
နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် ကြေညာထားသော NUG၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့်စည်းရုံးမှု များကို မထောက်ခံသည့် ပြည်သူလူထုကို အကြောက်တရားလွှမ်းမိုးနေစေရန် ရည်ရွယ် ၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက် အဦများကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူပုဂ္ဂိုလ်များကို ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်းများကိုဆောင် ရွက်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက် အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးခံရမှု ကြောင့် PDF အပါအဝင် အခြားအကြမ်းဖက် အဖွဲ့အစည်းအချို့ကို စုဖွဲ့၍ မြို့/ရွာအချို့ အား အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မရှိ စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင် ရွက်လျက်ရှိရာ ဇွန် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် မွန်ပြည်နယ် သထုံခရိုင် စစ်တောင်း တံတားအသစ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်း အဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဇော်ဇော်အောင် (၃၅ နှစ်) (ဘ)ဦးသန်းဌေး မောင်းနှင်ပြီး ကျော်လွင်(၄၅ နှစ်) (ဘ)ဦးမြအောင် လိုက်ပါလာသော YGN 6C/3110 Hyundai ခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တင်ဆောင်လာသော “စည်သူ” အမည်ပါ ကတ်ထူပုံးအတွင်းမှ ပွိုင့် ၄၅ ( ငွေရောင် ) ပစ္စတို ၁ လက်နှင့် ပွိုင့် ၃၈ ကျည်တောင့် ၁၀၀ ၊ Air Gun လေးလက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ကတ်ထူပုံးပေါ်တွင် ရေးသားထားသည့် “စည်သူ” အမည်ကို ဆက်လက် စုံစမ်းဖော်ထုတ်ခဲ့ရာ ဇွန် ၂၇ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ၁၆၁ လမ်း တိုက်အမှတ်(၈)၊ (၈)လွှာရှိ တိုက်ခန်း၌ မျိုးစည်သူ(၃၁ နှစ်) (ဘ)ဦးမျိုးမြင့် အား Air Gun တစ်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ မျိုးစည်သူ၏ ထွက်ဆိုချက်အရ ဇွန် ၂၈ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဦးဝိစာရ လမ်း အိမ်အမှတ်(၃၁၆)နေ ဇာဏီထွန်း(၂၉ နှစ်) (ဘ)ဦးခင်မောင်မြင့်ကို ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ်ရသော လက်လုပ်ပစ္စတို တစ်လက်၊ ၎င်းကျည် တောင့် ၃၀၀၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၅၈) ရပ်ကွက် ဦးစောမောင်လမ်းနှင့် ဦးဘသော် လမ်းထောင့် အိမ်အမှတ်(၁၀၅၈)နေ ကျော်ကျော်မိုး(ခ)မိုးသဲ(ခ)ငလုံး၊ (၄၀ နှစ်) (ဘ)ဦးအောင်သန်းကို Pen Gun တစ်လက်၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်မှ Glock ပစ္စတို တစ်လက်၊ Pen Gun တစ်လက်နှင့် လက်နက်ဆက်စပ်ပစ္စည်းများ ထပ်မံရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
တရားခံ ကျော်ကျော်မိုး(ခ)မိုးသဲ(ခ)ငလုံး၏ ထွက်ဆိုချက်အရ ဘုရားသုံးဆူမြို့နေ ကျော်လင်းအောင်မှ ပေးပို့သည့် လက်နက်/ခဲယမ်း များ တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် (၁၂၄၃/အေ)ရှိ Royal Express အမြန်ချောပို့ လုပ်ငန်းရုံးတွင် ရောက်ရှိ နေကြောင်း ဖော်ထုတ်ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ “ကိုဝင်းညို” အမည် ဖြင့် မုံရွာမြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ Glock ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၄၈ တောင့်၊ “ကိုနောင်” အမည်ဖြင့် ရွှေဘိုမြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ ပွိုင့် ၂၂ ကျည်တောင့် ၁၀၀ နှင့် “ကိုအောင်ထွန်း” အမည်ဖြင့် မြန်အောင်မြို့သို့ ပို့ဆောင်မည့် ပါဆယ်ထုပ်အတွင်းမှ ရွှေဝါရောင် Pen Gun တစ်လက်၊ ပွိုင့် ၂၂ ကျည်တောင့် ၂၀၀ တို့အား ထပ်မံရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
တရားခံ မျိုးစည်သူ၏ ထွက်ဆိုချက်အရ မြောင်းမြမြို့ မြစန္ဒာ ရပ်ကွက် ကမ်းနားလမ်းနေ မျိုးသူရဦး(၂၁ နှစ်) (ဘ)ဦးသိန်းမင်းထွန်း၊ ချစ်စိန်ဦး ဆန်စက်လုပ်ငန်း လုပ်ကိုင်သူမှ သေနတ်တစ်လက် မှာယူ ထားကြောင်း ထပ်မံဖော်ထုတ်ရရှိ သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီခွဲတွင် မြောင်းမြမြို့ရှိ “ဆုမွန်”ကုန်စည် ပို့ဆောင်ရေးဂိတ်၌ မျိုးသူရဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ပွိုင့် ၂၂ Pen Gun တစ်လက်၊ ၎င်းကျည် နှစ်တောင့်၊ Gas Gun နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇူလိုင်လ ၆ ရက်တွင် မန္တလေးမြို့၌ လက်နက်/ခဲယမ်းများ ရောင်းဝယ်နေသူ တာရာ(ခ)မျိုးကိုကို(ခ)မျိုးဇော်(၃၁ နှစ်) (ဘ)ဦးသိန်းလွင် အား ပြည်ကြီးတံခွန် မြို့နယ် စံပြလမ်း ၆၀ x ၆၁ ကြား “စံပြ” လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် (၆၁)လမ်း ၁၂၈ x ၁၂၉ လမ်းရှိ ၎င်း၏ နေအိမ်သို့ သွားရောက်ရှာဖွေ ခဲ့ရာ လက်နက်များပြုလုပ်ရာတွင် အသုံးပြုသည့် ဝရိန်စက် တစ်လုံး၊ လေထိုးတံ တစ်ချောင်း၊ သံဖောက်စက် တစ်ခု၊ ဆူးသွားဆိုဒ်စုံ ခြောက်ချောင်း၊ စပရိန်အသေး ခြောက်ခု၊ လေအိုး သုံးလုံး၊ လေဘား တစ်ခု၊ မီးသတ် ဆေးဘူးခေါင်း တစ်ခုနှင့် လေသေနတ်သံကိုယ်ထည် တစ်ခုတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားခံ တာရာ(ခ)မျိုးကိုကို(ခ)မျိုးဇော်၏ ထွက်ဆိုချက်အရ လက်နက်ခဲယမ်း များအား မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သီရိမာလာ အရှေ့ရပ်ကွက်ရှိ အောင်ရတနာကားဂိတ်မှတစ်ဆင့် ရေဦးမြို့သို့ စည်သူအောင်အမည်ဖြင့် ပို့ဆောင်ထားကြောင်း ဖော်ထုတ်ရရှိ သဖြင့် သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ Pen Gun တစ်လက်၊ ပွိုင့် ၂၂ ကျည်တောင့် ၁၀၀ တို့ကို ထပ်မံရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြု မည့် လက်နက်ခဲယမ်း၊ ပစ္စည်းကိရိယာများ၊ ရောင်းဝယ်သိုဝှက် သိမ်းဆည်းထားသူများနှင့် လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်