
ဆရာမဲဇာ
ထုံးစံအရ သီတင်းကျွတ်ကာလမှာ မိဘတွေအတွက် အလုပ်များသည့်ကာလပင် ဖြစ်ပါသည်။ မိဘဝတ္တရားအရ ချီးမြှင့်ရမည့် အရွယ်ရောက်သားသမီးများအတွက် အိမ်ရာထူထောင်ပေးရမည့် တာဝန်မှာ မသေးလှသောတာဝန်ပင်။ သို့ရာတွင် ထိုတာဝန်ကို ကျေချင်လျက် မကျေနိုင်အောင် ကိုဗစ်-၁၉ ကပ်ဆိုးက ဟန့်တား နေသည်မှာ နှစ်သီတင်းပင် ကျွတ်တော့မည်။
မိဘဝတ္တရားများ
သို့သော် ဝတ်ကျေတန်းကျေ လက်ထပ်ပေးရုံ နှင့် မရ။ မိဘတို့မှာ “ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်း” ဆိုသည့် ရှေ့ပြေးဝတ္တရားတစ်ခုက ရှိနေပါသည်။ နှစ်ဖက်မိဘများက တင့်တင့်တယ်တယ် မင်္ဂလာ ဆောင်ဖြစ်စေရန် တာဝန်ယူကြရ၏။ သားသမီး များ၏ မင်္ဂလာဦးအတွက် အရင်းအနှီးပြုရခြင်း ဖြစ်တော့၏။ ထိုမျှမက အိမ်ထောင်တစ်ခုကို လူလူ သူသူ ထူထောင်နိုင်ရန်အတွက် ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေး၊ စီးပွားရေးကအစ အရင်းအနှီးပြုပေးရ သည့်တာဝန်ကို မြန်မာမိဘများက ထမ်းဆောင်ရ သည့် ဝတ္တရားလည်း ဖြစ်ပါ၏။
အချို့သော တောင်ပေါ်တိုင်းရင်းသားများကမူ ဆယ်ကျော်သက်အရွယ်ကတည်းကပင် သမီးများ ကို အိမ်ထောင်ချပေးသည်ကို တွေ့ရ၏။ မေးကြည့် သောအခါတွင် “မိဘတွေက သင့်တော်ရာကို ရွေးချယ်ထိမ်းမြားပေးခြင်း ပြုရပါသည်။ မိဘတို့က အိမ်ထောင်မချပေးလျှင် သူတို့ဘာသာသူတို့ အိမ်ထောင်ကျကုန်မှာစိုး၍ ဖြစ်သည်”ဟု ဖြေကြ၏။ မှန်ပါ၏။ ဆယ်ကျော်သက်ကလေးများကြားတွင် အိမ်ထောင်ပြုချင်စိတ်များ တဖွားဖွားပေါ်ပေါက် လာအောင် ဆွဲဆောင်နေသော အရာများ၊ တွန်းပို့ နေသော အရာများမှာ လူကြီးများ လက်လှမ်းမမီ အောင် ပြည့်နှက်၍နေ၏။ ထိုဆွဲအား တွန်းအားများ ကို ကြံ့ကြံ့ခံနိုင်မည့် “ယဉ်ကျေးမှု ကိုယ်ခံအား”သည် ကမ္ဘာပြုမှုကြီး၏ အလယ်တွင် ပွန်းပဲ့တိုက်စား၍ သွားပေပြီ။
ကျန်းမာရေးကိုယ်ခံအား
သို့ဖြစ်၍ မိဘတို့၏ “ပေးဝေနှီးရင်း” ရမည့် ဝတ္တရားထဲတွင် “ယဉ်ကျေးမှုကိုယ်ခံအား” တိုးမြှင့် ပေးရန် မနိုင်ဝန်ကို ထမ်းကြရပေ၏။ ဤတာဝန်ကို “ကိုဗစ်-၁၉ ကပ်ကာလကြီး” ထဲတွင် ထမ်းရခက် သည် မှန်သော်လည်း မိဘတို့ လွယ်လွယ်ကူကူနှင့် မြှင့်တင်ပေးနိုင်သော “ကျန်းမာရေးကိုယ်ခံအား” ထဲတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ရှိနေပြီဖြစ်ကြောင်း၊ အသက် ၁၂ နှစ် အရွယ်ကပင် စတင်၍ ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ကြောင်း သတင်းကောင်းနှင့်အတူ အခမဲ့စနစ်တကျ ဝန်ဆောင်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများ၊ ကြီးကြပ်ဆောင်ရွက်ပေးနေသော ပညာရေးဝန်ထမ်း များနှင့် လွယ်ကူလျင်မြန်စွာ ကာကွယ်ဆေးထိုး ပေးဖို့ စီမံခန့်ခွဲပေးနေသော တာဝန်ရှိသူ အသီးသီးက တစ်နိုင်ငံလုံးမှာ စောင့်ကြိုနေပြီဖြစ်ကြောင်း တွေ့ နေသိနေရပါပြီ။
မိမိတို့၏ ဆယ်ကျော်သက်အရွယ် သား၊ သမီး များကို ကာကွယ်ဆေးထိုးပေးလိုက်ခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ် ကို တားဆီးကာကွယ် ပေးခွင့်ရပါပြီ။ မိဘတို့ကသာ သဘောတူကြည်ဖြူပြီး ကာကွယ်ဆေးထိုးခွင့်ပြု လိုက်လျှင် သားသမီးတို့အနာဂတ်အတွက် အရင်း အနှီးကြီးကြီးတစ်ခုမြှုပ်နှံပေးလိုက်ခြင်းပင် ဖြစ်ပါ၏။
ကာကွယ်ဆေးများ ပေါ်ပေါက်
မနှစ်က ကိုဗစ်ကပ်ကို နဖူးတွေ့ ဒူးတွေ့ ကျွန်တော်တို့ တွေ့ခဲ့ကြ၏။ နှာခေါင်းစည်းတပ်ရုံမှ တစ်ပါး အခြားအကာအကွယ်မရှိ။ လက်ဆေးဖို့နှင့် အိမ်ထဲမှာအောင်းနေကြဖို့၊ လူစုလူဝေး မလုပ်ဖို့သာ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ကြပါ၏။ ယခုမူ သိပ္ပံ ပညာ၏ စွမ်းပကားကြောင့် “ကိုဗစ်-၁၉” ရောဂါ ကာကွယ်ဆေးများ ပေါ်ပေါက်ကာ သားသမီးတို့၏ ကျောင်းထဲအထိ ရောက်လာပေပြီ။
တစ်ဖက်မှလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ကျောင်းထဲရောက်မလာမီ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးက ကျောင်းထဲအိမ်ထဲ ရောက်မလာဟု မည်သူမျှ မပြောနိုင်။ မြန်မာပြည်တွင် ၁၂-၁၀-၂၀၂၁ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါဖြစ်သူပေါင်း ၄၈၁၂၃၀ ရှိပြီး သေသူပေါင်းမှာ ၁၈၁၈၈ ဦး ရှိသွားပါပြီ။ တစ်ကမ္ဘာလုံးတွင်မူ လူပေါင်း ၂၃၈ သန်းကျော် ရောဂါ ရပြီး ငါးသန်းခန့် သေကျေခဲ့ရပြီး ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်ဆန်းက ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးအသွင် စတင်ဖြစ်လာချိန်တွင် သက်ကြီး ရွယ်အိုများ၊ ရောဂါအခံရှိသူများမှာသာ ကူးစက်ခံရ၍ သေကြောင်းသတင်းများ ထွက်ခဲ့၏။ လူငယ်များမှာ ရောဂါကူးစက်၍ မလွယ်ကြောင်း၊ ကူးစက်ခံရလျှင် လည်း သေကောင်ပေါင်းလဲ မဖြစ်နိုင်ကြောင်း သတင်းပျံ့ခဲ့၏။ မြန်မာပြည်၏ အတွေ့အကြုံအရ ကလေးငယ်တွေမှာပါ ဖြစ်ပွားပြီး သေဆုံးမှုရှိခဲ့ ကြောင်း သိပြီးဖြစ်ပါသည်။ ထို့ပြင် လူများစုကြီးမှာ ရောဂါရသည့်တိုင် ရောဂါလက္ခဏာ မပြသူများ၊ နှာခေါင်းအနံ့ ပျောက်သူများသာရှိကြောင်း သိရှိ ထားပြီး ဖြစ်ပါသည်။
ဗီဇပြောင်းဒယ်လ်တာပိုး
ဖျားနာသူကို ရှာဖွေနေသော စက်ကိရိယာများ အောက်တွင်ပင် ထိုသူများ လွတ်မြောက်သွား၏။ အရှိန်မပျက် သွားလာလှည့်လည်လုပ်ကိုင်ရင်း ကိုဗစ်-၁၉ ရောဂါပိုးကို ဖြန့်ခဲ့ကြ၏။ ထိုစဉ်က ရောဂါပိုးများသည် အပျော့စားဖြစ်၍ သွေးတိုး၊ ဆီးချို၊ အဝလွန်၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ အခံရှိ သူများနှင့် လူကြီးများအချို့သာ သေခဲ့ကြ၏။
ရုတ်တရက် ကိုဗစ်-၁၉ သည် အချိုးပြောင်းသွား ၏။ ဗီဇပြောင်းဒယ်လ်တာပိုးမျိုးသည် လျင်မြန်စွာ ကူးစက်ပြီး ရောဂါပြင်းထန်စွာ ခံစားသေကျေစေ၏။ မြန်မာလူကြီး လူငယ်မရွေး အငိုက်မိကာ အရှိုက်ထိ သွားခဲ့ရ၏။ တန်ဖိုးရှိသော လူကြီးလူငယ်များစွာ ကွယ်လွန်ခဲ့ကြရလေသည်။
အိမ်နီးချင်းနိုင်ငံများ
ကိုဗစ်-၁၉ ရောဂါကို နိုင်နင်းစွာ ထိန်းချုပ်နိုင် သည်ဟု နာမည်ကောင်းရနေသော ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် မြန်မာနိုင်ငံကို လျင်မြန်စွာ ကျော်တက်၍ သွားတော့၏။ သို့သော် သတိထားရန် အချက်များရှိနေ၏။
“ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးလုံးရေ ၆၁ သန်း ထိုးပေးပြီး ၎င်းတို့လူဦးရေ၏ သုံးပုံတစ်ပုံ မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်လျက် တစ်ကြိမ်ဆေးထိုးထားသူပေါင်းမှာ ၅၀ ရာခိုင်နှုန်း ကျော်ရှိသည်” ဆိုသောအချက်ကို သတိပြုရန် လိုပါသည်။
မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁၀ ဒသမ ၄၉ ရာခိုင်နှုန်းခန့်ကို အကြိမ်ပြည့်ထိုးနှံပေးပြီး ယခုနှစ်ကုန်တွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပြီးဖြစ်ဖို့ ရည်မှန်းထားပါသည်။ ဦးတည်အုပ်စု ၂၄ စု သတ်မှတ်ပြီး ကာကွယ်ဆေး ထိုးပေးလျက်ရှိရာတွင် “ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားလူငယ်များ” မှာလည်း ဦးတည်အုပ်စု တစ်စုအဖြစ်သတ်မှတ်ကာ စတင်ထိုးပေးလျက်ရှိ နေပါပြီ။
မိဘများအနေဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံတည်းက ချွန်ပြီး ကျောင်းသား လူငယ်လေးတွေကို ကာကွယ် ဆေး ထိုးပေးသလားဟု သံသယမပွားစေရန်အတွက် မည်သည့်နိုင်ငံများတွင် ဤသို့ဆောင်ရွက်နေ ကြောင်း နမူနာကိုလည်း ကြေညာထားပြီဖြစ်ပါသည်။
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ
- ထိုင်းနိုင်ငံ
- စင်ကာပူနိုင်ငံ
- မလေးရှားနိုင်ငံ
- ကမ္ဘောဒီးယားနိုင်ငံ
- လာအိုနိုင်ငံ
စသည့် အိမ်နီးချင်းနိုင်ငံများတွင် ထိုးပေးနေပြီ ဖြစ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံတွင်ဆိုလျှင် လူဦးရေ၏ ၉၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးဖြစ် ကြောင်း၊ လူငယ်ကျောင်းသားများကို ပထမအသုတ် အနေဖြင့် ၁၈ နှစ်အထက်၊ ဒုတိယအသုတ် ၁၂ နှစ်မှ ၁၈ နှစ်၊ တတိယအသုတ် ခြောက်နှစ်မှ ၁၂ နှစ် အထိ ထိုးရန်စီစဉ်ထားပြီးဖြစ်ကြောင်း သိရှိရပါ သည်။
ကျွန်တော်တို့က အသက် ၁၂ နှစ်အရွယ် ကလေးတွေကို “ကာကွယ်ဆေး ကိုဗစ်-၁၉ ထိုးလို့ ဖြစ်မှ ဖြစ်ပါ့မလား” ဟု စဉ်းစားဗျာများနေချိန်တွင် ကမ္ဘောဒီးယားက အသက် ခြောက်နှစ်အရွယ်အထိ ထိုးပေးဖို့ ပြင်ဆင်နေပေပြီ။
မကြာမီက ပြုလုပ်ခဲ့သော သုတေသန တစ်ခုတွင်-
- ကလေးများသည်လည်း လူကြီးများကဲ့သို့ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း၊
- အသက်ငယ်သော ကလေးများအတွက်ပါ ထိရောက်သော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို ဖော်ထုတ်လျက်ရှိကြောင်း၊
- ကာကွယ်ဆေးထုတ်လုပ်သော ကုမ္ပဏီကြီး နှစ်ခုက အသက် ငါးနှစ်မှ ၁၁ နှစ်အထိ ကလေးငယ်များအတွက် ကာကွယ်ဆေး ထုတ်လုပ်ပြီးဖြစ်၍ အမေရိကန်နိုင်ငံ FDA မှ အရေးပေါ် အသုံးချခွင့်ပြုရန် တင်ပြထား ကြောင်း တွေ့ရှိရလေသည်။
ကောင်းရာညွှန်လတ်
သို့ဖြစ်၍ မြန်မာမိဘတို့အနေဖြင့် ဤသီတင်း ကျွတ်ကာလ အခါသမယတွင် မိဘတို့ ဝတ္တရားတစ်ခု ဖြစ်သည့် “ကောင်းရာညွှန်လတ်” ဟူသည့်အတိုင်း မိမိတို့၏ အသက် ၁၂ နှစ် အထက်အရွယ် သားငယ် သမီးငယ်ဆယ်ကျော်သက်များကို ကျောင်းများ၊ ရပ်ရွာထဲက ဆေးထိုးစုရပ်များသို့ လမ်းညွှန်ပေး ကြပါ၊ ကြင်နာစွာ လက်ဆွဲခေါ်ယူလာကြပါရန် တောင်းပန်ရပေတော့မည်။
ဆရာများကလည်း ဆရာ့ဝတ္တရားအတိုင်း “ဘေးရန်ဆီးကာ” နိုင်ရန်အတွက် “သင့်ရာအပ်ပို့” ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြပါသည်။ ။
- Log in to post comments