မကောင်းမှုမှာ ဆိတ်ကွယ်ရာမရှိ

Type

 

 

ဇော်လေး

 

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်ကပါ။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းနယ်စပ်၊   ယခုတော့   တိုင်းဒေသကြီးတွေရဲ့ အစပ် မြို့နယ်အတွင်းက တောလက်ဒေသတစ်ခုပေါ့။  ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိပါတယ်။
ရွာတစ်ရွာက လှည်း‌လေးစီးဟာ သူတို့ထွက်ကုန်သီးနှံလေးတွေကို မြို့တက်ရောင်းချ၊ စျေးမှာ အိမ်အတွက် လိုအပ်တာလေးတွေ စျေးဝယ်၊ လှည်းလေးစီး အတူတကွ ရွာပြန်လာကြ။ ညနေမိုးချုပ်ချိန်ရောက်လာ ပြီ။ ရွာသို့ရောက်ဖို့ လေးငါးမိုင်လောက် လိုသေးတယ်။ တောအုပ်တစ်ခု အတွင်း ရောက်လာတဲ့အခါ မမျှော်လင့်ဘဲ မျက်နှာကို အဝတ်စည်းထား ကြတဲ့   ဓားပြငါးယောက်ဟာ   ဓားရှည်ကိုယ်စီနဲ့   အဲဒီလှည်းတန်းကို အနုကြမ်းဝင်စီးကြပါတော့တယ်။
ဓားပြတိုက်လုယက်တယ်ပေါ့။ ဓားတွေနဲ့ ခြိမ်းခြောက်ပြီး ပါသမျှ၊ ရနိုင်သမျှ    ရွှေငွေနဲ့ပစ္စည်းတွေကို   လုယူသွားတာပေါ့။ တောသူ တောင်သား မိသားစုတွေမှာ ထိတ်လန့်ကြောက်ရွံ့ပြီး ပါသမျှ အကုန် ပေးလိုက်ကြရပါတယ်။ မော်လို့တောင် မကြည့်ရဲပါဘူး။
လူဆိုးတွေထွက်သွားပြီဆိုမှ  မိန်းမတွေက ပစ္စည်းဆုံးလို့ ဝမ်းပန်း တနည်း ငိုယို၊ ယောကျ်ားသားတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလို့ မှိုင်တွေချ။   ငါတို့ဒီလိုနေလို့တော့    မရဘူး။   နီးရာစခန်းကိုတော့ သွားတိုင်ကြမှ ဖြစ်မယ်ဆိုပြီး ရဲစခန်းဆီသို့ လှည်းအမြန် ဒုန်းစိုင်း မောင်းသွားကြတယ်။
မှောင်နေပြီ။
ညဦးပိုင်းမှာ ရဲစခန်းကုန်းပေါ် ရောက်သွားပြီး  တိုင်ချက်ဖွင့်ကြ တယ်။ ဘယ်နေရာလဲ၊ ဘာတွေပါသွားသလဲ၊ ဖြေနိုင်ပေမယ့် ဘယ်သူ တွေလဲ။ ဓားပြက ဘယ်သူတွေ ဖြစ်လောက်သလဲ။ ရုပ်ဘာမြင်ခဲ့သလဲ။ မဖြေနိုင်။ အသံ  ဘယ်လိုအသံလဲ။  မဖြေတတ်။ ဘာသဲလွန်စတွေ့ရ သလဲ။ ဘာမှမေးလို့မရ။ အဲဒီလိုမေးမြန်းစုံစမ်းနေရုံနဲ့တော့ မရဘူး။ အခင်းဖြစ်တဲ့နေရာကို   ပူပူနွေးနွေး    ချက်ချင်းသွားကြည့်ကြပြီး သက်သေခံ၊ သဲလွန်စ  ရှာမှဖြစ်မယ်။ မိန်းမသားတွေ ထားရစ်ပြီး ယောကျ်ားလှည်းသမားအချို့နဲ့   လှည်းမောင်းကာ   ရဲစခန်းမှူး၊ ရဲတပ်သားအချို့ဟာ   ဓားပြတိုက်ခံရတဲ့နေရာဆီသို့   ညတွင်းချင်း လာကြတယ်။ မသင်္ကာစရာ ခြေရာလက်ရာ ရှာဖွေကြတယ်။ အမှောင် ထဲမှာ လက်နှိပ်ဓာတ်မီးတွေထိုးပြီး ဟိုရှာဒီရှာ၊ ရဲစခန်းမှူးက ဓားပြတိုက်ခံကြရတဲ့ရွာသားတွေကိုမေး။ အခင်းဖြစ်ရာကို ရှာဖွေကြ။
ရဲတပ်သားတစ်ယောက်က စခန်းမှူးအနီးကိုလာပြီး “ဗိုလ်ကြီး၊ ဓားပြတွေက လှည်းနဲ့လာစောင့်ပြီး  တိုက်တာဗျ။  နွားတစ်ကောင်က အထီးမဟုတ်ဘူး၊ နွားမဗျ” လာပြောတယ်။
တရားလိုဆီက ဘာများသဲလွန်စရမလဲလို့  သဲကြီးမဲကြီးမေးမြန်း ရင်း အစရှာမရတဲ့စခန်းမှူးက   စိတ်တိုသွားတယ်။  “ဟိတ်ကောင် ဝေးရာသွားနေစမ်း၊  မဆိုင်တာလာမပြောနဲ့ဆိုပြီး မာန်မဲ‌မောင်းထုတ် လိုက်တယ်။”
ဓားပြတိုက်ခံရတဲ့    နေရာတစ်ဝိုက်ကို     ခြေရာခံပြီး ရှာဖွေတာ၊ စစ်ဆေးတာ၊ မေးမြန်းတာ တော်တော်ကြာနေပြီ။ ရေရေရာရာ ဘာမှ သက်သေခံအထောက်အထား ရှာလို့မရပါ။ ရဲစခန်းမှူးလည်း ညဉ့်နက် လာတာနဲ့အမျှ ခေါင်းခြောက်လာပြီ။  ဓားပြတွေက  လှည်းတစ်စီးနဲ့ လာစောင့်ပုံရတယ်။ လှည်းခြေရာ နွားခြေရာ  လမ်းဘေးမှာ  တွေ့ရ တယ်။
ဒါလောက်ပဲ ခန့်မှန်းလို့ရတယ်။ ခက်တာပဲ။
“ဗိုလ်ကြီး၊   ကျွန်တော်သေချာလို့   သတင်းပို့တာနော်။  လူဆိုးတွေ ယူလာတဲ့လှည်းမှာ တစ်ကောင်က   အမဗျ၊    နွားမကို  လှည်းတပ် လာတာ။”
ရဲတပ်သားလေးက  စခန်းမှူးကို  ထပ်ပြောနေပြန်ပါပြီ။   ဒီကောင် စိတ်ဆိုးပြီး အမာန်ခံရတာကို မမှတ်သေးဘူး။ “သေချာလား ရဲဘော်” ထပ်မေး။
“သေချာပါတယ် ဗိုလ်ကြီး” တဲ့-သူက။
“မင်းသက်သေပြနိုင်လား”
“ပြနိုင်ပါတယ် ခင်ဗျ”
“ကဲ ပြကွာ ဘယ်မှာလဲ၊ ဘာလဲ”။
ရဲဘော်လေးက လမ်းဘေးချုံပုတ်တွေကိုကျော်ပြီး တစ်နေရာကို ခေါ်သွားပြတယ်။
“ဓားပြတွေဟာလှည်းပါလာပြီး ဒီသစ်ပင်ရဲ့အောက်မှာ စောင့်နေကြ တာခင်ဗျ။ နွားဆိုတာ ကြာကြာရပ်ထားရင် ချေးပါတယ်။    သေးပေါက် လေ့ရှိပါတယ်။ ကျွန်တော်က တောင်သူလုပ်ခဲ့ပါတယ်။  ငယ်ငယ် ကတည်းက နွားကျောင်းခဲ့ပါတယ်။ နွားတွေနဲ့ ရင်းနှီးတယ်ခင်ဗျ။ ဟောဒီ သေးကွက်က  နွားချေးပုံပေါ်မှာ ကျနေတာကြည့်ပါ။ ဒါဟာ နွားမမို့ပါ။ ဟိုဘက်နွားချေးပုံနဲ့ နွားထီးသေးကွက်ကိုကြည့်ပါ။ ချေးပုံနဲ့ သေးကွက်   တစ်ပေလောက်ကွာနေတာတွေ့လား။ နွားထီးရဲ့လိင်အင်္ဂါက ကျင်ငယ် ထွက်တာမို့ပါ။ ဒါဟာ လှည်းတပ်လျက်ရပ်ထားတဲ့ နေရာပါပဲ။”
သူပြောပြတော့လည်း ဟုတ်သားပဲ။
နွားကျောင်းသားလုပ်ခဲ့ဖူးသော ရဲတပ်သားလေးက တိတိကျကျ သက်သေခံအဖြစ် ထောက်ပြနေတော့ သေချာပြီ။ ရဲစခန်းမှူးကြီး ပြုံးနိုင်သွားတယ်။ ဟုတ်ပြီ။ နွားထီးတစ်ဖက်၊ နွားမတစ်ဖက်တပ်တဲ့ လှည်းပိုင်ရှင်  ဖော်ထုတ်နိုင်ရင် ဓားပြအဖွဲ့ကို ခြေရာခံမိပြီ။
ဒီတော့ - ပတ်ဝန်းကျင်  ၁၀ ရွာက  သူကြီးတွေဆီကို ရဲသတင်း ထောက်လှမ်းရေးတွေသွားပြီး မေးစေတယ်။ ဟော. . . သိရပြီ။ မန်ကျည်းကုန်းရွာက ဦးညိုမှာ နွားထီးတစ်ကောင်၊ နွားမတစ်ကောင် တပ်ပြီး လှည်းသုံးတယ်။ ဒီလိုလှည်းတပ်တာ ရှားပါတယ်။ နွားထီး တစ်ရှဉ်းတွဲတာ များကြတယ်။
ရဲစခန်းမှူး မန်ကျည်းကုန်းရွာက ဦးညိုအိမ်သို့ အမြန်ဆုံးဝိုင်းကြ တယ်။ လှည်းနဲ့နွားမရှိ။  ဘယ်မလဲ   စစ်မေးတော့   “ထိန်ပင်ရွာက မောင်နက်နဲ့မောင်မဲညီအစ်ကိုက အနောက်ဘက်ရိုးမထဲ ဝါးသွားခုတ်ဖို့ ဆိုပြီး လှည်းငှားသွားတာ၊ နှစ်ရက်ရှိပြီ။  သုံးရက်ငှားတာ၊  နက်ဖြန်မှ လှည်းနဲ့နွားကို  ပြန်လာပို့မှာ။”  သိရပြီ။ မရပ်မနားလှုပ်ရှား။
လူမိုက်မောင်နက်နဲ့ မောင်မဲတို့ ဘယ်မှာရှိနိုင်သလဲ ဆက်လက်ပြီး ကွင်းဆက်လိုက်တော့ သိရပြီ။ ရွာအနောက်ဘက်က ငပုထန်းတောမှာ ထန်းရည်သောက်နေကြတယ်။ ကြက်ကြော်တွေနဲ့ အောင်ပွဲခံနေသတဲ့။ သတင်းအတိအကျရပြီ။ ရဲတွေဝိုင်းပြီး ဖမ်းလိုက်ကြပြီ။
ဓားပြမောင်နက်၊  မောင်မဲတို့ငါးယောက်လုံးကို တိုက်ရာပါပစ္စည်း တွေ ဝေစုခွဲနေတုန်း၊   သက်သေခံများနဲ့တကွ   လက်ပူးလက်ကြပ် ဖမ်းမိလိုက်ပါလေရော။ 
ကြည့်ပါ။ နွားကျောင်းသားလုပ်ခဲ့ဖူးတဲ့ ရဲတပ်သား   လူသစ် ကလေးတစ်ဦးရဲ့ နွားနဲ့ဆိုင်တဲ့ဗဟုသုတ အသိပညာဟာ ဓားပြတစ်ဖွဲ့ လုံးကို သုံးရက်အတွင်း ဖော်ထုတ်ဖမ်းဆီးမိအောင် သဲလွန်စရှာနိုင်ခဲ့ပါ တယ်။
အမှန်တရားဆိုတာ အင်အားကြီးမားတယ်။
မသမာတာ မလုပ်ပါနဲ့။   မဟုတ်မမှန်တာကို    မလုပ်ချင်ပါနဲ့။ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မလုံနိုင်ပါဘူး။ အဖြစ်မှန်ဆိုတဲ့ ဆင်သေကို လိမ်ညာမှုဆိုတဲ့ ဆိတ်သားရေနဲ့ ဖုံးအုပ်လို့ မရပါဘူး။ 
မှန်တာကိုပဲလုပ်ပါ။ ဟုတ်တာကိုပဲပြောပါ။ စိတ်ကောင်းစေတနာနဲ့ သာ တွေးတောပါ။ ကြံစည်ပါ။ စဉ်းစားပါ။
မကောင်းမှုလုပ်တာ    တာရှည်မခံဘူး။   အမြန်ဆုံး ပျက်စီးရတတ် တယ်။
ကျွန်တော်တင်ပြတဲ့ ယခုအဖြစ်အပျက်ဟာ ထိုးဇာတ်၊ လုပ်ဇာတ် မဟုတ်ပါဘူး။ တချိန်က တကယ်ကြုံတွေ့ခဲ့ကြတဲ့ ဖြစ်ရပ်မှန်၊ အဖြစ် မှန်ပါ။