
ရန်ကုန် မေ ၉
(၃၂) ကြိမ်မြောက် ဆီးဂိမ်း အမျိုး သမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) နောက်ဆုံးနေ့ကို မေ ၉ ရက်က ဆက်လက်ကျင်းပရာ မြန်မာ အသင်းက မလေးရှားကို ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွား သည်။
မြန်မာအသင်းသည် မလေး ရှားကို ဂိုးပြတ်အနိုင်ရသဖြင့် ဖိလစ်ပိုင်ကို ဂိုးကွာခြားချက် အသာရပြီး ဆီမီးဖိုင်နယ် တက် ရောက်နိုင်ခဲ့သည်။ မြန်မာအသင်း သည် နှစ်ပွဲဆက် အသင်းကြီးများ နှင့် ကစားထားရသဖြင့် ပွဲထွက် လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း မလေးရှားကို ဂိုးပြတ်သွင်းယူနိုင်ခဲ့သည်။
မြန်မာအသင်းသည် ပွဲအစ သုံးမိနစ်မှာပင် ဂျူလိုင်ကျော်က အဖွင့်ဂိုး သွင်းယူခဲ့သည်။ ၂၉ မိနစ်တွင် ခင်မာလာထွန်း၊ မိနစ် ၄၀ တွင် ဂျူလိုင် ကျော်တို့က ဂိုးများထပ်မံ သွင်းယူကာ ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ် ဦးဆောင်နေသည်။ ၅၉ မိနစ်တွင် အင်တန်က မလေးရှားအတွက် ချေပဂိုးပြန်သွင်းခဲ့သော်လည်း လူစားဝင်ကစားသမား စန်းသော်သော်က ၆၃၊ ၈၃ မိနစ်တွင် နှစ်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။
အခြားပွဲတွင် ဖိလစ်ပိုင်အသင်းက ဗီယက်နမ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဂိုးကွာခြားချက်နည်းသဖြင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့သည်။ အုပ်စု (က) ပွဲစဉ်များအပြီးတွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မြန်မာနှင့် ဖိလစ်ပိုင်တို့ ခြောက်မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြား ချက်ဖြင့် ဗီယက်နမ်က အုပ်စုပထမ၊ မြန်မာက အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။ အုပ်စု(ခ) နောက်ဆုံးနေ့တွင် ထိုင်း က အိမ်ရှင်ကမ္ဘောဒီးယားကို သုံးဂိုး-ဂိုးမရှိ၊ စင်ကာပူက လာအိုကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် ထိုင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ကမ္ဘောဒီးယားက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယနေရာ ရရှိခဲ့သည်။ ဆီမီးဖိုင်နယ်ကို မေ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ နှင့်ထိုင်း၊ ဗီယက်နမ်နှင့် အိမ်ရှင်ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ညီမြတ်သော်တာ