မျိုးဆက်များအကြား တရားမျှတမှုနှင့် ဆင့်ကဲတိုးတက်ခြင်း

Type

 

သိန်းထွန်း (IR)

မျိုးဆက်အလိုက် လေ့လာသင်ယူခြင်းနှင့် လက်ဆင့်ကမ်းခြင်း


မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တို့ အကြား   အသိပညာနှင့်  ဘဝအတွေ့ အကြုံများ အစဉ်အဆက် လက်ဆင့်ကမ်း လာခဲ့သည်မှာ လူ့သမိုင်းတစ်လျှောက် ဖြစ်ပါသည်။ မျိုးဆက်များဟုဆိုရာတွင် မိသားစုအလိုက်   မျိုးဆက်၊  လူ့အဖွဲ့ အစည်းမျိုးဆက်နှင့်  နှစ်ကာလအချိန် အလိုက်မျိုးဆက်များ   ပါဝင်ပါသည်။ သမိုင်းမတင်မီကာလကမှစ၍ လူ့သမိုင်း တစ်လျှောက် မျိုးဆက်တစ်ခုမှတစ်ခုသို့ အသိပညာနှင့်  ဘဝအတွေ့အကြုံများ လက်ဆင့်ကမ်းလာခြင်း၊      ပူးပေါင်း လုပ်ကိုင်နိုင်ခြင်းနှင့်  ပိုမိုလေ့လာသင်ယူ ခြင်းများကြောင့်        ပညာရပ်များ၊ နည်းပညာများ၊   အတွေးအခေါ်များ၊ စနစ်များ၊ ယဉ်ကျေးမှုများနှင့် လူမှုတန်ဖိုး များ   မြင့်တက်လာခဲ့ကြပြီး  နောင်လာ နောက်သားများ  စဉ်ဆက်မပြတ် တိုးတက် မှုကို ခံစားနေကြရခြင်းဖြစ်သည်။ 


အခြားတစ်ဖက်တွင် စဉ်ဆက်မပြတ် တိုးတက်မှုနှင့်အတူ ရုပ်ဝတ္ထုဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာ  ဆိုးကျိုးများလည်း ရှိနေပြန်ပါသည်။ သို့ဖြစ်ရာ ကောင်းကျိုး ဆိုးကျိုးများအကြား  နောင်မျိုးဆက်များ အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ် ဆောင်ရန်မှာ မျိုးဆက်အလိုက် အလေး ထားရမည့်  အရေးပါသည့်  လုပ်ငန်း ဖြစ်လာပါသည်။ 


ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး   အယူ အဆသည် လူမှုဘဝတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင်   လူသိများသည့် အကြောင်းအရာတစ်ရပ် ဖြစ်ပါသည်။ ယင်းသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်၏   အရေးပါသော  ရှုထောင့် တစ်ခုလည်း  ဖြစ်သည်။  မျိုးဆက်များ အကြား ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေး နှင့်  မြှင့်တင်ရေးသည်    ဆုံးဖြတ်ချက် ချမှတ်သူများအတွက်      သီအိုရီပါရာ ဒိုင်းများထက် လက်တွေ့ကျကျ အရေး ပါသောကိစ္စရပ် ဖြစ်ပေသည်။


ထို့အတူ     မျိုးဆက်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် လေးစားမှုနှင့် နားလည်မှု တိုးတက်စေ ရေးနှင့် ပိုမိုစည်းလုံးသော အသိုက်အဝန်း တည်ဆောက်ရေး ရည်ရွယ်သော အလေ့ အကျင့်များ ပြုစုပျိုးထောင်ရာတွင်ဖြစ်စေ၊   အခက်အခဲအတားအဆီးများ   ဖယ်ရှား ရာတွင်ဖြစ်စေ     မျိုးဆက်များအကြား    လေ့လာသင်ယူခြင်းနှင့် လက်ဆင့်ကမ်း ခြင်း နည်းလမ်းလိုအပ်မည်ဖြစ်ပါသည်။ 


သင်ခန်းစာယူ ပြုပြင်ပြောင်းလဲ


မျိုးဆက်ဟောင်း  မျိုးဆက်သစ်တို့ ဆိုသည်မှာ တသီးတခြားစီ  ရှိကြသည် မဟုတ်။    မိသားစုအတွင်းကြည့်လျှင် မိဘနှင့် သားသမီးသည် တစ်ဆက်တည်း ဖြစ်နေသည့် မျိုးဆက်များ ဖြစ်ကြသည်။ အချို့မိသားစုတွင် အဘိုးအဘွား၊ သား သမီးနှင့်  မြေးမြစ်များအထိ  မျိုးဆက်များ အတူတကွ ယှဉ်တွဲ နေထိုင်နေကြပါသည်။ အလားတူပင်    ယနေ့တွင်   မျိုးဆက် အိတ်စ်၊  ဝိုင်၊  ဇက်များ  အတူယှဉ်တွဲ နေထိုင်လုပ်ကိုင်နေကြပါသည်။ မျိုးဆက် များ မတူညီခြင်းကြောင့် အသက်အရွယ်၊ အတွေ့အကြုံ၊  အတွေးအခေါ်၊  အယူ အဆ၊ ရည်မှန်းချက်များ၊ တန်ဖိုးထားမှု၊ ပြောဆိုပြုမူဆက်ဆံပုံ၊ လုပ်ကိုင်ပုံများ ကွဲပြားခြားနားတတ်ကြပါသည်။ 


ထိုမတူကွဲပြားသည့်   မျိုးဆက်များ အကြား   ဖြစ်တတ်ကြသည့်  အသက် အရွယ်အခြေပြု    ခွဲခြားဆက်ဆံခြင်း၊ အင်စတီကျူးရှင်းဆိုင်ရာ အတားအဆီး များ၊  တန်ဖိုးထားမှုနှင့်  မျှော်မှန်းချက် မကိုက်ညီတတ်ခြင်း   စသည်တို့သည် ယနေ့   လူ့အဖွဲ့အစည်းများရှိ  လူငယ်၊ လူကြီးမျိုးဆက်များအကြား   အပြန် အလှန် ဆက်ဆံရေး၊ နားလည်မှုရှိရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့်    အရည် အသွေး         မြှင့်တင်ရေးတို့အတွက် ကန့်သတ်ချက်များ   ဖြစ်စေပါသည်။ ယနေ့အခါ   မျိုးဆက်သစ်တို့အနေဖြင့် လူမှုပတ်ဝန်းကျင်တွင်   ပြင်းထန်သော ဖိအားများ    ရင်ဆိုင်နေကြရပါသည်။ ထို့အပြင်       လုပ်ငန်းခွင်နယ်ပယ်တွင် လည်းကောင်း၊ အရွယ်ရောက်လာချိန် တွင်  လည်းကောင်း   မျိုးဆက်သစ်တို့ သည် ပဋိပက္ခများ၊ မရေရာ မသေချာမှု များ၊   ကြောက်ရွံ့မှု၊  ကာလရှည်ကြာ အပြောင်းအလဲများနှင့် တွေ့ကြုံခံစား နေကြရပါသည်။


သို့ဖြစ်ရာ မျိုးဆက်အလိုက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သော အသိပညာများ  ဖွံ့ဖြိုးတိုးတက်ရန်နှင့် မျိုးဆက်များအကြား    အသိပညာနှင့် ဘဝအတွေ့အကြုံ  လက်ဆင့်ကမ်းရေး (intergenerational Knowledge and life Experience transfer) သည် အရေး ပါလာသည့် ကိစ္စရပ်တစ်ခု ဖြစ်လာသည် ကို    တွေ့ရပါသည်။   ပို၍ကျယ်ကျယ် ပြန့်ပြန့်ဆိုရပါက   ယင်းသည်   လူ့အဖွဲ့ အစည်းတစ်ခု၏   သို့မဟုတ်   နိုင်ငံ တစ်နိုင်ငံ၏    အနာဂတ်ကံကြမ္မာပင် ဖြစ်ပါသည်။  


မည်သို့ဆိုစေ အပြန်အလှန်သင်ယူ ရခြင်း၊    ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လွှဲပြောင်းလက်ဆင့်ကမ်းခြင်း၊ တိုးတက် လေ့လာသင်ယူခြင်း  နည်းလမ်းတို့ဖြင့် မျိုးဆက်သစ်တို့အနေဖြင့်   ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရဆဲ ဘဝအတွေ့အကြုံများကို ပိုင်းခြား၍    သင်ခန်းစာယူပြောင်းလဲ ကြရမည်       ဖြစ်ပါသည်။   သို့မှသာ လူ့အသိုက်အဝန်းတစ်ခု၏      ဆင့်ကဲ ပြောင်းလဲတိုးတက်ခြင်းနှင့်       ရေရှည် တိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။


မျိုးဆက်များအကြား တရားမျှတမှု 


မျိုးဆက်များအကြား  တရားမျှတမှု ကို  စဉ်းစားရာတွင် အနာဂတ်မျိုးဆက် များနှင့် ပတ်သက်၍ လက်ရှိမျိုးဆက် များတွင်    တာဝန်ရှိခြင်းဖြစ်ပါသည်။ ယင်းစဉ်းစားမှုများတွင် ကြွယ်ဝချမ်းသာ မှု     ခွဲဝေခြင်း၊        သဘာဝသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်   လက် ဆင့်ကမ်းခြင်းတို့အပြင် ယနေ့ အသက် ရှင်နေထိုင်ဆဲသူများ၏ အခွင့်အရေးများ နှင့် အနာဂတ်မျိုးဆက်သစ်များ၏ အခွင့် အရေးများ    မည်ကဲ့သို့    ဟန်ချက်ညီ တည်ဆောက်ရမည်ဆိုသည်မှာ     လူမှု အဖွဲ့အစည်းတစ်ခုအတွက် ရှောင်လွှဲမရ သည့်ကိစ္စ ဖြစ်ပါသည်။


မျိုးဆက်များအကြား တရားမျှတမှု သည်  ကျယ်ပြန့်သော  ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ ရုပ်ဝတ္ထုပိုင်းခွဲဝေမှုဆိုင်ရာ တရားမျှတမှု၊ ကိုယ်ကျင့်တရားဆိုင်ရာတန်ဖိုးများ၊ တာဝန်ယူမှု စသည့် အယူ အဆဆိုင်ရာများ၊      ရှုထောင့်ဆိုင်ရာ အမြင်အမျိုးမျိုးရှိကြပါသည်။ အနာဂတ် မျိုးဆက်ဆိုင်ရာ   မိမိတို့ထားရှိရမည့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိမှုသည်လည်း မျိုးဆက်များအကြား    တရားမျှတမှု အတွက် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ 


ပတ်ဝန်းကျင်၏ အခြေအနေနှင့်အညီ  


မျိုးဆက်များအကြား  အဆင့်ဆင့် လက်ဆင့်ကမ်းကြရာတွင် တစ်ဦးချင်း အလိုက်၊  အုပ်စုအလိုက်၊   လူမှုအသိုက် အဝန်းအလိုက်    အသိပညာနှင့်   ဘဝ အတွေ့အကြုံ     လက်ဆင့်ကမ်းတတ် ကြသည်။ အသက်အရွယ်အားဖြင့်ဖြစ်စေ၊ အခြေအနေအားဖြင့်ဖြစ်စေ မတူညီသော မျိုးဆက်များအကြား    အသိပညာနှင့် ဘဝအတွေ့အကြုံ      မျှဝေခြင်းနှင့် လက်ဆင့်ကမ်းခြင်းသည် လှေနံဓားထစ် သဘောမဟုတ်ဘဲ   ပြောင်းလဲနေသည့် အခြေအနေနှင့်  ကိုက်ညီရန်  လိုအပ်ပါ သည်။ ဥပမာအားဖြင့် ယခင်က မြန်မာ့ ဓလေ့တွင် အမျိုးသမီးများကို အိမ်ထောင် ထိန်းသိမ်းသူများအဖြစ်သာ     အစဉ် အဆက်   ယူဆခဲ့ကြသော်လည်း  ယနေ့ ခေတ်တွင်     ကျား/မ  တန်းတူညီမျှရေး ကဲ့သို့သော   ပြောင်းလဲနေသည့်   ပြင်ပ အခြေအနေများနှင့် လိုက်လျောညီထွေ စွာ        အမျိုးသမီးများသည်လည်း အမျိုးသားများနှင့်  ရင်ပေါင်တန်းလာပါ သည်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ယခင်ကထက် ပြင်ပအကျိုးသက်ရောက် မှု  ပိုမိုများပြားနေသည်ဖြစ်ရာ   ယင်း အခြေအနေတို့နှင့်အညီ    နိုင်ငံရေး၊ အုပ်ချုပ်ရေး၊     စီးပွားရေး၊   လူမှုရေး၊ ပညာရေးတို့တွင်   တိုးတက်ပြောင်းလဲ ကြရန် လိုအပ်လာပါသည်။


သဘောမှာ    လက်ဆင့်ကမ်းရယူ ခြင်း သက်သက်သာမဟုတ်ဘဲ ပြောင်းလဲ နေသည့်  အခြေအနေနှင့်  လိုက်လျော ညီထွေရှိစွာ လက်ခံနိုင်စွမ်း၊ ပြောင်းလဲ ပြုပြင်နိုင်စွမ်းနှင့် အသုံးချနိုင်စွမ်းရှိရေး ဖြစ်ပါသည်။   ပြောင်းလဲပြုပြင်နိုင်စွမ်း ဆိုရာတွင် အရာရာကို ပြုပြင်ပြောင်းလဲ ရမည်ဟု ဆိုလိုခြင်းမဟုတ်။ မိမိလူ့အဖွဲ့ အစည်း၏ အခြေအနေနှင့် ကိုက်ညီစွာ ပြုပြင်ပြောင်းလဲနိုင်ရေး ဖြစ်ပါသည်။   


ပိုမိုကောင်းမွန်သော 
အခြေအနေဖန်တီးရေး


မျိုးဆက်များအကြား အသိပညာနဲ့ ဘဝအတွေ့အကြုံများ လက်ဆင့်ကမ်း သည့် ရည်ရွယ်ချက်များတွင် အနာဂတ် မျိုးဆက်တစ်ဦးချင်းစီ၏ ဘဝတိုးတက် မြင့်မားရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ရေရှည်ခိုင်မာတိုးတက်သော အခြေအနေ တည်ဆောက်နိုင်ရန်တို့ ပါဝင်ပါသည်။ တိုးတက်သော၊ ငြိမ်းချမ်းသော၊ တရား မျှတမှုရှိသော၊   ရေရှည်တည်တံ့သော လူ့အဖွဲ့အစည်းတစ်ရပ်      မျှော်မှန်း တည်ဆောက်ရာတွင်   ပစ္စုပ္ပန်ဗဟိုပြု စဉ်းစားရှုမြင်   လုပ်ဆောင်ခြင်းထက် အစဉ်အဆက်      နောင်ဆက်ခံမည့် မျိုးဆက်များအတွက်ပါ    ထည့်သွင်း စဉ်းစားကြရပါသည်။ အနာဂတ်အတွက် အစဉ်အဆက် မျိုးဆက်အလိုက် ကိုယ်စီ တာဝန်ကျေမှသာ မျိုးဆက်များအကြား တရားမျှတမှုနှင့်   ပိုမိုကောင်းမွန်သော အခြေအနေကို မျှော်မှန်းနိုင်မည် ဖြစ်ပါ သည်။


သို့ဖြစ်ရာ      ပစ္စုပ္ပန်မျိုးဆက်တို့ အနေဖြင့်   မိမိတို့၏  အမွေဆက်ခံရရှိ  ထားသည်တို့ထက် အနာဂတ်မျိုးဆက် တို့အတွက် ပိုမိုလုံခြုံသော၊ ပိုမိုငြိမ်းချမ်း သော၊ ပိုမိုချမ်းသာကြွယ်ဝသော ကမ္ဘာ ကြီးအဖြစ်၊ နိုင်ငံအဖြစ်၊ လူ့အဖွဲ့အစည်း အဖြစ်   ချန်ထားခဲ့ရန်    ကြိုးစားရမည် 
ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့ကဲ့သို့ အချိန်တွင်  မိမိတို့အနေဖြင့်  အနာဂတ် မျိုးဆက်များရှင်သန်ရေး၊ တိုးတက်ရေး ရည်ရွယ်သော   မျိုးဆက်များဆိုင်ရာ မျှော်မှန်းချက်၊   ဆုံးဖြတ်ချက်များကို ထိရောက်စွာ   အကောင်အထည်ဖော် နိုင်ကြမှသာ သားစဉ်မြေးဆက် တိုးတက် သော  အနာဂတ်ကို   တည်ဆောက်နိုင်   ပေလိမ့်မည်။ 


ထိုသို့မဟုတ်ဘဲ အတိတ်မှ ဆိုးမွေ များထဲတွင်သာ         တဝဲလည်လည် ဆက်လက်   ကျင်လည်နေမည်ဆိုပါက ပြောင်းလဲနေသည့် အခြေအနေများနှင့် ကိုက်ညီရန်  ခက်ခဲခြင်း၊  တိုးတက်ရန် မလွယ်ကူခြင်းနှင့်  အဆိုးသံသရာတွင် ဝဲလည်ခြင်းများကို   ရင်ဆိုင်ကြုံတွေ့ ကြပေလိမ့်မည်။ 


အကြံတူ နောက်လူသာဖို့


မြန်မာစကားတွင်       အကြံတူ နောက်လူသာစမြဲဟု   ဆိုကြပါသည်။ အကြံတူ  နောက်လူသာရန် ဆိုရာတွင် ခြွင်းချက်ရှိပါသည်။ ရှေ့လူ၏ အားနည်း ချက် အားသာချက်များကို နောက်လူက အမြတ်ထုတ်အသုံးချနိုင်မှသာ နောက်လူ သာပါလိမ့်မည်။ ရှေ့လူ၏ အားသာချက် များကို    အသုံးချခြင်းဖြင့်   နောက်လူ အတွက် အသိအမြင်ပိုမိုရရှိနိုင်သကဲ့သို့ ရှေ့လူ၏         အားနည်းချက်များကို သင်ခန်းစာယူခြင်းဖြင့်      ရှောင်ရန် ဆောင်ရန်၊   ပြုပြင်ပြောင်းလဲရန်များ ရရှိနိုင်ပါသည်။ သို့မှလည်း ရှေ့လူထက် နောက်လူက ပိုမိုသာလွန်တိုးတက်သောအခြေအနေကို       ဖန်တီးနိုင်ပါမည်။ သို့မဟုတ်ဘဲ   နောက်လူက  ရှေ့လူ၏ အားသာချက်ကိုလည်း     မယူနိုင်၊ အားနည်းချက်များကိုလည်း သင်ခန်းစာ မယူနိုင်၊    တိုးတက်လေ့လာသင်ယူမှု လည်း မရှိပါက ရှိရင်းစွဲအခြေအနေထက် တိုးတက်ရန် မျှော်မှန်းနိုင်မည် မဟုတ် ချေ။


အထူးသဖြင့် တိုးတက်မှုနောက်ကျ နေသည့်   အခြေအနေ၊   ပဋိပက္ခများ များပြားနေသော    အခြေအနေနှင့် တိုးတက်ရန်အားယူနေဆဲအခြေအနေရှိ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများမှ မတူညီ သော မျိုးဆက်များအကြား အပြန်အလှန် ချိတ်ဆက်မှု ပိုမိုလိုအပ်မည်ဖြစ်ပေသည်။ မျိုးဆက်များအကြား အပြန်အလှန် ချိတ်ဆက်မှုသည် အသိပညာဗဟုသုတ ရယူခြင်းနှင့်     မျှဝေခြင်းလုပ်ငန်းစဉ် အတွက်  အရေးကြီးသော  ကဏ္ဍဖြစ်ပါ သည်။

ထို့အတူ ရယူခြင်းနှင့် မျှဝေခြင်း လုပ်ငန်းစဉ်တစ်လျှောက်  အသိပညာ များ မြှင့်တင်ရေးလုပ်ဆောင်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။     သို့မှသာ အနာဂတ်မျိုးဆက်သစ်တို့သည် ယခင် မျိုးဆက်တို့ထက် ဆင့်ကဲတိုးတက်သော အခြေအနေကို ဖန်တီးတည်ဆောက်နိုင် မည်ဖြစ်ပေသည်။


ကိုးကား
၁။    https://www.encyclopedia.com/education/encyclopedias-almanacs-transcripts-and-maps/intergenerational-justice
၂။    Joerg Chet Tremmel; A theory of Intergenerational Justice
၃။    IDEA၊ Intergenerational Dialo-gue for Democracy 
၄။    https://www.unicef-irc.org/article/920-climate-change-and-intergenerational-justice.html
၅။    https://www.oecd.org/green-growth/we-need-leaders-to-act-in-service-of-future-generations.htm