
နေပြည်တော် ဒီဇင်ဘာ ၁၇
မိန်းကလေးကို တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့ သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မ--- (၁၅နှစ်)အား ဧရာဝတီတိုင်းဒေသ ကြီး ညောင်တုန်းမြို့နယ်နေ အောင်ကိုကို(ခ)အောင်အောင် (၂၇ နှစ်) (ဘ) ဦးမြင့်ငွေနှင့် ရည်ငံနေခဲ့ရာ လက်ထပ်ပေါင်းသင်းပြီး တရုတ်နိုင်ငံသို့ အတူသွားရောက်၍ အလုပ်လုပ်ကိုင် မည်ဟု ပြောဆိုစည်းရုံး၍ လှိုင်သာယာမြို့နယ်နေ ညီဝမ်းကွဲတော်စပ်သူ ချမ်းမြေ့(ခ)ချမ်းမြေ့ အောင် (၂၀ နှစ် ) (ဘ)ဦးမြင့်ဦးနှင့် လိပ်စာတူ မဖူးဖူး (ခ)ခင်ချိုဝင်း(၂၀ နှစ်)(ဘ)ဦးညွန့်ဝင်းတို့ သုံးဦးက တရုတ်နိုင်ငံ ရွှေလီမြို့သို့ ခေါ်ဆောင်သွားပြီး တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်း(ပ)၁၅၃၄/၂၀၁၉ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်တွင် တရားခံ အောင်ကိုကို(ခ)အောင်အောင်၊ ချမ်းမြေ့(ခ)ချမ်းမြေ့အောင်နှင့် မဖူးဖူး(ခ)ခင်ချိုဝင်းတို့ သုံးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်