နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် က အဓိကကျသည်။ သဘာဝသယံဇာတမည်မည်ရရ မရှိစေကာမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ပြင်းထန်ပြီး ထိရောက်ထက်မြက် သည့် အစိုးရ၏ ဦးဆောင်မှု၊ အသိပညာရှင်၊ အတတ်ပညာရှင် များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်သောလူ့စွမ်းအား အရင်းအမြစ်များဖြင့် အကောင်အထည်ဖော်ခဲ့သော နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို မျက်မှောက်ကမ္ဘာတွင် တွေ့ရှိနိုင်သည်။
“ခေတ်နောက်ကျသောနိုင်ငံတစ်ခု၏ စီးပွားရေးကို တိုးတက် အောင်ပြုလုပ်ရာတွင် အခြေခံကျသောအကြောင်းတရားမှာ ယင်း နိုင်ငံအတွင်းရှိ လူသားအရင်းအမြစ်များကို အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး အသုံးပြုရန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆို သော် စီးပွားရေးဖွံ့ဖြိုးမှုသည် လူသားဆိုင်ရာလုပ်ငန်းတာဝန်ကြီး တစ်ရပ်ပင်ဖြစ်ပြီး လူသားတို့၏ အစွမ်းအစများကို တက်ကြွသော အင်အားများ (Dynamic Force)အဖြစ် စုစည်းဖော်ဆောင်ပေး နိုင်မှသာ အောင်မြင်နိုင်ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းသော အမျိုးသားရေးစိတ်ဓာတ်အားမာန် (Strong National Will- power) ရှိရန် လိုအပ်သကဲ့သို့ ယင်းအားမာန်ကို လက်တွေ့ စွမ်းဆောင်မှုအဖြစ် ပြောင်းလဲနိုင်သည့်အရည်အချင်းနှင့် အရည် အသွေးများလည်း ပြည့်စုံနေရန်လိုအပ်သည်။” ဟု တောင်ကိုရီးယား သမ္မတဟောင်း ပတ်ချုံဟီး(၁၉၆၃-၁၉၇၉)က ၎င်းရေးသားသည့် “နိုင်ငံတစ်ခုတည်ဆောက်ရေး” တွင် ဖော်ပြခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတွင်သဘာဝသယံဇာတ အရင်းအမြစ်များပြည့်စုံကြွယ်ဝရုံမျှဖြင့် မလုံလောက်ဘဲ အဆိုပါ အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ရန်အတွက် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန် နှင့် တစ်ချိန်တည်းမှာပင် လူသားအရင်းအမြစ်များကို ခိုင်မာအား ကောင်းသည့် အမျိုးသားရေးစိတ်ဓာတ်အားမာန်များ ပြည့်ဝလာ စေရန်လည်း မွေးမြူပေးဖို့လိုမည်ဖြစ်သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားစသည့် အာရှနိုင်ငံများ ထိပ်တန်းအဆင့်သို့တက် လာနိုင်သည်မှာ ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ် အားမာန်ကြောင့်ပင်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်အားနည်း ချွတ်ယွင်းလျှင်မူ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံမှ တိုးတက်နိုင် မည်မဟုတ်သည်ကိုလည်း သတိချပ်ကြရန်လိုသည်။
မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံအတွင်းရှိနေသည့် လူသား အရင်းအမြစ်များကို တက်ကြွသောအင်အားများအဖြစ် စုစည်း ကာ အကျိုးရှိ ထိရောက်စွာအသုံးပြုရန်နှင့်အနာဂတ်နိုင်ငံတော် အတွက်လည်း မျိုးဆက်သစ်များကို စဉ်ဆက်မပြတ်လေ့ကျင့် ပျိုးထောင်သွားကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသော လူမှုရေး ဦးတည်ချက်တစ်ရပ်ပါဝင်လျက်ရှိပြီး အဆိုပါ ဦးတည်ချက်နှင့် အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် မြှင့်တင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
နိုင်ငံ၏အနာဂတ်တွင် အကျိုးရလဒ်များ အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ရန်အတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ မှုကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ပညာရေးအသုံးစရိတ်သည် ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၅ ရာခိုင်နှုန်းခန့်နှင့် တစ်မျိုးသားလုံး အသားတင်ထုတ် လုပ်မှု၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်။ ပညာပြည့်ဝနှလုံးလှ သည့်လူငယ်များ၊ အသိပညာ၊ အတတ်ပညာကျွမ်းကျင်ပြီး အမျိုး သားရေးစိတ်ဓာတ်အားမာန် ခိုင်မာအားကောင်းသည့် မျိုးဆက် သစ်များ အင်အားကြီးမားစွာပေါ်ထွန်းလာရေး ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ မိဘများအပါအဝင် ဝိုင်းဝန်းကြိုးပမ်း ကြရပါမည့်အကြောင်း။ ။