
သတင်းဆောင်းပါး- ရန်ကုန်ခင်
ဓာတ်ပုံ- ကျေးလက်မောင်
=================
ရန်ကုန်တိုင်းဒေသကြီးသည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ထွန်းကားရာ ကုန်စည်ကူးသန်းရောင်း၀ယ်ရေး အချက်အချာကျသည့် တိုင်းဒေသကြီးအဖြစ် ထင်ရှားလှသည်။ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းစသဖြင့် ခရိုင်လေးခုဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြပြီး ၃၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြသည်။
ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် တိုင်း ဒေသကြီး၊ ပြည်နယ်တစ်ခုဟုဆိုရာ၌ ထိုဒေသအတွင်း မှီတင်းနေထိုင်ကြ သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်မှုတို့သည် မြို့ပြနှင့် ကျေးလက် ကွာဟမှုမရှိ တစ်ပြေးညီ ဘက်စုံ တိုးတက်ဖွံ့ဖြိုးနေရန် လိုအပ်လှ သည်။
အဆင့်မြှင့်တင်ဆောင်ရွက်
ကျေးလက်နေပြည်သူများ၏ ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင် လ ၂၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့် တင်ဖောက်လုပ်ခြင်း၊ တံတားများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းများ ကို နှစ်စဉ်ပြည်ထောင်စုရန်ပုံငွေ၊ တိုင်း ဒေသကြီး ရန်ပုံငွေတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ သည်။ ထိုသို့ ကျေးလက်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ခြောက်သွေ့ရာသီသာ သွားလာနိုင် သော လမ်းအဆင့်မှ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ခင်းလမ်း အစရှိ သည့် ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များရှိ အချို့သောရပ်ကွက်၊ ကျေးရွာများသည် မြို့ပြနှင့်နီးသော်လည်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် လိုအပ် ချက်များရှိနေသေးသည်ဖြစ်ရာ ရန်ကုန် တိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် “ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန်” ဟူသည့် မူဝါဒအတိုင်း အစွမ်းကုန် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
ဆောင်ရွက်ပေးခဲ့
ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ခရိုင် နှစ်ခုရှိပြီး တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်းတို့ ပါဝင်၍ မြောက်ပိုင်းခရိုင်တွင် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင် တို့ပါဝင်ပြီး စုစုပေါင်းမြို့နယ် ၁၂ မြို့နယ်ရှိပါသည်။ ၎င်း ၁၂ မြို့နယ်တွင် ကျေးရွာ ၂၀၃၅ ရွာ ပါဝင်ပြီး ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်စေရန်အတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ လေးနှစ်တာကာလအတွင်း ကွန်ကရစ် လမ်း ၅၁၆ မိုင် ၂ ဒသမ ၈၉ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင် ၆ ဖာလုံ၊ ကျောက် ချောလမ်း ၉၈ မိုင် ၃ ဒသမ ၆ ဖာလုံ၊ ဂဝံ/ မြေနီလမ်း ၃၈ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၂၁၈ မိုင်၊ကွန်ကရစ်တံတား အစင်း၂၅၀ နှင့် Box Culvert ၄၆၅ စင်းတို့အား အကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် Pilot Project အဖြစ် ဆောင်ရွက်ခဲ့သည့် ရန်ကုန်တောင်ပိုင်း ခရိုင် သုံးခွမြို့နယ်အတွင်းရှိ ၁၂ မိုင် သုည ဒသမ ၅ ဖာလုံရှည်လျားသည့် ဖရုံ လမ်းခွဲ- အဇန်းတောစွန်း- ပင်လယ်ချောင် ဆက်သွယ်ရေးလမ်းသည် အဆိုပါဒေသရှိ ကျေးရွာအုပ်စု ငါးစု၊ ကျေးရွာပေါင်း ၂၀၊ အိမ်ခြေ ၂၃၂၂ အိမ်နှင့် လူဦးရေ ၉၅၉၈ ဦး၊ စိုက်ပျိုးမြေဧက ၁၂၄၃၆ ဧကအတွက် များစွာအကျိုးပြုလျက်ရှိသည်။
များစွာ အထောက်အကူပြု
ထို့အတူ ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ၅ မိုင် ၄ ဖာလုံ ရှည်လျားသည့် ဥက္ကံ -ကျွဲဘုတ်လမ်းသည် ကျေးရွာအုပ်စု ငါးစု၊ ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁၀၆၇ အိမ်၊ လူဦးရေ ၄၂၁၆ ဦးနှင့် ၎င်းမြို့နယ်အတွင်းရှိ ၁၆ မိုင်ရှည်လျား သည့် ဥက္ကံ- သကြားစက် - တဘူးလှဆည် လမ်းသည် ကျေးရွာအုပ်စု ရှစ်စု၊ ကျေးရွာ ၂၀၊ အိမ်ခြေ ၁၇၀၅ အိမ်၊ လူဦးရေ ၈၉၀၇ ဦး၊ စိုက်ပျိုးမြေဧက ၂၅၀၀ တို့အား အကျိုးစီးပွားအတွက် များစွာ အထောက်အကူပြုလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ကျေးလက် လမ်းများအနေဖြင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် လမ်းမိုင်စုစုပေါင်း ၁၉၄၉ မိုင်ရှိသည့်အနက် ရာသီမရွေး သွားလာနိုင်သောလမ်း ၃၃ ရာခိုင်နှုန်းနှင့် ခြောက်သွေ့ရာသီ သွားလာနိုင်သော လမ်း ၆၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရာသီမရွေး သွားလာနိုင်သောလမ်းမှာ ၅၇ ရာခိုင်နှုန်း ထိ တိုးတက်လာခဲ့ပြီး ခြောက်သွေ့ရာသီ သွားလာနိုင်သောလမ်းမှာ ၄၃ ရာခိုင်နှုန်း သာ ကျန်ရှိတော့သည်ဖြစ်ရာ ရာသီ မရွေး သွားလာနိုင်သောလမ်းသည် ၂၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီဖြစ်သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် မဟာဗျူဟာ ရည်မှန်းချက်ဖြစ် သည့် ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ ၈၀ ရာခိုင်နှုန်း နှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေး သွားလာနိုင်သည့် ကျေးလက်လမ်း၊ တံတားများ အသုံးပြုနိုင်ရေး ဆောင်ရွက် သွားရန် ချမှတ်ဆောင်ရွက်လျက်ရှိသည်။
တိုးတက်လာခဲ့
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ မဟာဗျူဟာ ရည်မှန်းချက်ကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးရွာပေါင်း ၂၀၃၅ ရွာရှိသည့်အနက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ရာသီမရွေးသွားလာနိုင် သော ကျေးရွာ ၆၄၅ ရွာ၊ ခြောက်သွေ့ ရာသီ သွားလာနိုင်သောကျေးရွာ ၁၃၉၀ ဖြစ်ပြီး အချိုးအားဖြင့် ရာသီမရွေး သွားလာနိုင်သောလမ်း ၃၂ ရာခိုင်နှုန်းရှိခဲ့ ရာမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ရာသီမရွေးသွားလာနိုင်သောရွာ ၁၀၁၈ ရွာဖြစ်လာခဲ့ပြီး ခြောက်သွေ့ရာသီ သွားလာနိုင်သောရွာ ၁၀၁၇ ရွာသာ ကျန်ရှိတော့ရာ အချိုးအားဖြင့် ရာသီ မရွေး သွားလာနိုင်သောလမ်း ၅၀ ရာခိုင် နှုန်းအထိ တိုးတက်လာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ရာ ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် မြို့ပြနှင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဘဝများသည် ကွာဟမှုမရှိ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
- Log in to post comments