မိမိအကျိုး၊ အများပြည်သူအကျိုးအတွက် တရားဝင်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်

 

ကောလာဟလအမျိုးမျိုး နေ့စဉ်မပြတ်ထွက်ပေါ်နေသည့် မိမိတို့ နိုင်ငံတွင် နောက်ဆုံးထွက်ပေါ်လာသည့် ကောလာဟလမှာ ရွှေ ဈေးနှုန်းနှင့်ပတ်သက်၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ တရားဝင်  ရွှေလုပ်ငန်းကို လုပ်ကိုင်နေသည့် ရွှေလောကသားများမဟုတ်ဘဲ ပြင်ပမှ  ဝိသမလောဘသမားက   ကောလာဟလလွှင့်ထုတ်၍ ဈေးကစားကာ အမြတ်ရှာဖွေရန် ကြိုးပမ်းကြခြင်းသာဖြစ်ကြောင်း နှင့် ရွှေဈေး၊ ဒေါ်လာဈေး စသည်တို့ကို ကောလာဟလလွှင့်၍ ဈေးဆွဲတင်သည့်အလုပ်ကို နှစ်စဉ်လုပ်လေ့ရှိကြကြောင်း သိရ သည်။ ရိုးသားစွာဖြင့် လုပ်ငန်းထူထောင်ဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်ဖြတ်လမ်းနည်းဖြင့် ငွေရှာမှုများက ပုံမှန်စီးပွားရေးကို ထိခိုက်စေမည်ဖြစ်သည်။


မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် ကုန်ထုတ်လုပ်မှုနှင့် ကုန် သွယ်မှုကို နှိုင်းယှဉ်ပါက  ကုန်သွယ်မှုလုပ်ငန်းကို လုပ်ကိုင်သူက ပိုများသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း ထူထောင်လုပ်ကိုင်ခြင်း ထက် ကုန်ဝယ်ကုန်ရောင်းလုပ်ကိုင်ခြင်းက အလုပ်လုပ်ကိုင်ရ သက်သာပြီး အကျိုးအမြတ်မြန်ဆန်စွာရရှိသည်။ စွန့်စားရမှု နည်းပါးသည်ဟူ၍ ယူဆကြခြင်းကြောင့်လည်းဖြစ်သည်။ ဝိသမ စီးပွားရေးသမားများမှာမူ  တရားဝင်ကုန်သွယ်လုပ်ငန်းမျိုးပင် မဟုတ်ဘဲ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ခြင်း၊ ဆီသိုလှောင်ခြင်း၊ စက်သုံးဆီသိုလှောင်ခြင်း၊ ရွှေဝယ်ခြင်း၊ ဒေါ်လာ ဝယ်ခြင်း စသည်ဖြင့် ငါးပွက်ရာ ငါးစာချကြပြီး အခြေအနေတစ်ရပ် ရောက်သောအခါတွင် ကောလာဟလအမျိုးမျိုးလွှင့်၍ ဈေးကွက် ကို လှုပ်ကြခြင်းဖြစ်သည်။ ဤသို့သောလုပ်ရပ်များက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံးဝအထောက်အကူမဖြစ်စေသည့် အပြင် တရားဝင်စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းများကိုပါ ထိခိုက်နစ်နာစေသည်ဖြစ်ရာ ထိရောက်စွာဖော်ထုတ်အရေးယူ သွားရန်လိုအပ်သည်။

လက်ထဲတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် လုံလောက်သော ငွေကြေးပမာဏရှိနေသူများအဖို့ အထက်ပါကဲ့သို့ မှောင်ခိုဆန်ဆန် ဂုဏ်သိက္ခာကင်းမဲ့စွာ စီးပွားရှာဖွေမှုမပြုဘဲ မိမိအကျိုး၊ အများ အကျိုးအတွက် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ ဝန်ဆောင် မှုလုပ်ငန်း စသည်ဖြင့် မိမိအားသန်ရာ၊ စိတ်ပါဝင်စားရာ ပုံမှန် စီးပွားရေးလုပ်ငန်းများကို ထူထောင်လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်လိုသူများအတွက် လွယ်ကူလျင်မြန်၊ ယုံကြည်စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်း ကျင်ကောင်းများရှိနေပြီဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် များ၊ အခွင့်အရေးများ၊ အာမခံချက်များလည်း ရှိနေသည်။ ရင်းနှီး မြှုပ်နှံလိုသူ၊ အကြံဉာဏ်ရယူလိုသူ၊ စုံစမ်းမေးမြန်းလိုသူများ လူ ကိုယ်တိုင်သွားရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး နိုင်သည့် ဝန်ဆောင်မှုစနစ်လည်းရှိနေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  ရင်းနှီးမြှုပ်နှံမှုကော်မတီများကလည်း   အမေ ရိကန်ဒေါ်လာ ငါးသန်းအောက်လုပ်ငန်းများကို ခွင့်ပြုပေးနိုင်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတိုင်း က ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူ များအတွက် လွယ်ကူစွာဆောင်ရွက်နိုင်သည့်အခြေအနေမျိုး ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်သည်။


မြန်မာနိုင်ငံ၏  စီးပွားရေးတွင်    ကုန်ထုတ်လုပ်မှုကဏ္ဍ၌ တိုးမြှင့်လုပ်ကိုင်ရန် လိုအပ်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်ရန်   စက်မှုလုပ်ငန်းများ   အားနည်းနေခြင်းကြောင့် ကုန်ကြမ်းအတိုင်း ရောင်းချနေရသည်။ ထိုအခြေအနေကို ကျော် လွှားနိုင်ရန် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော် က အားပေးဆောင်ရွက်လျက်ရှိသည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အားပေးဆောင်ရွက်ခြင်း၊ နိုင်ငံ့စီးပွားရန်ပုံငွေများ ထုတ်ပေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မိမိအကျိုး၊ အများပြည်သူအကျိုးနှင့် နိုင်ငံ့အကျိုးဖြစ်ထွန်းစေ မည့် ရင်းနှီးမြှုပ်နှံမှုများ တည်ထောင်ဆောင်ရွက်အောင်မြင်နိုင် ကြပါစေကြောင်း။     ။