
အက်ဖ်အေဖလားပြိုင်ပွဲ နောက် ဆုံး ဗိုလ်လုပွဲမှ မန်ချက်စတာ မြို့ခံ နှစ်သင်းဖြစ်သည့် မန်စီးတီးနှင့် မန်ယူအသင်းပွဲစဉ်ကို မေ ၂၅ ရက် ည ၈ နာရီခွဲက ယှဉ်ပြိုင်ကစား ခဲ့ရာ မန်ယူအသင်းက အကြိတ် အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိကာ (၁၃) ကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါပွဲစဉ်ကို လန်ဒန်မြို့ရှိ ဝင်ဘလေအားကစားကွင်း၌ ယှဉ် ပြိုင်ကစားခဲ့ပြီး ပရိသတ် ၈၄၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ပွဲချိန်အများစုတွင် မန်စီးတီးအသင်းက မန်ယူအသင်းကို တစ်ဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့သည်။ မန်ယူအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့က ပြိုင်ဘက်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို အမှား အယွင်းမရှိ ဟန့်တားရှင်းထုတ်နိုင်ခဲ့သည့် အတွက် မန်စီးတီးအသင်း သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။
မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၃၀ တွင် ရရှိခဲ့ပြီး ဂါနာချိုက သွင်းယူပေးခဲ့သည်။ ထို့နောက် ကိုးမိနစ်အကြာ တွင် မန်ယူအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဖာနန် ဒက်ဇ်၏ ဖန်တီးမှုမှတစ်ဆင့် လူငယ်ကွင်း လယ်ကစားသမား ကိုဘီမိုင်နူးက သွင်းယူပေး ခဲ့သည်။ မန်စီးတီးအသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ဒိုကူက သွင်းယူပေးခဲ့သည်။
မန်ယူအသင်းသည် ယခုနှစ်ရာသီ ပရီမီယာလိဂ်တွင် ရလဒ်ဆိုးရွားမှုနှင့်အတူ ရာသီပိတ်သိမ်းချိန်တွင် အဆင့် (၈) ဖြင့်သာ ရပ်တည်နိုင်ခဲ့သည့်အတွက် ဥရောပဝင်ခွင့် မရထားသော်လည်း ယခု အက်ဖ်အေ ဖလားဗိုလ်လုပွဲတွင် ပြိုင်ဘက်မန်စီးတီးအသင်း ကို အနိုင်ရရှိပြီး အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ သောကြောင့် ဥရောပဝင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။
မန်စီးတီးနှင့် မန်ယူအသင်းတို့သည် ယမန် နှစ် အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၌ တွေ့ဆုံ ရာတွင် မန်စီးတီးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ်အက်ဖ်အေ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန်ယူအသင်းက အဆိုပါရှုံးကြွေးပြန်ဆပ်ကာ ဖလားကိုင်မြှောက် အောင်ပွဲခံနိုင်ခဲ့သည်။
အောင်ဇော်