မိမိကိုယ်မိမိ ဆန်းစစ်နေရမည့် ဂရုဓမ္မမြတ်သီလ

Type

ဒေါက်တာမြတ်မိုး 

==========

 

(ယမန်နေ့မှအဆက်) 
သီလတရားအလေးထား


တစ်ကျိပ်တစ်ယောက်သော ပုဂ္ဂိုလ်များ 


တစ်ဖန်ကာလိင်္ဂမင်းသည် ၎င်းတို့၏ ဆင်းရဲ ခြင်းအကြောင်းကို     ကုရုတိုင်းဘုရင်စီးသော မင်္ဂလာဆင်တော်ကသာ  ဖြေရှင်းပေးနိုင်မည်ဟု ထင်မှတ်မှား၍ ဆင်တော်ကို ကုရုတိုင်းဘုရင်ထံတွင် အလှူခံရာ အလှူဒါနအရာတွင် ရက်ရောလှသော ဘုရင်က   လှူဒါန်းပေးခဲ့ပြန်ပါသည်။     သို့သော် ကာလိင်္ဂတိုင်း၏ပြဿနာကား       ထူးခြားမှုမရှိ၊ ပြေလည်မသွားသောကြောင့်         ကုရုမင်းထံ ဆင်တော်အား   ပြန်အပ်ခဲ့ရသည်။   အဆုံးတွင် ကာလိင်္ဂတိုင်း၏     ဆင်းရဲမှုပြဿနာအဝဝသည် သီလစောင့်ထိန်းမှုနှင့်သာဆိုင်သည်။  ကုရုတိုင်း၏ ငြိမ်းချမ်းမှုမှာ  ဘုရင်ရော   ပြည်သူများပါ   ဂရုဓမ္မ သီလကို အထူးအမြတ် စောင့်ထိန်းကြသောကြောင့် ဖြစ်သည်ဟု ကာလိင်္ဂတိုင်းက    သိရှိရသည့်အခါ  ကုရုတိုင်းဘုရင်အပါအဝင်  တစ်ကျိပ်တစ်ယောက် သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များထံတွင် ထိုသီလကို မည်သို့မည်ပုံလိုက်နာကျင့်သုံးမှုနှင့်   ပတ်သက်၍ နာယူကြရပါတော့သည်။ ကုရုတိုင်းဘုရင် ကောရဗျ မင်း၏ မယ်တော်၊  မိဖုရားခေါင်ကြီး၊  အိမ်ရှေ့မင်း၊ ပရောဟိတ်အမတ်၊   မြေတိုင်းအမတ်၊  ရထားမှူး၊ သူဌေး၊   စပါးတင်းခြင်အမတ်၊    တံခါးမှူးနှင့် ပြည့်တန်ဆာမတစ်ဦး  စသည်တို့သည် ဂရုဓမ္မသီလ ဆိုင်ရာတွင်  လေးစားကြည်ညိုထိုက်သော   ပုဂ္ဂိုလ် ထူးများပင်တည်း။


ခံယူပုံသီလ လွန်ခြားနား ပုထုဇဉ်နှင့်သူတော်ကောင်းအကြား
သို့သော်   ကောရဗျမင်းနှင့်တကွ    ထိုပုဂ္ဂိုလ် မြတ်များသည်   ၎င်းတို့ကိုယ်တိုင်     လိုက်နာ စောင့်ထိန်းနေသော   ငါးပါးသီလနှင့်ပတ်သက်၍ လုံးဝပြီးပြည့်စုံပြီဖြစ်သည်ဟု  စိုးစဉ်းမျှ မခံယူကြ။ ကျင့်သုံးရန်    လိုအပ်ချက်များရှိနေဆဲဟု   ခံယူ ထားကြသည်။        သူတော်ကောင်းတို့အဖို့မူ  သေးငယ်လွန်းလှသောအပြုအမူတစ်ခု  ပြုမူမိလျှင် သော်မှ   ၎င်းတို့   ဆောက်တည်ထားသောသီလ        ညှိုးနွမ်းသည်ဟု  ခံယူထားကြသည်။  ကာယကံ၊  ဝစီကံ၊ မနောကံ   တစ်ခုမဟုတ်တစ်ခု  ကျူးလွန် သွားသည်ဟု   ယုံကြည်ပြီး   သူတို့စောင့်ထိန်း သောသီလကို  ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်သည် ဟု မယူဆကြ။  
သူတော်ကောင်းတို့မည်သည် အဏုမြူပမာဏ လောက်သေးငယ်သည့်အပြစ်ကို ပြစ်မှားလိုသည့် စေတနာမပါဘဲ  ကျူးလွန်မိလျှင်သော်မှ   မြင်းမိုရ် တောင်ပမာဏမျှ  အပြစ်ဖြစ်ရသည်ဟု ခံယူကြ သည်။ ပုထုဇဉ်တို့မူကား  မြင်းမိုရ်တောင်မက အပြစ် ကျူးလွန်မိသည်ဆိုဦးတော့  မြူမှုန်မျှလောက်သာ   အပြစ်ရမည်ဟု ထင်မှတ်မှားကြသကဲ့သို့ ဖြစ်သည်။ ကျွန်တော်တို့လို      အန္ဓပုထုဇဉ်လူသားများနှင့်   သူတော်ကောင်းတို့အကြား       သီလအပေါ်ခံယူပုံ   များစွာကွာခြားသွားသည့်အချက်ကို တွေ့ရှိလိုက်ရပါ သည်။


သာသနာသမိုင်းအကျော်အမော်များ ထူးခြားလှစွာဘဝကံတရား
ထိုသို့သော ဂရုဓမ္မသီလတော်ကို အလွန်အကျူး အလေးအမြတ် လိုက်နာစောင့်ထိန်းသော ကုသိုလ်ကံ ကြောင့်  ထိုပုဂ္ဂိုလ်အားလုံးရရှိသော ဘဝကံတရားများ သည် အံ့ဩစရာကောင်းလှသည်။ ကုရုတိုင်းပြည်၏ တန်ဆာဖြစ်သော  ပြည့်တန်ဆာမသည် သီလတန်ခိုး ကြောင့်      မုနိမြတ်စွာဂေါတမရှင်တော်ဘုရား၏ လက်ဝဲတော်ရံ၊        အဘိညာဉ်တန်ခိုးအရာတွင် ကြီးကျယ်မြင့်မြတ်သော အဂ္ဂသာဝိကာမ ဥပ္ပလဝဏ် အရိယာထေရီမ ဆုမြတ်ကိုရရှိခဲ့သည်။ 
တံခါးမှူးက  မဟာပုဏ္ဏထေရ်၊  မြေတိုင်းအမတ် ကြီးကား  ဂေါတမမြတ်စွာဘုရားလက်ထက်   မဟာ ကစ္စည်းထေရ်၊  တင်းခြင်အမတ်ကား   အရှင်မဟာ မောဂ္ဂလာမထေရ်၊  သူဌေးကြီးကား  ဂေါတမဘုရားရှင် ၏ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ၊ ရထားမှူးကား ဒိဗ္ဗစက္ခုဉာဏ်ဘွဲ့ရ အရှင်အနုရုဒ္ဓါမထေရ်၊ ပုရောဟိတ် ကြီးက အရှင်မဟာကဿပ၊ အိမ်ရှေ့မင်းကား အရှင် အာနန္ဒာ၊    ဒေဝီအဂ္ဂမိဖုရားကား    ယသောဓရာ မင်းသမီး အသီးသီးစသည်ဖြင့်  သာသနာသမိုင်းတွင် ထူးမြတ်သောပုဂ္ဂိုလ်အကျော်အမော်များ  ဖြစ်လာခဲ့ ကြသည်။  အထူးမြတ်ဆုံး  ကုရုပြည့်ရှင်ဘုရင်းမင်းမြတ် သည်ကား      ဂေါတမမြတ်စွာဘုရားအလောင်းတော် အဖြစ် ပါရမီဖြည့်ခဲ့သည်။
သီလငါးပါးတန်ဖိုးထား
လောကီလောကုတ်အကျိုးများ
ငါးပါးသောသီလကို    ချိန်ခါမလပ်စောင့်ထိန်း လိုက်နာပါက   ထူးခြားများပြားလှသော    လောကီ လောကုတ္တရာ အကျိုးတရားများကို ပိုင်ဆိုင်ရသည်။ မိမိစည်းစိမ်ဥစ္စာပစ္စည်း  မပျောက်ပျက်၊  မပျက်စီးဘဲ တိုးတက်ကြီးပွားချမ်းသာစေမည်၊၊  ကောင်းသတင်း ကောင်းခြင်းများဖြင့်သာ  အချီးမွမ်းခံရမည်၊    ရာဂ စသောအပူမီးတို့မှ  လွတ်ကင်း၍ ဂုဏ်သတင်းပျံ့နှံ့ ကျော်စောကာ  လူအများ၏ဂရုစိုက်မှုကိုရစေသည်။ အများ၏ကဲ့ရဲ့ဘေးမှ  လွတ်ကင်းသည့်အပြင်  ချစ်ခင် နှစ်သက်သူတို့၏  မေတ္တာဓာတ်ကြောင့်  ပရိသတ် ကို ကြောက်စရာမလို ပွဲလယ်တင့်တယ်သည်။ 


အခြွေအရံပေါများရသည်။   မကောင်းမှုတို့မှ ဝေးကွာစေသော ကံ၊  ကံမနိမိတ်ကြောင့် သေလျှင် လည်း  မတွေမဝေသေရသည်။   သေလွန်ပြီးလည်း လူချမ်းသာ၊ နတ်ချမ်းသာ၊  ဗြဟ္မာချမ်းသာ  သုဂတိ ဘဝများသို့သာ  လားရောက်ရသည်။ လောကီအကျိုး အပြင်       လောကုတ္တရာအကျိုးများစွာကိုလည်း မျှော်မှန်းနိုင်ပါသည်။ 


နောင်တတစ်ဖန်            ပူပင်ရခြင်းမျိုးမရှိဘဲ စိတ်နှလုံးကြည်ရွှင်လန်းဆန်းမှု      အဝိပ္ပဋိသာရ၊ ဝမ်းမြောက်မှု  ပါမောဇ္ဇ၊ နှစ်သက်မှု ပီတိ၊  ငြိမ်းချမ်းမှု ပဿဒ္ဓိ   စသည့်အကျိုးများရရှိစေသည်။  နှစ်သက် ငြိမ်းချမ်းမှုက စူးစိုက်တည်ငြိမ်မှု သမာဓိကိုရစေသည်။ သမာဓိမှတစ်ဆင့်    ရုပ်နာမ်တို့ကို   သဘာဝအတိုင်း ဟုတ်တိုင်းမှန်စွာသိမြင်မှု ယထာဘူတဉာဏ်၊   ထို ရုပ်နာမ်တို့ကိုပင်  ငြီးငွေ့လာပြီး တပ်မက်မှုကင်းလာပြီ ဆိုလျှင်တော့ ထိုရုပ်နာမ်သင်္ခါရတရားမှ  လွတ်မြောက် ရန်လမ်းစသို့   ရှေးရှုနေပြီဖြစ်ပါသည်။    နောက်ဆုံး ကိလေသာတို့မှ  လွတ်မြောက်ကာ   ဘာမှမလိုချင် တပ်မက်မှုကင်းသည့်  သုံးဆယ့်တစ်ဘုံ   အိုနာသေ ဘေးမှလွတ်မြောက်ရာ ဝိမုတ္တိသို့  တက်လှမ်းနိုင်သည် အထိရရှိသည့် လောကုတ္တရာအကျိုးများကား တန်ဖိုး မဖြတ်နိုင်ပါ။


သီလအကျိုးကြောင့်  သီလရနံ့သည်   လေညာ လေအောက် အရပ်စုံစွာ မွှေးကြိုင်သင်းပျံ့လှပါသည်။ အပေါ်ယံလှလှပပဝတ်စားဆင်ယင်မှုသည်  တဏှာ ကိုသာ  တိုးပွားစေသည်ဖြစ်၍  သီလအရောင်ထက် တော့   ပို၍မစင်ကြယ်နိုင်ပါ။    ကြည်ညိုဖွယ်ရာ အဆင်းရှိလှသော တစ်ရောင်တည်း  လွှမ်းခြုံထား သည့်   သိက္ခာရှိရဟန်းကိုသာ   ဥပမာပေးရမည် ဖြစ်သည်။   စင်ကြယ်သော   သီလဝိသုဒ္ဓိဟူသည် မည်သည့်အကျိုးကိုမှ    မမျှော်ကိုးမတောင့်တဘဲ အများ၏မျက်ကွယ်မှာပင်    စောင့်ထိန်းနိုင်သော သီလဖြစ်သည်။      အများဒုက္ခရောက်မည်စိုး၍ ကိုယ့်ကိုယ်ကိုယ်  ကိုယ်ရောစိတ်ပါ   စင်ကြယ်နေ အောင်၊   အကုသိုလ်မဖြစ်အောင် ကြိုးစားနေထိုင် ခြင်းသည် သီလဝိသုဒ္ဓိပင်ဖြစ်သည်။ 


မရှိသူကဘေးတွေ့ရာ
ကိုယ့်သီလကိုယ် ဆန်းစစ်ပါ
သီလမရှိသူသည်     မိမိကိုယ်မိမိပင်လျှင် မကြည်ညိုနိုင်ဖြစ်၍    မိမိကိုယ်မိမိ   စွပ်စွဲသည့် အတ္တာနုဝါဒဘေးကိုကြုံရသည်။  မိမိပြုမိ  ဒုစရိုက် များကြောင့်   သူတစ်ပါးက     မိမိကိုစွပ်စွဲမည့် ပရာနုဝါဒဘေးလည်း ကြောက်ရသည်။ မိမိပြုမှား ဒုစရိုက်များကြောင့်  ပြင်းထန်ဆိုးရွားသော  အပြစ် ဒဏ်ဒဏ္ဍဘေးလည်း ရင်ဆိုင်ရနိုင်သည်။ နောင်ဘဝ ဝယ်  ဒုဂ္ဂတိဘေးဖြင့်ငရဲဘုံဝယ် ဧကန်ရောက်ရတတ် သည်။  ဖြူစင်သောသီလကသာ   ထိုမကောင်းသော ဘေးများမှ လွတ်ကင်းချမ်းသာအောင် ဆောင်ကြဉ်း ပေးနိုင်ပါသည်။ မိမိတို့သည် သီလ၏ကောင်းကျိုး များကိုသိရသည့်အခါ  သီလကိုစောင့်ထိန်းချင်ကြ သည်။ ကိုယ်ကျင့်တရားကောင်းသူ       ဖြစ်ချင်ကြ သည်။ လူ့စည်းကမ်းကို လိုက်နာလိုသူဖြစ်လိုသည်။ 


ထိုအခါ   သီလလုံရဲ့လား၊    မလုံဘူးလား၊ မကောင်းမှုဟူသည် ဘယ်သောအခါမျှ ဆိတ်ကွယ် ရာမရှိဟု မှတ်ယူ၍   ကိုယ့်ကိုယ်ကိုယ်မှတ်ကျောက် တင်ခံနိုင်ရမည်ဖြစ်သည်။  ထိုသို့အစမ်းသပ်ခံရန် မိမိထံဝင်လာသမျှ အာရုံတွေအပေါ်မှာ  အလိုရမ္မက် နည်းအောင်  ကြိုးစားသင့်ကြသည်။  လိုချင်လောဘ နည်းဖို့ရန်          ကာမဂုဏ်အာရုံတို့၏အပြစ်ကို မြင်အောင် သမာဓိဝိပဿနာပညာဖြင့်   အားထုတ် ရပေမည်။  လုပ်တုန်းက တစ်ယောက်တည်းပေမယ့် အကျိုးခံစားရတော့အများဖြစ်ပြီး   အကုသိုလ်အပြစ် ခံယူတော့ ကိုယ်တစ်ဦးတည်း  ဆင်ခြင်ကြရန်ဖြစ်ပါ သည်။


ကိုယ်ကျင့်တရားမပျက်ပြား ထားပါကိုယ်ချင်းစာတရား


လူသားသတ္တဝါအားလုံး၏  အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ပေးနိုင်သည့်အာမခံချက်တစ်ခု မှာ   ကိုယ်ကျင့်တရားနှင့်    သီလပင်ဖြစ်သည်။ လူသားတို့ကိုယ်တိုင်  စောင့်ထိန်းနိုင်ရန်အတွက် လူအချင်းချင်း   ကိုယ်ချင်းစာတရား   ထားတတ်ဖို့ တော့လိုပါလိမ့်မည်။ ကိုယ့်ကို သူတစ်ပါးက ထိခိုက် နာကျင်အောင်လုပ်တာမကြိုက်လျှင်        ကိုယ်က လည်း      သူတစ်ပါးထိခိုက်အနာတရဖြစ်အောင် ဘာကြောင့်လုပ်ရမလဲ၊၊ ကိုယ်ပိုင်ပစ္စည်း ကိုယ်မသိ ဘဲ သူများယူတာ  ခိုးတာမကြိုက်လျှင်   ကိုယ်လည်း မယူမိပါစေနှင့်၊ မခိုးမိပါစေနှင့်။ 


ကိုယ့်ဇနီး၊ ခင်ပွန်း၊ သားသမီး သူများကျူးလွန် ခံရတာ မကြိုက်လျှင်  ကိုယ်လည်း မကျူးလွန်မိပါ စေနှင့်၊၊ မိမိ လိမ်ပြောခံရတာ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲရေးခံရတာကို နာတတ်လျှင် သူတစ်ပါးကိုလည်း မုသားမဆိုမိပါစေနှင့်၊  မဆဲမိပါစေနှင့်၊   စော်ကား မပြောမိပါစေနှင့်၊ ကြမ်းကြမ်းတမ်းတမ်း နှုတ်ထွက် မပြောမိပါစေနှင့်၊၊              

 


ကိုယ့်အနားမှာ   အရက်သေစာ   သောက်စားပြီး မူးယစ်ရမ်းကားနေတာ မနှစ်မြို့လျှင် ကိုယ်လည်း ဒီလိုအပြုအမူမျိုးမှ    ရှောင်ကြဉ်သင့်ကြသည် မဟုတ်ပါလား။ ကိုယ်ချင်းစာတရား ထားခြင်းသည် သာ မြတ်သောသီလကို ရှေ့ဆောင်ပေးပါသည်။


စက်ဝန်းပမာလည်နေတာ၊ ကပ်ဆိုးကိလေသာ


ဇာတ်တော်လာပါ   သီလစောင့်ထိန်းခြင်းနှင့် မစောင့်ထိန်းခြင်း  အကျိုးဆက်များကို   သင်ခန်းစာ ယူအပ်ပါသည်။  လောဘ၊  ဒေါသ၊   မောဟ   မူလ အခြေခံ  (စေတသိက်)   များကြောင့်    ကာယကံ၊ ဝစီကံ၊  မနောကံ  အကုသိုလ်ကံများ ဖြစ်ပေါ်ရာ ဒုစရိုက်မှုများဖြစ်လာရသည်ကို  သတိပြုရပါမည်။ လူတို့ဖန်တီးသည့် မတော်လောဘကြောင့်  ရာသီ ဥတုများ ဖောက်ပြန်ရသည်။ မထိန်းသိမ်းနိုင်သည့် ဒေါသကြောင့်  စစ်မက်တိုက်ခိုက်မှုများ   ရင်ဆိုင် ရသည်။  မသိမှုမောဟကြောင့်  အနာရောဂါဆိုးများ ကြုံကြရသည်။ အကျိုးဆက်အဖြစ် စီးပွားရေး မပြေ လည်၊   အစာရေစာပြတ်လပ်၊     အငတ်ဘေးဆိုက် စက်ဝန်းတစ်ခုပမာကပ်ဆိုးနှင့်  ကိလေသာဆက်စပ် မှုကို  မြင်နိုင်ပါသည်။   ဤသို့သောကပ်ကြီးများကို ရှောင်ရှားရန် ကမ္ဘာတွင် မည်သည့်သိပ္ပံပညာရှင်ကမှ မစွမ်းဆောင်နိုင်သေးပါ။  အရင်းစစ်က  အမြစ်မြေက ဆိုသလို ဗုဒ္ဓသာသနာ၏ သီလ၊  သမာဓိ၊  ဘာဝနာ အဆုံးအမများကသာ လူသားတို့၏ ကပ်ဒုက္ခများကို ကျော်လွှားလွန်မြောက်စေနိုင်မည်ဟု   ယုံကြည်မိပါ သည်။


ထို့ကြောင့်ကျွန်ုပ်တို့သည်         အကုသိုလ်ကို ရှောင်နိုင်သမျှရှောင်၊    ကုသိုလ်ကို    ဆောင်နိုင်သမျှ ဆောင်နိုင်အောင်အားထုတ်ကြပါစို့ဟု   တိုက်တွန်း နှိုးဆော်ပါရစေ။   တစ်ဦးချင်း    သီလပြည့်စုံလျှင် လူ့အဖွဲ့အစည်းတစ်ခုလုံးလည်း    လုံခြုံလာပါလိမ့် မည်။    ငြိမ်းချမ်းလာပါလိမ့်မည်။    ကိုယ့်သီလကို ကိုယ်ပြန်စစ်ဆေးပါ။ အားထုတ်ရန် ပြင်းပြသောဆန္ဒ၊ ထက်သန်သော စိတ်ဓာတ်၊  ကြိုးစားမှုဝီရိယ၊ ဉာဏ် ပညာတို့တော့ လိုပါမည်။ 
ထိုတရားများ၏အားကိုယူ၍    ဖြစ်ပြီးသော အကုသိုလ်များကိုလည်း ပယ်သတ်နိုင်အောင်၊ မဖြစ် သေးသော အကုသိုလ်တရားများလည်း မဖြစ်အောင်၊ ပြုပြီးသော   ကုသိုလ်များလည်း    ပွားများအောင်၊ မပြုရသေးသော  ကုသိုလ်များလည်း  ပြုနိုင်အောင် ကြိုးစားကြရပါမည်။ 
အချုပ်အားဖြင့်တော့  သီလငါးပါးကိုသာ  လုံခြုံ အောင်         ကြိုးစားလိုက်နာကြရန်ဖြစ်ပါသည်။ သူတစ်ပါးအသက်ကို ဇိဝိတဒါနအလို့ငှာ မသတ်ဖြတ် မညှဉ်းဆဲခြင်းဖြင့် သတ္ထန္တရကပ်စစ်မက်ဘေးများမှ ကင်းဝေးကြပါစေ၊ သူတစ်ပါးဥစ္စာပစ္စည်းကို ပေးလှူ ဒါနအလို့ငှာ   လောဘရမ္မက်ဖြင့်    မရယူခြင်းဖြင့် ငတ်မွတ်ခေါင်းပါး    ဒုဘိက္ခန္တရကပ်ကြီးမှလည်း ကင်းဝေးကြပါစေ၊        ဒါနတစ်ခုလိုမှတ်ယူ၍ သူတစ်ပါးသားမယား  မပြစ်မှား၊  သစ္စာစကား မှတ်ယူကာ  လိမ်ညာမုသားစကား  မပြောကြား၊    ကာယကံ၊  ဝစီကံ  လှူဒါန်းလို၍ ယစ်မူးရှောင်ရှား ဒုစရိုက်များ    ပယ်ရှားခြင်းဖြင့်လည်း    ရောဂန္တရ ကပ်ကြီးမှ ကင်းဝေးကြပါစေ.. ဟူ၍  ကိုယ်စီကိုယ်စီ စောင့်ထိန်းနိုင်ကြခြင်းဖြင့် မိမိနှင့်လူ့အဖွဲ့အစည်း ၏ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှု ရေး၊ ပညာရေးနယ်ပယ်အသီးသီးကို   စောင့်ရှောက် နိုင်ကြပါစေကြောင်း ဂရုဓမ္မသီလဖြင့်  ပူဇော်လိုက်ရ ပါသည်။
“နေ့စဉ်ဂရုဓမ္မဖြင့်ကုသိုလ်ယူနိုင်ကြပါစေ။


ဆောက်တည်သီလတစ်ပါးချင်း         ကွက်လပ် ဖြည့်နိုင်ကြပါစေ။ 
ဝိသုဒ္ဓိမှ ဝိမုတ္တိဖြစ်ကြပါစေ”။    ။