
ရန်ကုန် ဧပြီ ၂၂
MFF ဖူဆယ်လိဂ်-၂ ပြိုင်ပွဲ ဒုတိယအကျော့ ပထမဆုံးရက်သတ္တပတ် ဖြစ်သည့် ပွဲစဉ် (၈) ကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ စတင်ကျင်းပရာ ထိပ်ဆုံးနေရာအပြောင်း အလဲဖြစ်ပေါ်ခဲ့သည်။
ပထမအကျော့အပြီး ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည့် ရွှေပြည်သာအသင်းသည် ဒုတိယအကျော့အဖွင့်ပွဲတွင် မထင်မှတ်ဘဲ အရေးနိမ့်ခဲ့သည်။ ပထမအကျော့အပြီး ဒုတိယနေရာရပ်တည်ခဲ့သည့် လက်ဝဲသုန္ဒရအသင်းမှာမူ ရွှေပြည်သာ အသင်း ရှုံးပွဲကြုံတွေ့မှုကို အသုံးချနိုင်ခဲ့ ပြီး အနိုင်ရလဒ်နှင့်အတူ ဇယားထိပ်ဆုံး ရော ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ချန်ပီယံ ဆုအပါအဝင် တန်းတက်ခွင့်နှစ်နေရာ အတွက် လက်ကျန်ပွဲများမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။ ပွဲစဉ် (၈) တွင် လက်ဝဲသုန္ဒရအသင်းက Maryar အသင်းကို ခုနစ်ဂိုး-လေးဂိုး၊ Dream Team Legends အသင်းက NY အသင်းကို လေးဂိုး-တစ်ဂိုး၊ Red Eagles အသင်းက ရွှေပြည်သာအသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရိုးမအသင်းနှင့် M-Million အသင်းတို့ ငါးဂိုးစီသရေကျခဲ့ သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF