
အင်ဂျင်နီယာထွန်း (စက်မှုစီးပွားထူးချွန်ဆု) Former Part-Time Professor, D.S.T.A.
EV(Electric Vehicle) လျှပ်စစ်ကားအတွက် အားသွင်းရန် ပြည်တွင်းလက်ရှိ မြန်မာ့လျှပ်စစ်ဓာတ်အားလိုင်းဖြင့် မည်ကဲ့သို့ချိတ်ဆက်အသုံးပြုနိုင်မည်၊ လခစားဝန်ထမ်းများနှင့် အများပြည်သူများ မည်ကဲ့သို့ဝယ်ယူပိုင်ဆိုင်နိုင်ခွင့်ရနိုင်မည်၊ မြန်မာနိုင်ငံတွင် လက်တွေ့ဝယ်ယူသုံးနေကြသည့် EV ယာဉ်များအခြေအနေ၊ EV ယာဉ်များ ထူးခြားအကျိုးပြုနိုင်စေမှုများ တင်ပြချက်နောက်ဆက်တွဲ စသည်တို့ကိုပုံများဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
လက်ရှိမြန်မာ့လျှပ်စစ် ဓာတ်အားလိုင်းကြိုးမှ 11 KV Line မှ Transformer ခံပြီး 22KW EV Fast Charger များ အိမ်၊ ရုံး၊ Super market နှင့် Restaurant များမှာ လိုအပ်သောနေရာတွင် Smart card နှင့် သုံးနိုင်သည့်စနစ် ဖန်တီးတည်ဆောက်ထားပေးရန် လိုမည် ဖြစ်သည်။
EV ကား လက်တွေ့သုံးစွဲနေခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ တွင် ကျန်းမာသန်စွမ်းစွာ သွားလာလှုပ်ရှားနေသူ (၉၅) နှစ်အရွယ် အငြိမ်းစား သင်္ဘောကပ္ပတိန်တစ်ဦး ဝယ်ယူတင်သွင်းထားသည့် Tesla EV ကားအသစ်အား ကန်ရိပ်သာအိမ်ရာ အဆောက်အအုံတွင် လက်ရှိမြန်မာ့လျှပ်စစ်ဓာတ်အားပေးလိုင်းဖြင့် ချိတ်ဆက်အားသွင်းနိုင်ကြောင်း၊ ထို EV ယာဉ်ဖြင့် နေပြည်တော်၊ ကလော အပါအဝင် မြန်မာနိုင်ငံတွင်း ခရီးရှည်များကို အဆင်ပြေစွာ မောင်းနှင်သွားလာပြီး ဖြစ်ကြောင်း၊ လမ်းခရီးရှိ ညအိပ်ရပ်နားရာ နေပြည်တော်နှင့် ကလော ဟိုတယ်တို့တွင်လည်း Slow Charging အားသွင်းနိုင်ခဲ့ကြောင်း ၎င်းက ပြောပြသည်။
EV အမြန်အားသွင်းသည့် Fast Charging Station ကို တည်ဆောက်ရာတွင် တန်ဖိုးမြင့်မားသဖြင့် ဦးစွာအုပ်စုဖွဲ့စည်း မှုများသည့်နေရာများတွင်သာ လတ်တလောဦးစားပေးပြီး မြန်မာ့ လျှပ်စစ်ဓာတ်အားလိုင်းမှ Transformer ခံ၍ ဆက်သွယ်တည်ဆောက် ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ (EV ကားများ သွားလာရာနည်းသော နေရာနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ခရီးဝေးသွားရာ လမ်းခရီး တစ်လျှောက်တွင် ကနဦးအနေဖြင့် မလိုအပ်သေးသဖြင့် တပ်ဆင်ရန် မစဉ်းစားသင့်သေးပါ)။ အစပိုင်းကာလ မြို့တွင်းစုဝေးလှုပ်ရှားမှု နည်းသေးသည့်နေရာများတွင်လည်း မလိုအပ်သေးပါ။
EV အမြန်အားသွင်းသည့် Fast Charging Station များကို ထပ်တိုးသုံးလာနိုင်သော EV ကားများ စုဖွဲ့ရှိမည့်နေရာများကို ဦးစားပေးအခြေပြုကာ အဆင့်ဆင့် လိုအပ်သည့်နေရာများတွင် ထပ်တိုးတည်ဆောက်ပေးသွားခြင်းအားဖြင့် မလိုအပ်ဘဲ ငွေရင်း ထားရသော Risk မှ ကင်းဝေးနိုင်သကဲ့သို့ လတ်တလောလိုအပ်ချက် အရေအတွက် တည်ဆောက်ပေးနိုင်ရန်လည်း လက်ရှိမြန်မာ့ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရေးစွမ်းအားဖြင့် အခက်အခဲမရှိ စွမ်းဆောင်ပေးနိုင် မည်ဖြစ်သည်။
ထပ်တိုးလာမည့် EV ကားများအတွက်လည်း လိုအပ်သလို အဆင့်ဆင့် ထပ်တိုးတည်ဆောက်တပ်ဆင်ပေးရမည့် အချိန်ရောက် လာသည်နှင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး အစီအမံများအရ ထပ်တိုးဓာတ်အားဖြည့်တင်းပေးနိုင်မှုနှင့် အချိန် ကိုက် ဆက်စပ်ပေါင်းစပ်ပြီး ဆောင်ရွက်သွားနိုင်ပါသဖြင့် ယခုကာလမှ အစပြု၍ EV ကားများ စတင်သုံးစွဲနိုင်ရန်စီမံခြင်းသည် ဆောင်ရွက် ရန်သင့်ကြောင်း တင်ပြလိုပါသည်။ ထိုနည်းတူ အိမ်များနှင့် ရပ်နား ထားမည့် နေရာများအတွက် သင့်တော်ကိုက်ညီမည့် EV ယာဉ် အားသွင်းနိုင်သည့်စနစ်များကိုလည်း လိုအပ်သလောက်သာ စိစစ် စီမံပေးသွားရန်လိုမည်ဖြစ်သဖြင့် EV ကားများအတွက် အားသွင်းရန် လိုအပ်ချက်ကို စိတ်အေးနိုင်ပါသည်။
နိုင်ငံတကာမှာ ထုတ်လုပ်နေကြသည့် အဆင့်မြင့် EV ယာဉ်များ တွင် လိုအပ်သည့်လုပ်ဆောင်မှုများအားလုံးကို Electronic Control System မှ Touch Screen ပေါ်ရှိ မိမိဆောင်ရွက်လိုသည်များကို နှိပ်ပြီး ခိုင်းစေသည်နှင့် အလိုအလျောက် (Auto) စီမံဆောင်ရွက်နိုင်ပါသည်။ ဘေးမှန်များတင်၊ ချခြင်း၊ ကားရှေ့မှန် (Windshield) ရေသုတ်ခြင်း၊ ကားရှေ့၊ နောက်၊ ဘေးဘယ်/ညာ မြင်ကွင်းများ ချိန်ညှိခြင်း၊ ကားမီးထွန်းခြင်း၊ ရေဒီယို/ ဗီဒီယိုနားထောင်ကြည့်ရှုခြင်း၊ မိုဘိုင်းကို Wireless Charging သွင်းနိုင်ခြင်းနှင့် Hands free မိုဘိုင်းဖုန်း ဆက်သွယ်ပြောနိုင်ခြင်းတို့ကလည်း စိတ်ဝင်စားစရာကောင်းပါသည်။
လက်ရှိလျှပ်စစ်ဓာတ်အားပေးနေမှုနှင့် တိုးတက်သုံးစွဲလာကြမည့် EV ကားများ အားသွင်းနိုင်ရေးအတွက် လိုအပ်သောဓာတ်အားသည် လည်း ယှဉ်တွဲပြိုင်တူ တိုးတက်ဖြည့်ဆည်းပေးနိုင်လာမည်ဖြစ်သဖြင့် ပြည်သူများနှင့် အစိုးရတို့ Win-win Situation ရရှိကာ အကျိုးခံစား နိုင်ကြစေရန် EV ကားများကို ခေတ်နှင့်အညီ ဝယ်ယူသုံးစွဲနိုင်ရေး အခြေအနေပေးနေပြီဖြစ်ပါသည်။
ပထမအဆင့်အနေဖြင့် အစိုးရဌာနမှဝန်ထမ်းများအတွက် သုံးစွဲ ရန် ထုတ်ပေးထားသော လောင်စာဆီသုံးယာဉ်များနေရာတွင် ကမ္ဘာ့ စျေးကွက်အတွင်း ထင်ရှားကျော်ကြားလူကြိုက်များပြီး အလုအယက် ဝယ်ယူသုံးစွဲနေကြသည့် နာမည်ကြီး ကားကုမ္ပဏီကြီးများ၏ ဖက်စပ် လျှပ်စစ်ကားများ { မြန်မာငွေကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိသော ($4500 ~ $4700 တန်ဖိုးခန့်) Jinpeng Electric Car Small SUV D70၊ SAIC-GM-Wuling ဖက်စပ်ကုမ္ပဏီထုတ် Wuling Hung Guang MINI EV၊ BYD ကုမ္ပဏီမှ နောက်ဆုံးထုတ် EA1-Dolphin (with cheaper better high tech LiFePO4 battery)} ကို အစားထိုး အသုံးပြုစေခြင်းဖြင့် အမြန်စတင်အကောင်အထည်ဖော်နိုင်ကြောင်း အကြံပြုအပ်ပါသည်။ အခြားနိုင်ငံတကာ အဆင့်မြင့် EV ကုမ္ပဏီ များနှင့် တရုတ်ဖက်စပ်ပူးပေါင်းထုတ်လုပ်သည့် EV စသည်များ အနက် သင့်မြတ်သောကုမ္ပဏီတစ်ခုခုမှ မိမိတို့တိုင်းပြည်ချင်း ရင်းနှီးမှုရှိနေသည့် တရုတ်နိုင်ငံနှင့် G to G ချိတ်ဆက်ပြီး တိုင်းပြည် လိုအပ်ချက် အရေအတွက်များသည်နှင့်အမျှ စျေးနှုန်းအထူးလျှော့ စျေးရနိုင်မည်ဟု ယူဆမိပါသည်။ တရုတ်- မြန်မာရေနံပိုက်လိုင်းဆွဲ တင်ပို့ရောင်းချရေးစီမံကိန်းမှာလည်း ခရီးပေါက်နေပြီဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေး ရင်းနှီးမှုအရ မြန်မာ့ EV ခေတ် အမြန်ဖော်ဆောင် နိုင်ရေး အကူအညီအထောက်အပံ့ရနိုင်မည်ဟု ထင်မြင်မိပါသည်။
မြန်မာနိုင်ငံပြည်သူများနှင့် ပတ်ဝန်းကျင်သို့ ICE ယာဉ်များမှ ထုတ်လွှတ်ပေးနေသည့် အဆိပ်အတောက်ဓာတ်ငွေ့များ (Toxic Gases- Carbon monoxide, nitrogen oxides, and hydrocarbons) အမြန်လျော့နည်းပျောက်ကင်းစေရေးအတွက် မိတ်ဆွေတိုင်းပြည်ကြီး ဖြစ်သော ကမ္ဘာ့ EV စျေးကွက်ကို စိုးမိုးနိုင်နေသည့် တရုတ်နိုင်ငံကြီး (သို့မဟုတ် အခြားနိုင်ငံကြီးများ) အနေဖြင့် မြန်မာနိုင်ငံတွင် ICE ယာဉ်များအစား EV များ ပြောင်းသုံးနိုင်မည့် သန့်ရှင်းသော လူ့ပတ်ဝန်းကျင်ဖော်ဆောင်ပေးနိုင်မှု အစီအမံ (Clean Environment Campaign) အတွက် တော်လှန်ရေးအသွင် အထူးအကူအညီအစီ အစဉ်များဖြင့် G to G ကူညီပံ့ပိုးပေးမှုများရခဲ့ပါလျှင် ICE စွမ်းအားများ အစား လျှပ်စစ်စွမ်းအားဖြင့် မောင်းနှင်သည့် (Electrical driving system) ကို ပြောင်းလဲအသုံးပြုလာနိုင်ပြီး လူနှင့် သဘာဝပတ်ဝန်းကျင် တို့ကို ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စေခြင်းများ အလျင်အမြန် ထိန်းသိမ်းပေးနိုင်မည်ဖြစ်ပါသည်။ G to G အစီအစဉ်ဖြင့် EV ကားများကို အထူးစျေးနှုန်း၊ အထူးအစီအစဉ်ဖြင့် ရောင်းချပေးနိုင်ရေး မျှော်မှန်းနိုင်မည် ဖြစ်ပါသည်။
စာမျက်နှာ ၁၁ မှ
နောက်အခြားနည်းလမ်းများအနေဖြင့်လည်း EV ကားအသစ် အစီးလိုက်ဝယ်ယူတင်သွင်းသည်ထက် ပိုမိုစျေးသက်သာနိုင်ရေး ရှေးရှု၍ အသုံးပြုပြီး အရည်အသွေးမကျသေးသည့် {Used good condition EV (electronic control system proper functioning)} များ တင်သွင်းခွင့်ပြုခြင်းကိုလည်း စဉ်းစားပေးသင့်ပါသည်။
အချိန်ယူပြီး ပြည်တွင်း၌ SKD (Semi Knocked Down), CKD (Completely Knocked Down) နှင့် Auto control electronic system များ စသည်တို့ကို တင်သွင်း၍ မိမိပြည်တွင်းစွမ်းအားဖြင့် တပ်ဆင်ထုတ်လုပ်ပေးနိုင်ပါလျှင်လည်း ယာဉ်အစီးလိုက် ဝယ်ယူ တင်သွင်းရမည့်စျေးနှုန်းထက် လျော့ကျစေနိုင်မည်ဖြစ်ပါသည်။ သို့သော် ချက်ချင်း EV ယာဉ်များကို အစားထိုးမသုံးစွဲနိုင်ဘဲ အချိန် အတန်ကြာမှ အကောင်အထည်ပေါ်လာနိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါသဖြင့် ဦးစွာ ICE ယာဉ်များနေရာတွင် အလျင်အမြန်အစားထိုးသုံးစွဲနိုင်ရန် တန်ဖိုးအသင့်အတင့်ရှိ အစီးလိုက် EV ကား အသစ် (သို့မဟုတ်) Brand new battery လဲထားသော Good second hand EV ကားများကို ဝယ်ယူတင်သွင်းခွင့်ပြုပြီး မောင်းနှင်သုံးစွဲ၍ အတွေ့အကြုံရစေခြင်း၊ Auto control electronic system စနစ်တကျ သုံးတတ်မှု ကျွမ်းကျင်စေခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် အဆင့်ဆင့်ကျွမ်းကျင်မှု တိုးတက်ရရှိစေခြင်းတို့ကလည်း နောင်အခါ SKD, CKD, Electronic Control System များ တင်သွင်းကာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မှု ဆောင်ရွက်လာရာတွင် အခက်အခဲ မရှိဘဲ များစွာအကျိုးသက်ရောက်စေမည် ဖြစ်ပါသည်။
အများပြည်သူ ဝယ်ယူသုံးစွဲနိုင်မည့် တန်ဖိုးအသင့်အတင့်ရှိ EV ကားများကို (Down payment + installment) စနစ်တို့ဖြင့် ဝယ်ယူ နိုင်ရေးအစီအမံများလည်း ပြည်သူများ မျှော်လင့်နေကြမည် ဖြစ်ပါသည်။ ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များ၊ Testing Equipment နှင့် Maintenance Spare Parts များ ဝယ်ယူရနိုင်မှု လွယ်ကူစေသည့်နည်းလမ်းများ စီမံပေးနိုင်ရန်လည်း လိုအပ်ပါမည်။
ထို့ပြင် ယာဉ်မောင်းနှင်မှု အရှိန်ထိန်းသိမ်းရာတွင်လည်း ICE ယာဉ်များမှာကဲ့သို့ များပြားသော ဂီယာထိန်းချုပ်မှုစနစ် (Multiple gears system) မလိုဘဲ လျှပ်စစ်မော်တာစွမ်းအင်ကို လီဗာ (Acce-lerator) တိုး၊ လျှော့ပေးခြင်းဖြင့် ညင်သာစွာ ထိန်းချုပ်မှုပြုနိုင်ပါသည်။ ICE ယာဉ်များတွင် ဘရိတ် (Brake) ဖမ်းအရှိန်လျှော့ရခြင်းသည် အရှိန်အဟုန်ထိန်းချုပ်ရန် အားထည့်ဘရိတ်ဖိနင်းပြီး ရုတ်တရက် အရှိန်သတ်ရသဖြင့် အရှိန်များရရှိရန် ဖန်တီးထားခဲ့ရသည့် စွမ်းအင် များ လေလွင့်ဆုံးရှုံးစေခြင်း၊ အရှိန်ဖြင့်သွားနေသည်မှ ရုတ်တရက် ဘီးလည်ပတ်မှုရပ်ရန် ဘရိတ်ဖမ်းသောအခါ ဘရိတ်ရှူးနှင့် ဘရိတ် ဒရမ် (Brake shoe and Brake drum)တို့ ဖိညှပ်ဖမ်းရခြင်း မကြာ ခဏပြုလုပ်ရသဖြင့် စားသွားခြင်းကြောင့် လဲလှယ်ရသော ငွေကုန်ကျ သည့်စရိတ်တို့ ဖြစ်စေပါသည်။ ICE ယာဉ်များ လည်ပတ်ရာတွင် စက်သုံးလောင်စာဆီနှင့်အတူ အင်ဂျင်ဝိုင် (Engine oil)၊ ဂီယာဝိုင် (Gear oil)၊ ကရောင်းဝိုင် (Crown oil)၊ ပလပ်များ (Ignition plugs) အတွက် ကုန်ကျစရိတ်များရှိပါသည်။ ကမ္ဘာပေါ်တွင် တွင်းထွက် လောင်စာဆီ (Crude Oil) ထုတ်လုပ်ရရှိနိုင်မှု ကျဆင်းလာ၍ စျေးနှုန်း ကြီးမြင့်လာသော လောင်စာဆီသုံးစွဲမှုနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ များမှ ချမှတ်ထားသည့် ရည်မှန်းချက်မူဝါဒများအပေါ်မူတည်၍ ကားကုမ္ပဏီကြီးများမှာ လက်ရှိ ICE ကားများအစား EV ကားများ ပြောင်းလဲထုတ်လုပ်သွားကြသည်နှင့်အမျှ ICE လည်ပတ်မှုအတွက် လိုအပ်သော Spare part များဝယ်ယူရရှိရေး အခက်အခဲ ဖြစ်လာ တော့မည်ကိုလည်း မြော်တွေးထားရန် လိုအပ်ပါသည်။
ကမ္ဘာတွင် EV ကားများသုံးစွဲလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မိမိတို့မှာ ယခုမှစတင်သုံးစွဲရန် စီမံကြိုးပမ်းမှုသည် နောက်မကျဘဲ နိုင်ငံတကာအဆင့်မီ အဆင့်မြင့် EV ကားများကို သုံးစွဲလာနိုင်မည် ဖြစ်ပါသည်။ လတ်တလော နိုင်ငံတကာသုံးနေသည့် နောက်ဆုံးပေါ် နည်းပညာ (Latest High Tech Version) ဖြင့် ထုတ်လုပ်ထားသည့် EV ကားများကို မိမိတို့က ယခုစတင်အသုံးပြုကာ ဖြတ်လမ်း (Short cut) မှတစ်ဆင့် ထပ်မံတိုးတက်လာမည့် နည်းပညာများကို ၎င်းတို့ နှင့်အတူ လိုက်ပါဖော်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။
အစိုးရတစ်ဖွဲ့တည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နိုင်ငံတော်မှချမှတ် ပေးမည့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ယာဉ်များ ကျယ်ပြန့်စွာသုံးစွဲနိုင် ရေးမူဝါဒအတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပမှ ပူးပေါင်းပါဝင်ရင်းနှီးမြှုပ်နှံကြမည့် အတ္တ၊ ပရမျှတသူ လုပ်ငန်းရှင်ကြီး များ၊ စေတနာထား၍ ပါဝင်ပေါင်းစပ် ဆက်စပ်အကောင်အထည်ဖော်ပေးနိုင်ကြမည့်သူများ အားလုံး၏ စုပေါင်းစွမ်းအားဖြင့် မိမိနိုင်ငံ အတွက် အကျိုးများစေသော လောင်စာဆီသုံးစွဲမှု ချွေတာခြင်းဖြင့် FE ဆုံးရှုံးမှုကို ထိရောက်စွာလျှော့ချပေးနိုင်သည့် EV ယာဉ်များကို ICE ယာဉ်များနေရာတွင် အစားထိုးသုံးစွဲနိုင်ခြင်းအစီအမံကြီး ရုပ်လုံး ပေါ်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments