မိခင်နို့ချိုတိုက်ဖို့ရာ၊ ဝိုင်းဝန်းပံ့ပိုးပညာပေးကာ၊ ယနေ့မှစအရှိန်မြှင့်ပါ

 

နှစ်စဉ်ဩဂုတ်လသည်     အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ   ဆောင်ရွက်သည့်လဖြစ်သည်။   ဩဂုတ်လ၏ ပထမပတ်သည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဖြစ်ပြီး ဒုတိယပတ်သည် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသား လူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သည်။ တတိယ ပတ်သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်ပြီး   စတုတ္ထပတ်သည်   အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်ဖြစ်သည်။

 


ရင်သွေးငယ်များကို မိခင်နို့တိုက်ကျွေးခြင်းက ကလေးမှာရော မိခင်မှာပါ အကျိုးကျေးဇူးများ ရရှိစေနိုင်သည့်အတွက် မွေးကင်းစ မှစ၍ ကလေးအသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း ကိုသာ တိုက်ကျွေးရန် ကျန်းမာရေးပညာရှင်များက အကြံပြုထား ကြသည်။ ကလေးခြောက်လသားအရွယ်မှစ၍ ဖြည့်စွက်စာများ စတင်ကျွေးနိုင်ပြီး ကလေးနှစ်နှစ်သားအထိ မိခင်နို့ကို ဆက်လက် တိုက်ကျွေးနိုင်ကြောင်း၊  မိခင်နို့တိုက်ကျွေးခြင်းဖြင့်   ကလေး အတွက်     ကျန်းမာရေးအကျိုးကျေးဇူးများ   ရရှိစေနိုင်သည်။ ကလေးအဖို့ မိခင်နို့သည် အကောင်းဆုံးအာဟာရဖြစ်သည်။ နို့ဦးရည်နှင့်   မိခင်နို့က   ကလေးငယ်ကို   ရောဂါမဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်သည့် တန်ဖိုးအရှိဆုံးသော ဆေးဝါးပင်ဖြစ်သည် ဟု အဆိုရှိသည်။ မိခင်နို့သည် ရင်သွေးငယ်အတွက် လုံလောက် သော   စွမ်းအင်၊   အဆီဓာတ်၊  သကြားဓာတ်၊   ဗီတာမင်နှင့် သတ္တုဓာတ်တို့ပါဝင်ပြီး   မိခင်နို့တိုက်သည့်   ကလေးငယ်မှာ ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ  ရောဂါကူးစက် ခြင်းနှင့်  နာတာရှည်ရောဂါများ အန္တရာယ်တို့မှ လျှော့ချနိုင်သည်။ မိခင်နို့ကို မကြာမကြာ၊  အချိန်ကြာကြာ  တိုက်ကျွေးခြင်းဖြင့် မိခင်နှင့် ရင်သွေးတို့အကြား သံယောဇဉ်တွယ်တာမှု ခိုင်မာစေပြီး နို့ထွက်လည်း များစေသည်ဟု အကြံပြုထားသည်။

 


နို့တိုက်မိခင်အနေဖြင့်   အာဟာရပြည့်ဝရန်   လိုအပ်သည့် အတွက် အစာပို၍စားရန် လိုအပ်ပြီး ငန်လွန်းသည့် အစားအစာ မှလွဲ၍ အစာမရှောင်ရန် တိုက်တွန်းထားသည်။ မိခင်နို့တွင် ကလေး အတွက် လိုအပ်သော အာဟာရများပြည့်စုံရန်နှင့် လုံလောက် သော ပမာဏရရှိစေရန် ကစီဓာတ်နှင့် အဆီဓာတ်များပါဝင်သော အင်အားဖြစ်စေသည့် အစာအုပ်စု၊ အသားဓာတ်များပါဝင်သော ခန္ဓာကိုယ်ကြီးထွားစေသည့် အစာအုပ်စု၊ ဗီတာမင်ဓာတ်၊ သတ္တု ဓာတ်နှင့် ရေဓာတ်တို့ပါဝင်သော ရောဂါကာကွယ်စေသည့် အစာ အုပ်စုတို့ကို နေ့စဉ်စားသုံးသည့်အခါတိုင်း အုပ်စုသုံးစုလုံးပါအောင် စားသုံးရန်ဖြစ်သည်။ အာဟာရမျှတစွာ ရရှိအောင် စားသုံးခြင်း သည် ငွေကုန်ကြေးကျများရန် မဟုတ်ဘဲ အစားအစာအုပ်စုများ နှင့်   အာဟာရဓာတ်များနှင့်  စပ်လျဉ်း၍  အသိသုတရှိရန်သာ လိုအပ်သည်။

 


ယခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ဆောင်ပုဒ် မှာ "Step Up for Breastfeeding, Educate and Support" “မိခင်နို့ချိုတိုက်ဖို့ရာ၊   ဝိုင်းဝန်းပံ့ပိုးပညာပေးကာ၊   ယနေ့မှစ အရှိန်မြှင့်ပါ” ဟူ၍  ဖြစ်သည်။   မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သွေးအတွက်၊ မိခင်အတွက်နှင့် ၎င်းတို့၏ မိသားစုအတွက်ပါ အကျိုးများသည့်အလျောက် ပညာပေးရေးလုပ်ငန်းများနှင့်အတူ ကူညီပံ့ပိုးမှုများ    မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး      နှိုးဆော် တိုက်တွန်းအပ်ပါကြောင်း။         ။