကျေးရွာအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၏ ပင်မ ထောက်တိုင်သုံးခုလုံးကို  ထောင်မတ်ပေးလိုက်ပြီ  ဖြစ်သည်။
အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်
အသေးစား     လျှပ်စစ်ဓာတ်အားပေးစနစ်က မီးလင်းရေးသာမက  ဆန်စက်၊ ဆီစက်၊ ကြိတ်ခွဲစက်၊ တွင် ခုံဂဟေဆော်လုပ်ငန်း စသည့်   အသေးစား ကုန်ထုတ်လုပ်ငန်းများကိုပါ     ပါဝါမီတာအဖြစ် စွမ်းအား ၁၀   ကီလိုဝပ်အထိ   ဆောင်ရွက်နိုင်၏။  နောင်တစ်ချိန်  မဟာဓာတ်အားလိုင်း    ရောက်ရှိလာ လျှင် မဟာဓာတ်အားလိုင်းစနစ်ဖြင့်   ချိတ်ဆက် နိုင်သည့်   Grid ready   စနစ်လည်း    ဖြစ်၏။ အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်  (Mini Grid System)ဆောင်ရွက်ရာတွင် စွမ်းအားသတ်မှတ်ချက် အနေဖြင့်   ၁၀ ကီလိုဝပ်မှ   တစ်မီဂါဝပ်အတွင်း ထုတ်လုပ်ခွင့်ရှိ၏။    လျှပ်စစ်ဓာတ်အားထုတ်လုပ် ခြင်းအတွက်   လိုအပ်သည့်စွမ်းအင်ကို  ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်တို့နှင့် စပါးခွံကဲ့သို့ ဇီဝလောင် စာတို့ကို    အသုံးပြုရ၏။ ထို့ကြောင့်   စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် အမှတ်(၇)နှင့်လည်း    လိုက်လျော ညီထွေဖြစ်၏။   ထို့အပြင်  လမ်းမီးများကို အမြဲတမ်း အခမဲ့နှင့်   စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ ဘာသာရေးဆိုင်ရာ   အဆောက်အအုံများစသည့်    အများပြည်သူ နှင့်ဆိုင်သည့် နေရာဌာနများအတွက် လစဉ် ယူနစ် ၁၀၀ အထိ  အခမဲ့လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရမည် ဖြစ်၏။
လျှပ်စစ်မီး ထိန်ထိန်ညီး
ဧရာဝတီတိုင်းဒေသကြီးအတွင်း    အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီး ထိန်ထိန် ညီးနေသည့်ကျေးရွာက  ထို  ဘန့်ဘွေးကုန်းရေတာ ရွာချည်းတော့မဟုတ်။ ပုသိမ်-မုံရွာ လမ်းမကြီးဘေး ၌ပင်လျှင်   မြန်အောင်မြို့နယ်အတွင်း အခြားရွာ သုံးရွာ   လေးမျက်နှာမြို့နယ်နှင့် ကြံခင်းမြို့နယ် တို့တွင် တစ်ရွာစီ  စုစုပေါင်းရွာငါးရွာတွင်လည်း ယခုနှစ်ပိုင်းအတွင်း     စုစုပေါင်းစွမ်းအား ၃၅၀ ကီလိုဝပ်ထွက်ရှိသည့် အသေးစား လျှပ်စစ်ဓာတ်အား ပေးစနစ်များ       ဆောင်ရွက်ထားနိုင်ခဲ့သဖြင့် အိမ်ထောင်စု ၇၀၀ ကျော်၏  လူမှုစီးပွားဘဝများ တိုးတက်ပြောင်းလဲနေခဲ့ပြီဖြစ်ပါ၏။ တိုင်းဒေသကြီး စာရင်း စုစုပေါင်းလျှင်   ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသည့် ကျေးရွာ ၁၄ ရွာ အိမ်ထောင်စု ၃၆၅၇ အိမ်အတွက် ထုတ်လုပ်နိုင်သည့် စွမ်းအား စုစုပေါင်းက ၁ ဒသမ ၁၂၆ မီဂါဝပ်ရှိ၏။ မကြာခင် လပိုင်းအတွင်း  ပြီးမည့်လုပ်ငန်းက ၁၀ ခု၊ ကျေးရွာ ၁၄ ရွာ   အိမ်ထောင်စု ၄၄၀၀   ကျော်အတွက် ထုတ်လုပ်မည့် စွမ်းအားစုစုပေါင်းက ၁ ဒသမ ၇၆၅ မီဂါဝပ် ရှိ၏။ ယင်းတို့အထဲမှ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ၌         ဆောင်ရွက်နေသည့် အသေးစား   လျှပ်စစ်ဓာတ်အားပေးစနစ်ဆိုလျှင် ထုတ်လုပ်စွမ်းအား ၀ ဒသမ ၇၁၂ မီဂါဝပ်ရှိသည့် အတွက်   အရှေ့တောင်အာရှနိုင်ငံများ၌  ကျေးရွာ မီးလင်းရေးအတွက်ဆောင်ရွက်သည့်  Solar Mini Grid စနစ်များ၏  အကြီးဆုံးစနစ်များတွင်  တစ်ခု အပါအဝင်ဖြစ်သည် ဆို၏။ ထို့အတူ ယခုလပိုင်းတွင် စတင်တည်ဆောက်နေပြီး ၂၀၂၂ ခုနှစ်အတွင်း ပြီးစီး မည့် စီမံကိန်းငါးခုကလည်း  ကျေးရွာ ၁၀ ရွာမှ အိမ်ထောင်စု ၁၂၀၀ ကျော်အတွက်    စုစုပေါင်း စွမ်းအား   ၀ ဒသမ ၅၈၅   မီဂါဝပ်   ထုတ်လုပ် ပေးနိုင်မည် ဖြစ်၏။ ထိုထိုသော ကျေးရွာပေါင်း ၃၄ ရွာ၏  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊  အိမ် ထောင်စုပေါင်း ၉၂၅၀ ကျော်၏ လူမှုရေးအဆင်ပြေ မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့သည်   စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်နှင့်အညီ တိုးတက်လာတော့မည် ဖြစ်ပါ၏။
အမှန်စင်စစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက  ဆောင်ရွက်နေသော အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်က ကျေးလက်ဒေသတို့ ၏ ပကတိညအမှောင်ကိုသာမက ဆင်းရဲခြင်း ဘဝ အမှောင်တို့ပါ ဖယ်ရှင်းမည့် အလင်းရောင်ပေးနေ သည့်အတွက် မှောင်မိုက်ခြင်းတို့ကို အတိတ်မှာမြှုပ်နှံ ထားခဲ့လိုက်ပြီဟု ဆိုနိုင်မည်ဖြစ်ပါကြောင်း။         ။