မိမိကိုယ်မိမိ ဆန်းစစ်နေရမည့် ဂရုဓမ္မမြတ်သီလ

Type

ဒေါက်တာမြတ်မိုး

========

 

သူတော်ကောင်းတို့၏ ဗုဒ္ဓသာသနာတော်တွင် သီလ၊ သမာဓိ၊ သိက္ခာဟူ၍ သိက္ခာသုံးရပ် အထင် အရှားရှိသည်။ 
အကုသိုလ်မဖြစ်အောင်စောင့်ထိန်းပြီး ကိလေ သာကို ပယ်သတ်နိုင်သည်အထိ ဗုဒ္ဓသာသနာ၏ အစ၊ အလယ်၊  အဆုံး ကောင်းခြင်းသုံးဖြာတွင် သီလသည် အဓိသီလသိက္ခာ၊ သမာဓိသည် အဓိ စိတ္တသိက္ခာ၊ ပညာသည် အဓိပညာသိက္ခာတို့ကို ထင်ရှားဖြစ်ပေါ်စေပါသည်။ 


ကုသိုလ်တရားတို့၏ အစဖြစ်သည့် ကောင်း စွာသန့်စင်ထားသော သီလသည် သာသနာတော်၏ အစကောင်းခြင်းကိုလည်း ကိုယ်စားပြုပါသည်။ ထိုသီလက အကုသိုလ်အလုံးစုံတို့ကို မပြုမိအောင် တားမြစ်ထားသလို  ထိုသီလအားနည်းပျက်စီး သည့်အခါ ထပ်ခါထပ်ခါ အကုသိုလ်အပြုအမူများ ကို ပြုမူမိတတ်ကြပြီး  စိတ်နှလုံးမကြည်သာ၊ ရွှင်လန်းမှုများ၊ ငြိမ်းချမ်းမှုများ ဆိတ်သုဉ်းသလို ဖြစ်ရသည်။ ပညာရှိသောသူသည် သူ၏သီလ၌ သာတည်တတ်သောကြောင့် သီလမရှိသော ပတ် ဝန်းကျင်တွင် နေထိုင်ရသူများအဖို့ ပူပန်သောက များဖြင့်သာ ပြည့်နှက်နေတတ်သည်ကို   ယခု လက်တွေ့ဘဝများက ပြသနေသည်မှာ အထင်အရှား ဖြစ်ပါသည်။


    ဗုဒ္ဓဘာသာဝင်တို့၏ ၁၂ လရာသီအခါတော် နေ့ကြီးရက်ကြီးများတွင် ဂရုဓမ္မအခါတော်နေ့ဟု တွင်သော တော်သလင်းလပြည့်နေ့သည် သီလနှင့် ပတ်သက်၍ အစဉ်အလာကောင်း နေ့ထူးနေ့မြတ် တစ်ခုဖြစ်သည်။     နှစ်စဉ်နှစ်တိုင်း    ထူးမြတ် တင့်တယ်ပြီး ငြိမ်းချမ်းသာယာလှပမှုအသွင်ဆောင် သော တော်သလင်းလပြည့်နေ့အခါသမယကာလ တစ်ခုသို့ ရောက်ရှိနေပါပြီ။
တိုက်တိုက်ဆိုင်ဆိုင် ယခုလိုကာလမျိုးတွင်  မြန်မာပြည်သူပြည်သားအားလုံးအတွက် သတိချပ် စရာ၊ သံဝေဂပွားစရာ၊    သင်ခန်းစာယူဖွယ်ရာ၊ လိုက်နာကျင့်ကြံအပ်ဖွယ်ရာများဖြင့် အဓိပ္ပာယ် ပြည့်ဝသည့် သီလအခါတော်နေ့တစ်နေ့၊ သီလတို့ လွှမ်းခြုံသော ကာလတစ်ခုအဖြစ်သာ ဖြတ်ကျော် ချင်ကြပေမည်။ 
ဆယ်ပါးဒုစရိုက်ပယ်ရှောင်ရှား ကုသိုလ်တရားပိုအလေးထား 
ယခုမျက်မှောက်မှာ သီလကျိုးပျက်ပြီး ကိုယ် ကျင့်တရားများ ဆုတ်ယုတ်ကာ လောကတစ်ဝန်း သာယာအေးချမ်းရေးတွင် အခက်အခဲအနှောင့် အယှက်များစွာ ကြုံနေကြရသည်။ သီလကိုအလေး အနက်မထားသောကြောင့် အဖျက်အဆီးပျက်စီး သေကျေမှုများနှင့်အတူ လွဲမှားသော အယူမှား အကုသိုလ်များနေရာတွင်  ကောင်းသောကုသိုလ် အမှုများကို ခက်ခက်ခဲခဲ ဖြည့်ဆည်းနေကြရသည်။ 


စောင့်ထိန်းအပ်သောသီလဟူသည်  မိမိကိုယ် နှင့်စိတ်၌ ကာယဒုစရိုက်၊ ဝစီဒုစရိုက်များ မဖြစ်ပေါ် မိစေရန် ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။ အကုသိုလ်ဖြစ် စေသည့် မိမိ၏ ဒွါရတံခါးပေါက်များတွင်     သတိ ဆိုသော တံခါးရွက်ဖြင့် ပိတ်ဆို့စောင့်စည်းခြင်းလည်း မည်ပါသည်။ သူတစ်ပါးအသက်ကို သတ်ဖြတ်ဖျက် ဆီးခြင်း၊ အခြားသူ၏ ဥစ္စာပစ္စည်းကို ပြောင်ပြောင်တင်းတင်းခိုးယူခြင်း၊ ကာမအပျော်ကြူးခြင်း၊ လိမ်ညာ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာဆဲဆိုခြင်း၊ အဓိပ္ပာယ်မဲ့ စကားများဖြင့် အကျိုးမရှိစေခြင်း၊ သူတစ်ပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လို၍ တောင့်တခြင်း၊ သူတစ်ပါး သေသည်ကို မြင်လိုကြားလိုခြင်း၊ နောက်ဆုံး အယူမှား ခြင်း စသည့်ဒုစရိုက်တရားဆယ်ပါးကို ယနေ့လူသား တို့ လွယ်လင့်တကူ ကျူးလွန်နေကြသည်ကို နေ့စဉ် တွေ့နေကြားနေရသည်။ 


ကပ်ရောဂါ၊ ဆင်းရဲဒုက္ခမျိုးစုံနှင့် ဖောက်ပြန် ပျက်စီးမှုများကို  လူသားတို့ရင်ဆိုင်နေရသည်။ ထို့ကြောင့်လည်း ပယောဂမျိုးစုံဖြင့် အကုသိုလ်ဘက် အလွန်အမင်း အားသန်နေကြသည့် မကောင်းသော ဂတိသို့လားစေမည့် ဒုစရိုက်အမှုများ လျော့ကျစေရန် ဦးတည်ကာ ယခုလို ဂရုဓမ္မသီလကို ပို၍အလေးအနက် ထားရမည့်ကာလမျိုးတွင် ဉာဏ်ပညာသတိဝီရိယဖြင့်  ကုသိုလ်အမှုများ ပိုမိုအားကောင်းလာရန်နှင့် ကြိုးစား အားထုတ်နိုင်ကြစေရန်  ရည်ရွယ်၍ အခွင့်ကြုံခိုက် ကာလတစ်ခုအဖြစ် မှတ်ယူပူဇော်ရေးသားရခြင်း ဖြစ်ပါသည်။
ကုရုဓမ္မမှ ဂရုဓမ္မ၊ စောင့်ထိန်းခဲ့ကြ ငါးပါးသီလ
ဂရုဓမ္မဟူသည်   ငါးပါးသီလပင်ဖြစ်သည်။ မြတ်စွာဘုရားမပွင့်မီ    ဘုရားအလောင်းတော်ဘဝ ကုရုတိုင်းတွင်  အုပ်ချုပ်မင်းလုပ်စဉ်ကာလကပင် ဘုရင်မင်းမြတ်နှင့်    တိုင်းသူပြည်သားအားလုံး ငါးပါးသီလကို အလေးအနက်ပြု စောင့်ထိန်းခဲ့ကြ၍ ကုရုဓမ္မဟူ၍ ရှေးဦးအမည်တွင်ခဲ့သည်။ ကုရုဓမ္မ အမည်ရ ဤငါးပါးသောသီလကို သာသနာပ ကာလ ကတည်းက ကျင့်သုံးခဲ့ကြသည်ဟု ဆိုလိုပါသည်။   


ဂရုဓမ္မသီလသည် အရိယာပုဂ္ဂိုလ် သံဃာတော် ကြီးများ၊ ရှေးဘုရားလောင်း သူတော်ကောင်းကြီးများ နှစ်သက်မြတ်နိုးစွာဖြင့် ကျင့်သုံးခဲ့သော၊ အလေး အမြတ် စောင့်ထိန်းခဲ့သော သီလဖြစ်သည်။ ကုရုတိုင်း ဘုရင်မင်းမြတ်ကိုယ်တိုင်  ငါးပါးသီလလက်ကိုင် ထား၍ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ခဲ့သည့် တရားဖြစ်ပြီး    ပြည်သူပြည်သားလူအများတို့ လိုလိုလားလား စောင့်ထိန်းခဲ့ကြသည့် ကိုယ်ကျင့် တရားတစ်ခုလည်း ဖြစ်ခဲ့သည်။ သံဃာတော်များ သာမက လူတိုင်းလူတိုင်း လူ့စည်းကမ်းတစ်ရပ် အနေဖြင့် စောင့်ထိန်းသင့်ကြသည့်ဓမ္မတရားတစ်ခုဖြစ်ပြီး လူမှန်လျှင်လူပီသဖို့  လူကောင်းတစ်ရပ်၏ ဂုဏ်အင်ကို  ဤဂရုဓမ္မသီလဖြင့်ပင်  ချိန်ထိုးရန် လိုအပ်သည်။ 


မြတ်စွာဘုရားကိုယ်တော်တိုင် မဟာကရုဏာ တော်ဖြင့်  အပါယ်မကျရောက်ကြစေရန် လိုက်နာ ရန်လမ်းညွှန်ထားသော ဆောင်သီလများ (စာရိတ္တ သီလ)နှင့်တကွ  တားမြစ်ပိတ်ပင်ထားသော ရှောင် သီလများ(ဝါရိတ္တသီလ) များပါဝင်ပါသည်။ ကျွန်းကြီး လေးကျွန်းရှိ လူသားများအားလုံး၏ အဓိပတိပြည့်ရှင် စကြဝတေးမင်းကြီးကိုယ်တိုင် ဤငါးပါးသီလကိုပင် ဥပဒေအဖြစ်သတ်မှတ်၍ ထိန်းသိမ်းအုပ်ချုပ်ခဲ့သော စည်းကမ်းဥပဒေတစ်ခုလည်းဖြစ်ခဲ့သည်။


ကုရုဓမ္မဇာတ်တော်လာ၊ သာသနာသမိုင်းရှိခဲ့ရာ


ဘုရားမပွင့်မီနှင့်   ဘုရားပွင့်ပြီး  ကုရုတိုင်း သားများ အထူးအလေးထား စောင့်ထိန်းခဲ့သည့် ဤသီလဂုဏ်နှင့်တကွ လောကီလောကုတ္တရာအကျိုး တရားများစွာကို  ဆရာမကြီး ဓမ္မဗျူဟာ ဒေါ်ခင် လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ) ကိုယ်တိုင် ကုရု ဓမ္မဇာတ်တော်လာ ဥဒဟာရုံပြု ပို့ချသော ဓမ္မဗျူဟာ သာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ဓမ္မစာပေ သင်တန်းတစ်ခုတွင်   နာယူပူဇော်ခဲ့ဖူးသည်ကို ကိုးကား၍ အကျဉ်းမျှ ပူဇော်တင်ပြလိုပါသည်။ 
သီလကျင့်သုံးပုံနှင့်ပတ်သက်သည့် ကုရုဓမ္မ ဇာတ်တော်လာ နောက်ခံသမိုင်းအရ ကုရုတိုင်းပြည် နှင့် ကာလိင်္ဂတိုင်းပြည်ဟူ၍ ရှိခဲ့ကြသည်။ တိုင်း ပြည်နှစ်ပြည်တွင်  မင်းတစ်ပါးစီစိုးစံပြီး  ဆန့်ကျင် ဘက် အပြိုင်ဖြစ်ခဲ့ကြသည်။ ကုရုတိုင်းအား ဓနဉ္စယ ကောရဗျမင်းကအုပ်ချုပ်ပြီး     ကာလိင်္ဂတိုင်းကို ကာလိင်္ဂရှင်ဘုရင်က အုပ်ချုပ်သည်။ ထိုတိုင်းပြည် နှစ်ပြည်သည်        နယ်နိမိတ်စည်းတစ်ခုသာ   ခြားသော်လည်း  ကိုယ်ကျင့်တရားကျင့်သုံးပုံနှင့် သီလအကျိုးဆက် ဖွံ့ဖြိုးတိုးတက်ပုံမှာမူ အခြား နားကြီးခြားနားကြလေသည်။ 


ကောရဗျမင်းနှင့်တကွ တိုင်းသူပြည်သား များက ငါးပါးသီလကို အလွန်အလေးအနက်ထား ကြသည်။ ကိုယ်ကျင့်တရားကို အထွတ်အမြတ် ထားသည်။ ဓမ္မကို ဂရုစိုက်လွန်းကြသည်။ ကာလိင်္ဂ တိုင်းဘုရင်နှင့်တကွ ပြည်သူအားလုံးမှာမူ ထိုသို့ မဟုတ်ကြပေ။ ငါးပါးသီလအကျိုးဆက်ကြောင့် ကုရုတိုင်းပြည်က သာယာဝပြောငြိမ်းချမ်းသည်။ ရာသီဥတု မိုးလေဝသမှန်၍ ဆန်ရေစပါးပေါများ ကြွယ်ဝသည်။ အာဟာရပြည့်ဝ၍ အနာရောဂါကင်း ပြီး ကျန်းမာချမ်းသာရှိကြသည်ဟု ဆိုပါသည်။
ဒါနအရာလွန်ကြီးမား
ကောင်းမြတ်လှစွာမင်းကျင့်တရား
ဘုရင်ကောရဗျမင်းသည် ဒါနအရာတွင်လည်း အလွန်ကြီးမားသော သဒ္ဓါတရားရှိပြီး   ဘုရား အလောင်းတော်ဖြစ်သည့်အားလျော်စွာ ဆင်းရဲ သားပြည်သူများအပေါ်တွင် ရင်ဝယ်သားကဲ့သို့ ကရုဏာထား၍ အလှူခံမဏ္ဍပ်များဆောက်လုပ် ကာ ကိုယ်တိုင်ဦးစီး၍ ထက်ထက်သန်သန်လှူဒါန်း ချီးမြှောက်သူ ပုဂ္ဂိုလ်မြတ်ဖြစ်သည်။ ထို့ကြောင့် လည်း ပြည်သူပြည်သားများက သူတို့၏ဘုရင်ကို ကြည်ညိုမြတ်နိုး အလွန်ချစ်ခင်ကြသည်။ 
အခွန်ကောက်စရာ မလိုလောက်အောင်ပင် ပြည်သူများက အခွန်တော်များကို လိုလိုလားလား ဆက်သကြသည်။ မင်းနှင့်ပြည်သူ ကြည်ဖြူစွာဖြင့် နှစ်ဦးနှစ်ဖက် မေတ္တာရောင်ပြန်ဟပ်နိုင်ကြသည်ကို တွေ့ရှိရသည်။ ထို့ကြောင့်လည်း ဘုရင်မင်းမြတ်၏ ငါးပါးသီလလုံခြုံမှုကို နမူနာယူ၍ ပြည်သူများက လည်း အတုမြင်အတတ်သင်ဆိုသလို   လိုလား နှစ်သက်စွာ လိုက်နာစောင့်ထိန်းကြဟန်ရှိသည်။ မြင့်မြတ်သောသီလစွမ်းအားသည်   ကိုယ်ကျင့် တရားကောင်းတစ်ခုကို     ပေးစွမ်းနိုင်သလို  ကောင်းမြတ်သော     မင်းကျင့်တရားကြောင့်   တိုင်းပြည်သာယာဝပြော ငြိမ်းချမ်းပုံကို  ဤနေရာ တွင် အတုယူထိုက်ပါသည်။ 
မင်းနှင့်ပြည်သူအစုံလိုက်နာမှ
လိုချင်ကောင်းမှုရလဒ်ရ
ကာလိင်္ဂတိုင်းကား  ကုရုတိုင်းနှင့် ဆန့်ကျင် ဘက်၊  ဘုရင်ရော  ပြည်သူများပါ   ဒါန၊ သီလ ကုသိုလ်အရာတွင် အားနည်းကြသည်။ အကျိုး ဆက်ကား မိုးကခေါင်၊ ရာသီဥတုများဖောက်ပြန်၍ ဆန်ရေစပါးမဖြစ်ထွန်းဘဲ ငတ်မွတ်ခေါင်းပါးမှု ဘေးများ ဆိုက်ကြရသည်။ ဒုစရိုက်ဘေးဆိုးများ လည်း ကြုံကြရသည်။ 
ထို့ကြောင့်လည်း မခံနိုင်သည့်အဆုံး ကာလိင်္ဂ တိုင်းပြည်သူများက ၎င်းတို့၏မင်းကို ကုရုတိုင်းမင်း ကဲ့သို့ သီလစောင့်ထိန်းရန် တောင်းဆိုကြသည်။ တောင်းဆိုချက်ကို  ဘုရင်တစ်ဦးတည်းကသာ လိုက်နာ၍ ဒါန၊ သီလအရာကို ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီး ပြည်သူများကမူ သီလကုသိုလ်ကို လိုက်နာကျင့်သုံးခဲ့ခြင်းမရှိဟု    ဆိုပါသည်။ ထို့ကြောင့် ကာလိင်္ဂတိုင်းသားတို့ကိုယ်တိုင် လိုချင် သောအရာကို မရရှိခဲ့ကြ၊၊ ခြားနားချက်ကား ဂရုဓမ္မ မြတ်သီလဟူသည်    အုပ်ချုပ်သူရော  ပြည်သူ အားလုံးပါ   အလေးထားလိုက်နာကြမှသာလျှင် ပြီးပြည့်စုံသောကောင်းမှုရလဒ်ကို  ရရှိနိုင်ပုံဖြစ် ပါသည်။      

            
(ဆက်လက်ဖော်ပြပါမည်)