မွေးမြူရေးလုပ်ငန်းများ စနစ်တကျလုပ်ကိုင် ဇီဝမြေဩဇာများ ထုတ်လုပ်ရန်ကြိုးပမ်း

 

လယ်ယာစိုက်ပျိုးရေးကဏ္ဍ    သီးနှံအထွက်တိုးတက်ရေး အတွက်  လိုအပ်သည့်   သွင်းအားစုများတွင်   မြေဩဇာကို လုံလုံလောက်လောက် ရရှိအသုံးပြုနိုင်ရေးက လွန်စွာအရေးပါ သည်။ မိမိတို့နိုင်ငံတွင်  စိုက်ပျိုးသည့် သီးနှံအမယ်စုံအနက် စပါးသီးနှံက မြေဩဇာသုံးစွဲမှုပမာဏအများဆုံးဖြစ်သည်။ ယခုနှစ်    စိုက်ပျိုးရာသီတွင်    ဆေ ာင်းသီးနှံ    ပဲတီစိမ်းဧက ငါးသိန်းနှင့် နွေစပါးဧက ရှစ်သိန်းခွဲတို့ စိုက်ပျိုးသွားမည်ဖြစ်ရာ အရေးကြီးသော သွင်းအားစုဖြစ်သည့် မြေဩဇာရရှိရန်လည်း လိုအပ်လာသည်။

 


“ဓာတ်မြေဩဇာများနှင့်  စက်သုံးဆီများ  လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်း တွင် မြေဩဇာသည်  အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊  ပြည်တွင်း၌ မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် ဇီဝမြေဩဇာ များ   ရရှိရေးအတွက်လည်း   ဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို   စနစ်တကျမွေးမြူ၍လည်း   ဇီဝ မြေဩဇာများ  ထုတ်လုပ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း”    နိုင်ငံတော်အကြီးအကဲ    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 


မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအဓိကနိုင်ငံ ဖြစ်သော်လည်း     ပြည်တွင်းသုံးစွဲရန်     လိုအပ်သည့်ဓာတ်မြေဩဇာပမာဏကို   ပြည်တွင်း၌   လုံလောက်အောင်  ထုတ်လုပ်နိုင်ခြင်းမရှိသည့် အတွက် ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည်။ ထို့အပြင် ဒေသ တွင်း နိုင်ငံအချို့နှင့်   နှိုင်းယှဉ်ချက်အရ   မြန်မာနိုင်ငံတွင်  ဓာတ်မြေဩဇာဈေးနှုန်းမှာ ကြီးမြင့်နေပြီး ယင်း၏အကျိုးဆက် အနေဖြင့်  သီးနှံအတွက်လိုအပ်သည့်  ပမာဏကို  အချိုးကျ ထည့်သွင်းနိုင်ခြင်းမရှိကြောင်း၊ စပါးတစ်ဧက ပန်းတိုင်အထွက် နှုန်း တင်း  ၁၀၀  ထွက်ရှိရန်   ယူရီးယား၊  တီစူပါ၊ ကွန်ပေါင်း/ပိုတက်ရှ်ဓာတ်မြေဩဇာသုံးအိတ်နှုန်း    သုံးစွဲရန်လိုအပ်ကြောင်း နှင့်   သီးနှံအထွက်တိုးရေးနှင့်  ရေ၊ မြေ  အရည်အသွေး ထိန်းသိမ်းရေးအတွက် သဘာဝမြေဩဇာ ဇီဝမြေဩဇာများ ထုတ်လုပ်သုံးစွဲရန်လိုအပ်ကြောင်း   လေ့လာချက်များတွင် ဖော်ပြထားသည်။

 


စင်စစ်အားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှာ အပြန် အလှန် မှီခိုဆက်စပ်နေပြီး စနစ်တကျ၊ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်သည်နှင့်အမျှ ပိုမို၍ အကျိုးဖြစ်ထွန်းနိုင်သည့် လုပ်ငန်းများဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာ သည့်  ကောက်ရိုး၊  နှမ်းရိုး၊ စပါးခွံ၊  ပဲခွံ၊  နေကြာပွင့်ဖတ်၊ ပြောင်းဖူးအူတိုင်၊ ပြောင်းဖူးဖတ် စသည့်ဘေးထွက်ပစ္စည်း များ၊  မွေးမြူရေးလုပ်ငန်းများမှ   ထွက်လာသည့်   နွားချေး၊ ကျွဲချေး စသည့်တိရစ္ဆာန်စွန့်ပစ္စည်းများ စသည်တို့မှာ သဘာဝ မြေဩဇာ၊ ဇီဝမြေဩဇာများ ပြုလုပ်နိုင်သည့် အခြေခံပစ္စည်း များပင်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တစ်ဦးတည်းဖြစ်စေ၊ အကျိုးတူပူးပေါင်း၍ဖြစ်စေ၊ သမဝါယမ စနစ်ဖြင့်ဖြစ်စေ  ပေါင်းစပ်လုပ်ကိုင်ကြခြင်းအားဖြင့်   ပိုမို အကျိုးဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။     ။