
ဒေါက်တာ ဒေါ်ခင်ဝင်းမေ အထူးကုဆရာဝန်ကြီး (သွားနှင့်ခံတွင်း) (ငြိမ်း)
ခုတင်(၃၀၀) သင်ကြားရေးဆေးရုံကြီး မန္တလေးမြို့
မြို့မအမျိုးသမီးအထက်တန်းကျောင်း (အ.ထ.က-၃ ဒဂုံ) သည် ရန်ကုန်မြို့ (တင့်ခ်လမ်း)တွင် ရှိပါသည်။ မြို့မကျောင်းလမ်းတွင်ရှိသော မြို့မအမျိုးသားကျောင်း (ယခု အ.ထ.က-၂ ဒဂုံ) သည် ယောက်ျားလေးများ တက်ရောက်သင်ကြားနိုင်သော ကျောင်းဖြစ်ပြီး မြို့မအမျိုးသမီး အထက်တန်းကျောင်းတွင် မိန်းကလေးများ (သီးသန့်) ထားရှိကာ ပညာသင်ကြားပေးသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။
ကျွန်မ၏ဖခင်သည် မြို့နယ်ဆောက်လုပ် ရေးအင်ဂျင်နီယာတစ်ယောက်အဖြစ် မြန်မာ နိုင်ငံ တစ်နံတစ်လျား တာဝန်ထမ်းဆောင်ခဲ့ရ သည့်အလျောက်၊ ဖေဖေတာဝန်ကျရာ မြို့များ တွင် မိသားစုနှင့်အတူ လိုက်ပါနေထိုင်ရင်း ယင်းမြို့များ၏ (အ.မ.က)၊ (အ.လ.က)၊ (အ.ထ.က) အစိုးရကျောင်းများတွင် ပညာရည် နို့သောက်စို့ခဲ့ရပါသည်။ တန်းမြင့်ကျောင်း ထွက် (နဝမတန်း)အရောက် ဖေဖေက အလုပ် တာဝန် ပြောင်းရွှေ့ရလျှင် ကျွန်မအနေဖြင့် စာသင်နှစ်မပြည့်မီ ကျောင်းပြောင်းရွှေ့ရမည် ကို စိုးရိမ်သောကြောင့် ရန်ကုန်မြို့ရှိ မြို့မ အမျိုးသမီး အထက်တန်းကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစားနေနိုင်ရန် ဘော်ဒါ ဆောင်သို့ ကျားကုတ်ကျားခဲ ပို့ဆောင်ပညာ သင်ယူစေခဲ့ပါသည်။ နယ်ကျောင်းများတွင်သာ ကျင်လည်ခဲ့ရသော ကျွန်မဘဝတစ်ဆစ်ချိုး အဖြစ် ရန်ကုန်မြို့ကြီးရှိ အမျိုးသားကျောင်း ကြီးတွင် ဘော်ဒါဆောင်တက်ရမည်ကို စိုးရိမ်စိတ် ဖြစ်ခဲ့ရပါသည်။
မြို့မအမျိုးသမီးကျောင်း
မြို့မအမျိုးသမီးကျောင်းတွင် ကျွန်မ နေခဲ့ရသော ဘော်ဒါဆောင်လေးမှာ ကျောင်း ၏ အနောက်ဘက်တွင် သီးသန့်တည်ရှိသော နှစ်ထပ်တိုက်ကလေး ဖြစ်ပါသည်။ ထမင်းစား ဆောင်၊ ရေချိုးဆောင်၊ ဧည့်ခန်းဆောင်နှင့် ဆေးခန်းလေး ပါရှိပါသည်။ သူနာပြုဆရာမ တစ်ဦးနှင့် အကူသူနာပြုတစ်ဦးကို အမြဲတမ်း ဝန်ထမ်းအဖြစ် ထားရှိကာ ကျောင်းကျန်းမာ ရေးဆရာဝန်ကို အချိန်ပိုင်းထားရှိပါသည်။ အမျိုးသားကျောင်းတွင် ဆေးခန်းသည် သီးသန့် နှစ်ထပ်တိုက်ဆောင်ဖြစ်ပြီး သွားနှင့် ခံတွင်းကုသပေးနိုင်သော သွားဆေးခန်းနှင့် မျက်စိစမ်းသပ်ခန်းလည်း ရှိပါသည်။ ကျောင်းကား (School Bus) ၁၂ စီး ထားရှိကာ ကားတစ်စီးလျှင် ဆရာမတစ်ဦးစီ လိုက်ပါပြီး ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးပါသည်။
ထိုစဉ်က အမျိုးသားကျောင်း၏ ကျောင်းအုပ်ကြီးမှာ ဆရာကြီးဦးဘလွင် ဖြစ်ပြီး ကျန်ဆရာများမှာ ဆရာကြီး ဦးဘတင်၊ ဦးစံထွား၊ ဦးအောင်ဇံဝေတို့ ဖြစ်ကြပါသည်။ ကျွန်မတို့ အမျိုးသမီးကျောင်း၏ ကျောင်းအုပ် ဆရာမကြီးမှာ ဒေါ်တင်တင်စိန်ဖြစ်ပြီး ဒုတိယကျောင်းအုပ်မှာ ဆရာမကြီး၏ ညီမ ဖြစ်သူ ဒေါ်ခင်ခင်ညွန့် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်မတို့ကို သင်ကြားပေးခဲ့သော ဆရာမ များမှာ ဒေါ်ခင်ခင်စု၊ ဒေါ်ခင်ကြည်၊ ဒေါ်ခင်သန်း၊ ဒေါ်သန်းနွဲ့ (၁)၊ ဒေါ်သန်းနွဲ့ (၂)၊ ဒေါ်မြင့်မြင့်ကြည်၊ ဒေါ်နုယဉ်တို့ ဖြစ်ကြ ပါသည်။ ဒေါ်နုယဉ်သည် မုဒုံမယ်တစ်ဦး ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်၊ အဆောင်မှူး ဦးစန်းရှိန်၏ ဇနီးလည်းဖြစ်ကာအဆိုတော်ဇော်ဝင်းရှိန်၏ မိခင်လည်းဖြစ်ပါ သည်။ အာဇာနည် ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သူ ဦးရာဇတ်၏ ရင်သွေးများနှင့် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူ ဦးနု၏ ရင်သွေး များသည်လည်း ယင်းအမျိုးသားကျောင်းကြီး ၏ ပညာရည်နို့သောက်စို့ခဲ့ကြသူများ ဖြစ်ကြ ပါသည်။ ထိုနည်းတူစွာ မယ်ဗမာမစိန်အေး၊ မယ်စကြဝဠာ ဒေါ်ခင်မြင့်မြင့်တို့သည် လည်း မြို့မကျောင်းထွက်များ ဖြစ်ကြပါသည်။
ကျောင်းအုပ်ကြီး ဆရာမကြီး ဒေါ်တင် တင်စိန်က သမီးကျောင်းသူများအား မိန်းကလေးပီသစွာ နေထိုင်၊ ဝတ်စားတတ် စေရန် အမြဲသွန်သင်ပေးလေ့ ရှိပါသည်။ ဆရာမကြီး ဆုံးမလေ့ရှိသည့် “မိန်းကလေး ဆိုတာ ဣန္ဒြေရရ၊ ဆင်မယဉ်သာ လျှောက် လှမ်းရမယ်” ဆိုသည့်စကား နားထဲစွဲကျန်ရစ် ခဲ့ရသလို အခြားသောကိစ္စရပ်များဖြစ်သော မုန့်ဖိုးသုံးစွဲရင် အသုံးနှင့် အဖြုန်း ခွဲခြားတတ် စေရန် “သမီးတို့ရေ၊ ငွေဆိုတာလွယ်လွယ်နဲ့မရ ဘူး၊ ငါးမူးရအောင် မူးအောင်ရှာရတယ်”ဆိုတဲ့ ဆရာမကြီးစကားကိုလည်း အမြဲကြားယောင် မိရပါသည်။
ကျောင်း၏ ကျောင်းဝတ်စုံ
ကျွန်မတို့ကျောင်း၏ ကျောင်းဝတ်စုံမှာ အဖြူအင်္ကျီ (ပေါ်ပလင်၊ ဘူးသီးပိတ်)အထူ လက်ရှည် သို့မဟုတ် လက်စက၊ လုံချည် မာစရိုက် အစိမ်းရောင်တို့ကို ဆရာမများနှင့် ကျောင်းသူများအားလုံး တူညီဝတ်ဆင်ကြပြီး မြို့မဝတ်စုံ၊ မြို့မစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်၊ စည်းလုံးမှုစိတ်ဓာတ်တို့ကို ဖော်ကျူးခြင်းဖြစ် ပါသည်။ ကျောင်းမုန့်ဈေးတန်းကို ကျန်းမာ ရေးနှင့် ညီညွတ်စွာ ရောင်းချစေပါသည်။ ကျောင်းမှစီစဉ်သော နေ့လယ်စာ (Lunch) စားလိုပါက တစ်လ ခြောက်ကျပ်နှုန်းဖြင့် သန့်ရှင်း၊ ကျန်းမာ၊ အာဟာရပြည့်ဝစွာ စီစဉ် ပေးပါသည်။ အိမ်တွင်းမှုပညာရပ်များဖြစ်သော တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး၊ ဝက်သိုး၊ စက်ချုပ် အတတ်ပညာများသာမက ကိုယ်လက်လှုပ်ရှားအားကစားပညာရပ်များဖြစ်သော Basket Ball, Table Tennis, ကြက်တောင်ရိုက်ခြင်းများပါမကျန် သင်ကြား ပြသပေးကြပါသည်။ ယင်းအပြင် ပန်းချီပညာ ရပ်ပါမကျန် သင်ကြားပြသပေးခဲ့သော ကျောင်းဂုဏ် အင်္ဂါရပ်များအားလုံးနှင့် ညီညွတ်လှသော မြို့မအမျိုးသမီး အထက် ကျောင်းကြီး ဖြစ်သလို ဆရာမများ စာသင်ပြီး ၍ စာသင်ခန်းမှ မထွက်ခွာမီ ကျောင်းသူများ က “ပဉ္စဂုဏံ အဟံဝန္ဒာမိ”ဟု ရွတ်ဆို ကန်တော့သော အစဉ်အလာကောင်းမှာ ကျွန်မတို့ကျောင်း၏ မွန်မြတ်သော ဝိသေသ တစ်ရပ် ဖြစ်ပါသည်။
ဘော်ဒါဆောင်တွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကြီး၊ ငယ်ရွယ်၊ လတ် အသက်အပိုင်းအခြားမျိုးစုံ၊ ကျောင်းသူ ပေါင်း (၁၀၀)ခန့် ရှိပါသည်။ ကျွန်မတို့ဘော်ဒါ ဆောင်၏ အဆောင်မှူးမှာ အရပ်ထောင် ထောင်မောင်းမောင်းနှင့် စည်းကမ်းကြီးလှ သော ဆရာမကြီးဒေါ်တင် ဖြစ်ပါသည်။ ကျန်ဆရာမများမှာ ဒေါ်တင်ရီစိုး၊ ဒေါ်ခင်လေး နှင့် ဒေါ်ခင်စီ (နယူးပုံနှိပ်တိုက်၊ ဗိုလ်ချုပ်လမ်း) တို့ဖြစ်ကြပါသည်။ နံနက်ခင်း မိုးလင်း၍ ပထမခေါင်းလောင်းထိုးလျှင်၊ အိပ်ရာထ၊ အိပ်ရာသိမ်း၊ ခြင်ထောင်ဖြုတ် ခေါက်သိမ်း၊ ဆင်တူအိပ်ရာခင်းများဖြင့် အိပ်ရာကို လွှမ်းခြုံထားကြပါသည်။ ထို့နောက် ရေချိုး၊ ကျောင်းဝတ်စုံဝတ်ဆင်ပြီး ဒုတိယ ခေါင်းလောင်းထိုးသည်နှင့် နံနက်စာ (Breakfast) စားသုံးရန် ထမင်းစားဆောင်သို့ သွားရောက်ကြရပါသည်။ နာမကျန်းဖြစ်သူ မှလွဲ၍ ကျန်ကျောင်းသူများအားလုံး သွားရောက်ပြီး လူစုံလျှင် ကြေးစည်တီးပြီး
သရဏဂုံ (၃)ပါးကို ရွတ်ဆိုပြီးမှ စားသောက် ကြရပါသည်။ နေ့လယ်စာ၊ ညနေစာများ သုံးဆောင်သည့်အခါများတွင်လည်း ဖော်ပြ ပါအတိုင်း လူစုံ၊ သရဏဂုံရွတ်ဆိုပြီးမှ စားသောက်ကြရပါသည်။ ညနေစာစားသုံး ပြီးလျှင်မူ ကျောင်းဝင်းအတွင်းတွင် လမ်းလျှောက်ရန်နှင့် အနားယူရန် ခေတ္တခဏ မျှ အချိန်ပေးထားပြီး ခေါင်းလောင်းထိုး လျှင် ဘုရားကျောင်းဆောင်သို့ အဆောင်မှူး၊ ဆရာမများအပါအဝင် ကျောင်းသူအားလုံး အတူ စုံလင်စွာ ဝင်စေပြီး သံပြိုင်ဘုရားဝတ် တက်ကြရပါသည်။ ပရိတ်ကြီး (၁၁)သုတ်ကို “မြို့မဝတ်ရွတ်စဉ်” စာအုပ်ပါ နေ့အလိုက် ရွတ်ဆိုကြရပါသည်။ ဝါတွင်း (၃)လတွင် ဥပုသ်နေ့တိုင်း ရှစ်ပါးသီလ ဆောက်တည် ကြရပြီး ဓမ္မစကြာ၊ အနတ္တလက္ခဏာသုတ် ရွတ်ဆိုကြရပါသည်။ ဘုရားရှိခိုးအပြီး စာကြည့်ဆောင်သို့ ကျောင်းသူအားလုံး သွားရောက် စာကြည့်ကြသည်ကို ဆရာမ များက ကြီးကြပ်စောင့်ကြည့်ကြပါသည်။ အဆောင်ဆရာမများမှ ကျောင်းသူများအား အတန်းအလိုက် သင့်တော်မည့် လုပ်ငန်း များဖြစ်သော အဆောင်သန့်ရှင်းရေးနှင့် စာကြည့်ဆောင်၊ ဧည့်ဆောင်၊ ထမင်းစား ဆောင် သန့်ရှင်းရေးတို့ကိုလည်း အလှည့်ကျ ဆောင်ရွက်စေပါသည်။
ထူးချွန်ပြောင်မြောက်သူများ
ဘော်ဒါဆောင်သို့ ပို့ဆောင်ထားပေး သော ကျွန်မ၏ ကျေးဇူးရှင်ဖေဖေ၊ စနစ် တကျ မိန်းကလေးပီသစွာ နေတတ်၊ စားတတ်၊ လုပ်တတ်၊ ကိုင်တတ်အောင် သင်ကြားပေးသော မြို့မကျောင်းမှ ဆရာမ များ၊ဘာသာရေးဆိုလျှင်လည်း ပရိတ် တော်များကို ဌာန်ကရိုဏ်းကျနစွာ ရွတ်ဖတ် တတ်အောင် သွန်သင်ညွှန်ကြားပေးသော အဆောင်မှူးနှင့် ဆရာမများအားလုံး၏ ကျေးဇူးကိုလည်း အမြဲထာဝရ ဂါရဝပြုအပ် ပါသည်။ ထို့ကြောင့် ကျွန်မတို့၏ မြို့မ အမျိုးသမီးကျောင်းသည် ကျောင်းဂုဏ် အင်္ဂါရပ်များ ပြီးပြည့်စုံသော တစ်ခုတည်း သော အမျိုးသမီးကျောင်း ဖြစ်ခဲ့ပါသည်။ အလေ့အကျင့်ဟူသည် ငယ်စဉ်ကတည်းက သင်ယူမှ ရရှိနိုင်ပါသည်။ ဆရာမများသည် ပန်းပုဆရာများဖြစ်ပြီး တစ်ပြေးညီ သွန်သင် ခဲ့ကြသော်လည်း တစ်ဦးချင်း၏ ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအားဖြင့်သာ ထူးချွန် ပြောင်မြောက်သူများ ဖြစ်လာနိုင်မည် ဖြစ်ပါသည်။
ထိုစဉ်က သာသနာပြု ပုဂ္ဂလိကကျောင်း ပေါင်း မြောက်မြားစွာ ပေါ်ထွန်းခဲ့ပါသည်။ နာမည်ကြီး ကျောင်းများအလယ်တွင် သတ္တိ ရှိရှိ၊ ဇွဲ လုံ့လ ဝီရိယစွမ်းပကားဖြင့် ရင်ဆိုင် ယှဉ်ပြိုင်ကာ မြန်မာ့အမျိုးသား ဂုဏ်ရောင် ထွန်းပြောင်စေပြီး “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတို့ကို ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက် မည်” ဆိုသော အဓိဋ္ဌာန်ဖြင့် တစ်ခုတည်းသော အမျိုးသားကျောင်းကြီး ပေါ်ထွန်းလာအောင် ကြိုးစားခဲ့ကြသော ပုဂ္ဂိုလ်များအားလုံးကို ဂါရဝထား ဂုဏ်ပြုအပ်ပါသည်။ မြန်မာနိုင်ငံ တွင် မြို့မကျောင်းနှင့် မရှေးမနှောင်း အမျိုးသားကျောင်းပေါင်း (၉)ကျောင်း ပေါ်ထွန်းခဲ့၍ ဝမ်းသာဂုဏ်ယူရပါသည်။
၂၀၂၀ ပြည့်နှစ်သည် ထူးခြားသောနှစ် တစ်နှစ်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံတွင် ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ အမျိုးသားနေ့ ရာပြည့်နှစ်လည်း ဖြစ်ပါ သည်။
ယင်းကဲ့သို့ပင် အမျိုးသားဇာတိမာန်များ တက်ကြွရှင်သန်ခြင်း၏ ဘူမိနက်သန်ဖြစ် သော မြို့မအမျိုးသား၊ အမျိုးသမီးကျောင်း များ၏ ရာပြည့်နှစ်လည်းဖြစ်သဖြင့် မြို့မ အမျိုးသမီးကျောင်း၏ ကျောင်းသူဟောင်း တစ်ဦးအနေဖြင့် ငယ်စဉ်ကလေးဘဝ မြို့မ အမျိုးသမီးဘော်ဒါ ကျောင်းသူဘဝကို ပြန်လည်အမှတ်ရရင်း ဘဝတစ်လျှောက် နေထိုင်နည်းများကိုပါ သင်ကြားပေးခဲ့ကြ သော ဆရာမကြီးများကို လေးစားစွာ ဂါရဝ ပြုလျက် ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ။
စာရေးသူ၏
ကိုယ်ရေးအကျဉ်း
---------------------
- အမည် ဒေါက်တာဒေါ်ခင်ဝင်းမေ
- မွေးသက္ကရာဇ် ၂၁-၈-၁၉၄၆
- ဇာတိ မိတ္ထီလာမြို့
- သင်ကြားခဲ့သော ကျောင်းများ-
ကလောမြို့၊ မိတ္ထီလာမြို့၊ မြင်းခြံမြို့၊ မိုးကုတ်မြို့၊ စစ်ကိုင်းမြို့၊ ရန်ကုန်မြို့ (မြို့မအမျိုးသမီး အထက်တန်း ကျောင်း)၊ သွားဘက်ဆိုင်ရာ ဆေးကောလိပ် ရန်ကုန်မြို့။
- တာဝန်ထမ်းဆောင်ခဲ့သော ဒေသ များ- သွားဘက်ဆိုင်ရာ ဆရာဝန်။
၁။ မင်္ဂလာတောင်ညွန့်မြို့နယ်
ကျန်းမာရေးဌာန၊ ရန်ကုန်။
၂။ သခင်မြပန်းခြံ ကျန်းမာရေး ဌာန။
၃။ သာကေတမြို့နယ် ကျန်းမာ ရေးဌာန။
၄။ အလုံမြို့နယ် ကျန်းမာရေးဌာန။
၅။ ပြည်သူ့ဆေးရုံ ကျောက်မဲ မြို့။
- အထူးကုဆရာဝန် (သွားနှင့် ခံတွင်း)
၁။ အထွေထွေရောဂါကု ဆေးရုံကြီး
ပုသိမ်မြို့။
၂။ သင်္ဃန်ကျွန်းစံပြဆေးရုံ ရန်ကုန်
မြို့။
၃။ အထွေထွေရောဂါကု ဆေးရုံကြီး
မန္တလေးမြို့။ အထူးကုဆရာဝန် ကြီး(သွားနှင့်ခံတွင်း) ခုတင် ၃၀၀ သင်ကြားရေးဆေးရုံကြီး၊ မန္တလေးမြို့။
- ၂၀၀၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့ ပါသည်။
- Log in to post comments