မောင်တော၊ မိုင်းဆတ်၊ နောင်ချိုနှင့် ရွာငံမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  စက်တင်ဘာ   ၆


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် မောင်တောမြို့နယ် (၄)မိုင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် မောင်လှသိန်းနှင့် မနုနု(ခ)ချေချေ တို့အား   မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း။ 


အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် မိုင်းဆတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မိုင်းဆတ်မြို့ ဝိန်းနေ ရပ်ကွက်အနီး၌ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်အားလှဲချ၍ တောအတွင်းသို့ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၇ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် နောင်ချိုမြို့နယ် အိုရီယမ်တယ်တိုးဂိတ် မူဆယ်- မန္တလေးသွား ကားလမ်း မိုင်တိုင်အမှတ် (၇၉/၁)အနီးတွင် အိုက်အွမ် မောင်းနှင်ပြီး မအေးရွှေလူ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း။  


ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ် ကျောက်ကူပြင်ကျေးရွာအုပ်စု ကျောက်ကူပြင် ကျေးရွာ အနီးတွင် ကိုကိုလတ်(ခ)ကိုလတ် မောင်းနှင်လာသည့် ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ   ဘိန်းဆီခဲ  ၄၆  ဒသမ  ၅  ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရ သည်။


သတင်းစဉ်