မိတ်သင်္ဂဟသည် လောကကောင်းကျိုးတည်

လောကကြီး  သာယာငြိမ်းချမ်းရေးအတွက်  သင်္ဂဟတရားဖြင့်   ချီးမြှောက်ရန် လိုအပ်၏။ သင်္ဂဟတရားဖြင့် ချီးမြှင့်သောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဖန် လောကတွင် မိတ်ဆွေစစ်များထွန်းကားလျှင် ချမ်းသာ၏။ လောကအေးချမ်း သာယာ၏။ သင်္ဂဟတရားများ၊ မိတ်ဆွေကောင်းများ ထွန်းကားသောနေရာဒေသ သည် မည်မျှပင်အခက်အခဲ အနှောင့်အယှက်များ၊  ဖျက်ဆီးမှုများရှိသော်လည်း ငြိမ်းချမ်းသာယာသောလောကသို့ မလွဲမသွေရောက်ရှိမည်ဖြစ်၏။
သင်္ဂဟတရား လေးပါးရှိ၏။ ဒါန - ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်း၊ ပေယျဝဇ္ဇ - ချစ်ဖွယ်စကားပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊ အတ္ထစရိယာ - သူ့အကျိုး ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှင့်ခြင်းနှင့် သမာနတ္တတာ - ကိုယ်နှင့် ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှင့်ခြင်းတို့ဖြစ်သည်။ မိတ်ဆွေကောင်းတွင် အင်္ဂါလေးပါးရှိ၏။ ဥပကာရ - ကျေးဇူးပြုတတ်သော၊ ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်၊  သမာနသုခဒုက္ခ -  ချမ်းသာအတူ  ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့်  မိတ်ဆွေစစ်၊  အတ္တက္ခာယိ - အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်နှင့် အနုကမ္ပက - အကျိုးစီးပွားကို အစဉ်စောင့်ရှောက်တတ်သည့် စိတ်နှလုံးကောင်းရှိသည့် မိတ်ဆွေ စစ်တို့ဖြစ်၏။


လောကကာလတွင်   ဝိပ္ပတ္တိတရားလေးပါးအနက်  ကာလဝိပ္ပတ္တိသဘောမျိုး ကြုံကြရ၏။ တိုင်းပြည်ပျက်စီးရေး၊ စစ်မက်ဖြစ်ပွားရေးရှေးရှုသောအခါ ကာလဝိပ္ပတ္တိ သဘောဖြစ်လာ၏။ ကာလဝိပ္ပတ္တိကြုံသောအခါ၌ ရှေးကပါလာခဲ့သော အကုသိုလ် ကံတို့ အခွင့်သာကြသည်။ လူအများပင် ဆင်းရဲဒုက္ခရောက်ကြရ၏။ ကုသိုလ်ကံ ကြီးမားသူတို့ပင် ထိုကုသိုလ်ကံ အခွင့်မရ။ ကာလဝိပ္ပတ္တိအခါ၌ ဗျသနတရား ဆိုက်တတ်၏။ ဗျသနတရားငါးပါးဟူသည့် ပျက်စီးခြင်းတရားဖြစ်၏။ ဉာတိဗျသန- ဆွေမျိုးပျက်စီးခြင်း၊ ဘောဂဗျသန  - စီးပွားဥစ္စာပျက်စီးခြင်း၊ ရောဂဗျသန - အနာရောဂါနှိပ်စက်၍ ပျက်စီးခြင်း၊ သီလဗျသန - ကောင်းသောအကျင့်သီလ ပျက်စီးခြင်းနှင့် ဒိဋ္ဌိဗျသန - ကောင်းမွန်သောဘာသာအယူပျက်စီးခြင်းတို့ဖြစ်၏။


ဝိပ္ပတ္တိကာလတွင် ဒုစရိုက်ဆယ်ပါးကို  အလွယ်တကူကျူးလွန်လာကြ၏။ ပါဏာတိပါတ - သူ့အသက်သတ်ခြင်း၊ အဒိန္နာဒါန - သူတစ်ပါးဥစ္စာခိုးယူခြင်း၊ ကာမေသုမိစ္ဆာစာရ - ကာမဂုဏ်၌ မှားယွင်းစွာကျင့်ခြင်း ကာယကံသုံးပါး။ မုသာဝါဒ - မဟုတ်မမှန်ပြောဆိုခြင်း၊ ပိသုဏဝါစာ - ကုန်းတိုက်စကားပြောဆိုခြင်း၊ ဖရုသ ဝါစာ - ဆဲရေးတိုင်းထွာခြင်း၊ သမ္ဖပ္ပလာပ - အကျိုးမရှိသောစကားကို ပြောဆိုခြင်း ဝစီကံလေးပါး။ အဘိဇ္စျာ- သူတစ်ပါးပစ္စည်းကို “ငါ့ဟာဖြစ်လျှင် ကောင်းလေစွ”ဟု မတရားကြံစည်ခြင်း၊  ဗျာပါဒ - သူတစ်ပါးကို    သေကျေပျက်စီးစေလိုခြင်းနှင့် မိစ္ဆာဒိဋ္ဌိ- အယူမှားခြင်း(ကံကံ၏အကျိုးကို မယုံကြည်ခြင်း) မနောကံသုံးပါးတို့ကို ကျူးလွန်ကြလေသည်။


ထိုသဘောမျိုးနှင့် လူတို့ကြုံတွေ့လာသောအခါ၌  သင်္ဂဟတရား   လေးပါး၊ မိတ်ဆွေကောင်းအင်္ဂါလေးပါး ကောင်းမှုများဖြင့် ကာကွယ်တည်ဆောက်ခြင်း သည်သာ အသင့်လျော်ဆုံးဖြစ်ပေသည်။ ယခုအခါ ထိုမိတ်ဆွေသင်္ဂဟတရားများကို ကျင့်သုံးလာသည်ကို   တွေ့ရသဖြင့်  ဝမ်းမြောက်ဝမ်းသာဖြစ်ကြရ၏။   ပြည်သူ ပြည်သား မိဘပြည်သူများ  ရောဂါဘယကင်းဝေးရေးအတွက်  စေတနာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရနှင့် မိတ်ဆွေနိုင်ငံများက ပေးကမ်းထောက်ပံ့ခြင်း၊ နှစ်လိုဖွယ်စကားနှင့်ဆက်ဆံခြင်း၊ သူ့အကျိုးပြီးမြောက်အောင်  ဆောင်ရွက်ခြင်း၊ ကိုယ်နှင့်ထပ်တူပြုမူဆက်ဆံကြ၍ နားလည်လက်ခံ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်။ ပြည်သူများ နားလည်လက်ခံ ပူးပေါင်းပါဝင်လာကြသဖြင့် ကိုဗစ်ရောဂါ  ကူးစက်မှုများလည်း   တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရသည်။ 


ယခုအခါ ပြည်သူပြည်သားအချင်းချင်း နိုင်ငံရေးကိုအကြောင်းပြု၍ အဘိဇ္စျာ၊ ဗျာပါဒ သူ့ဟာကို ငါ့ဟာဖြစ်လိုခြင်း၊ သူတစ်ပါးကို သေကျေပျက်စီးစေလိုခြင်းနှင့် မိစ္ဆာဒိဋ္ဌိအယူမှားခြင်း(ကံ ကံ၏အကျိုးကို မယုံကြည်ခြင်း) မနောကံသုံးပါးတို့ ပွားများလာကြပြီး အလိုလောဘမပြည့်သဖြင့် သူတစ်ပါးကို နှိပ်စက်သတ်ဖြတ်ခြင်း ကာယကံအမှုအထိ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ပြည်သူ ပြည်သားများသည်   ကောင်းကျိုး၊     မကောင်းကျိုးတို့ကို          သိမြင်လာကြပြီး မိတ်ကောင်းဆွေကောင်းတရားနှင့်      သင်္ဂဟတရားတို့ကို      တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လောကကောင်းကျိုးတည်ထွန်းမည်ဖြစ်ပါကြောင်း။     ။