မင်္ဂလာရှိသောသတင်းများ

မြန်မာ့အလင်းအယ်ဒီတာအာဘော် လမ်းမကြီးများပေါ်မှ အတားအဆီး၊ အပိတ်အဆို့များကို လူအင်အား၊ ယန္တရားအင်အားတို့ဖြင့် ဖယ်ရှားရှင်းလင်းလျက် ရှိသည့် သတင်းများက မင်္ဂလာသတင်းများဖြစ်သည်။ အနိဋ္ဌာရုံ တို့ကို ဖယ်ရှားရှင်းလင်းလိုက်သည်နှင့် ဣဋ္ဌာရုံတို့က ထင်ရှားစွာ ရောက်ရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း က မြင်တွေ့ခဲ့ရသည့် စိတ်မချမ်းမြေ့ဖွယ် သတင်းမြင်ကွင်းတို့မှာ ပါးလျားလာခဲ့ပြီဖြစ်သလို ပုန်းကွယ်နေခဲ့သည့် အမှောင့်ပယောဂ များနှင့် နောက်ကွယ်မှ လက်သည်တို့မှာလည်း တစ်စထက်တစ်စ ပေါ်လွင်ထင်ရှားလာခဲ့ပြီဖြစ်သည်။ ဆူပူဆန္ဒပြသည့်အဆင့်မှသည် ရုန်းရင်းဆန်ခတ်ဖျက်ဆီးသည့်အဆင့်နှင့် ဆက်လက်၍ အုပ်စု ဖွဲ့ကာ မင်းမဲ့စရိုက်ဖြင့် အကြမ်းဖက်လူသတ်သည့်အဆင့်ထိ ပြောင်းလဲသွားသည့် ရက်သတ္တပတ်အနည်းငယ်မျှမှာ တရား ဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများအဖို့မူ ဒုက္ခနှင့် သောကမီးတို့ လောင်ကျွမ်းခဲ့ရသည့် ကာလပင်ဖြစ်သည်။ ဆက်လက်၍ ဆူပူအကြမ်းဖက်လှုပ်ရှားသူ၊ အေးချမ်းသာယာ မှုကို နှောင့်ယှက်ဖျက်ဆီးသူတို့ကို ဖော်ထုတ်အရေးယူမှုများ ပြုလုပ်သွားသည်နှင့်အမျှ အများပြည်သူတို့၏ နိစ္စဓူဝ ပုံမှန်လူမှု ဘဝတို့ ပြန်လည်ရရှိလာမှာဖြစ်သည်။ မိမိတို့အနီးဝန်းကျင်သို့ လာရောက်၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့ကို ဖျက်လိုဖျက်ဆီးပြုရန် လှုံ့ဆော်မှုများ၊ လှုပ်ရှားမှုများ ကိုလည်း ဝိုင်းဝန်းတားဆီးခြင်း၊ ဖော်ထုတ်အရေးယူမှုများတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် ရပ်ရွာဒေသများ လုံခြုံရေးနှင့် အေးချမ်း တည်ငြိမ်ရေးတို့ကို အားလုံးဝိုင်းဝန်းတည်ဆောက်ကြရမည် ဖြစ်သည်။ သင်ခန်းစာအားဖြင့်မူ ကောလာဟလများနှင့် သတင်း တု၊ သတင်းမှားများကို အယုံမလွယ်ကြရန်ပင်ဖြစ်သည်။ ထို့အပြင် လူကို အကောင်အထည်မမြင်ရသည့် လူမှုကွန်ရက်များမှတစ်ဆင့် ပြုလုပ်သည့် မြှောက်လုံး၊ ခြောက်လုံးများနှင့် သွေးထိုးလှုံ့ဆော် မှုများနောက်လိုက်ပါကာ တရားဥပဒေချိုးဖောက်သည့် လုပ်ရပ် များကို မလုပ်မိစေရန် တိုက်တွန်းလိုသည်။ ပုဂံ-ညောင်ဦး၊ ချောင်းသာ စသည့် ယဉ်ကျေးမှုဒေသနှင့် အပန်းဖြေကမ်းခြေတို့မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့် သတင်းများကလည်း မင်္ဂလာသတင်း များပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကာလ ကန့်သတ်တားဆီးမှုများဖြင့် ချုပ်တည်းနေရသည့် အချိန်အခါတို့ ကုန်လွန်တော့မည့် နိဒါန်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ သည် မိမိတို့ နိုင်ငံမှလည်းကောင်း၊ ကမ္ဘာမြေပေါ်မှလည်းကောင်း ပျောက်ကွယ် သွားခြင်းမရှိသေးဘဲ အချို့နိုင်ငံများတွင် ကူးစက်မှု၊ သေဆုံးမှုတို့ အရှိန်ကောင်းနေဆဲဖြစ်သည်ကို သတိမူကြရမှာဖြစ်သည်။ တစ်နည်းအားဖြင့် ကပ်ရောဂါ မကူးစက်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို တိတိကျကျ လိုက်နာကျင့်သုံးကြကာ ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင်သွားနိုင်ရန် အားထုတ်ကြရမှာလည်း ဖြစ်သည်။ ရပ်ရွာဒေသတို့ အေးချမ်းသာယာလာပြီး ပြည်တွင်း ခရီးသည်တို့ ဘုရားဖူး၊ အပန်းဖြေလည်ပတ်မှုခရီးစဉ်များ အရှိန် ရလာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ရောင်းပန်းဝယ်ပန်းတို့ ပွင့်လန်းလာမည်ဖြစ်ရာ အခြေအနေ ကောင်းတို့ကို ဝိုင်းဝန်းထိန်းသိမ်းမြှင့်တင်ကြရမည်ဟု ရှုမြင်မိ သည်။ ကောင်းဆိုးနှစ်တန် လောကဓံဟူသည် အချိန်တန်လျှင် ပြီးဆုံးကြရစမြဲ။ ကောင်းနေ၍လည်း မြဲနေအောင် ဆွဲကိုင်ထား ၍မရ။ ဆိုးနေ၍လည်း မပြီးဆုံးမှာကို ပူနေဖို့မလို။ ပြီးဆုံးချိန် ရောက်လျှင် ပြီးဆုံးကြရသည်သာ။ မိမိတို့ ဖန်တီးနိုင်သည်မှာ မိမိတို့ လက်တွင်းရှိနေသည့် ပစ္စုပ္ပန်အချိန်အခါကို တန်ဖိုးရှိ အောင် အားထုတ်ကြိုးပမ်း၍ ကောင်းသောအနာဂတ်အတွက် ရည်မျှော်ကြရန် ဖြစ်သည်ဟူ၍ နှလုံးသွင်းကြရန်သာ ဖြစ်ပါ ကြောင်း။ ။