MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် (၁၃) ဆက်လက်ကျင်းပပြီး VUC အသင်း ဆက်လက်ဦးဆောင်

 

ရန်ကုန်  ဖေဖော်ဝါရီ  ၁၇


MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် (၁၃) ကို ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း ရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ   လက်ရှိ ချန်ပီယံ VUC အသင်းဆက်လက် ဦးဆောင်လျက်ရှိသည်။


ပွဲစဉ် (၁၃) တွင် VUC အသင်း က MIU အသင်းကို ခြောက်ဂိုး-နှစ် ဂိုး၊  M2K အသင်းက ဖူဆယ်ချစ်သူ အသင်းကို သုံးဂိုး-နှစ်ဂိုး၊ Winner Soccer အသင်းက Futsal-19 အသင်းကို     သုံးဂိုး - တစ်ဂိုး၊ Generations     အသင်းက လင်းလက်အသင်းကို  ငါးဂိုး- သုံးဂိုး၊  Dream  Team   အသင်း က         လက်ဝဲသုန္ဒရအသင်းကို ကိုးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 


ပွဲစဉ် (၁၃) အပြီးတွင် VUC အသင်း က ရမှတ် ၃၉ မှတ်ဖြင့် ဦးဆောင် နေပြီး MIU အသင်းက ၂၈ မှတ်၊ Winner  Soccer   အသင်းနှင့် Generations အသင်းတို့က ၂၆ မှတ်စီ၊  Futsal-19 အသင်းက  ၁၆ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ၁၅ မှတ်၊ Dream Team အသင်းက ၁၂ မှတ်၊ M2K အသင်းက ၁၁ မှတ်၊ လင်းလက်အသင်းက ၁၀ မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခုနစ်မှတ် ရရှိထားသည်။


ယခုတစ်ပတ်တွင် ထိပ်ဆုံးမှ VUC အသင်းနှင့် ဒုတိယနေရာမှ MIU အသင်းတို့ ထိပ်တိုက်တွေ့ဆုံ ခဲ့ပြီး VUC အသင်းက လက်ကျန် ငါးပွဲအလိုတွင်   ပထမနေရာရ ယူနိုင်ရန် အခြေအနေကောင်းသွား ခဲ့သည်။


 Dream Team အသင်းသည် နိုင်ပွဲဆက်ခဲ့သဖြင့်        ဇယား အောက်ပိုင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက်   Play-off ဝင်ခွင့်အတွက်   VUC  အသင်း သေချာနေပြီ   ဖြစ်သော်လည်း ကျန်နှစ်နေရာအတွက်   MIU အသင်း၊ Winner Soccer အသင်း နှင့်  Generations   အသင်းတို့ အပြိုင်လုရမည်ဖြစ်သည်။


ညီမြတ်သော်တာ
ဓာတ်ပုံ-MFF