မြို့နယ်အချို့ရှိ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဒီဇင်ဘာ   ၅


မြို့နယ်အချို့ရှိ  မြို့နယ်တရားရုံးနှင့် စာသင် ကျောင်းအား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့ များက    အကြောင်းမဲ့   မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 


ထိုသို့  အကြမ်းဖက်  မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိရာတွင်    ဒီဇင်ဘာ   ၄   ရက်   နံနက်  ၁၀  နာရီခွဲခန့်တွင်   ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊  မြို့မ (၁) ရပ်ကွက်ရှိ မြို့နယ်တရားရုံးအား  CDF   အကြမ်းဖက် လက်နက်ကိုင်အဖွဲ့    အင်အား (စိစစ်ဆဲ) က မီးရှို့ဖျက်ဆီးခဲ့ရာ မွန်းလွဲ ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် (၇၀ x ၃၀ x ၁၅) ပေ  သွပ်မိုး/အုတ်ကာ  တစ်ထပ် အဆောက်အအုံ တစ်လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ  သွားရောက်စစ်ဆေးခဲ့ရာ    အဆိုပါရပ်ကွက် အရောက် CDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား  ၂၀  ခန့်က  လက်နက်ငယ်များဖြင့်  ချောင်းမြောင်း     ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ   အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

 


အလားတူ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ခန့်တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ထန်းတောဦးကျေးရွာ  အခြေခံပညာမူလတန်းကျောင်း ဝင်းအတွင်းရှိ သွပ်မိုး/ထရံကာ/ဝါးကြမ်းခင်း စာသင်ဆောင်ကို  PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက    မီးရှို့ဖျက်ဆီးခဲ့ရာ   ညနေ  ၅ နာရီခွဲတွင်  မီးငြိမ်းသွားခဲ့ပြီး  မီးလောင်မှုကြောင့်  အဆိုပါကျောင်း ဆောင်နှင့် ကျောင်းဆောင်အတွင်းရှိ ပရိဘောဂများ၊ စာရွက်စာတမ်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်များမှ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းတို့အား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်