မြင်းခြံမြို့၌ လုယက်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကိုင်ဆောင်သော လက်နက်အား လုယူခဲ့ရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး လုယက်မှုကျူးလွန်သူတစ်ဦး သေဆုံး

နေပြည်တော် ဇွန် ၂၂

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ လုယက်မှု ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ကိုင်ဆောင်သော လက်နက်အား လုယူခဲ့ရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး လုယက်မှု ကျူးလွန်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ညနေ ၅ နာရီခန့်တွင် မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အငယ်တန်းစာရေး ဒေါ်နွယ်နီဝင်းသည် ရုံးဆင်း၍ တောင်သာမြို့ရှိ ၎င်း၏နေအိမ်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ပြန်လာ စဉ် အမှတ်(၁၉)ရပ်ကွက်ရှိ ခရိုင်လျှပ်စစ်ဓာတ်အားခွဲရုံ အနီးအရောက် အမျိုးသားနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ ဒေါ်နွယ်နီဝင်း၏ လက်ဆွဲအိတ် အား လုယူထွက်ပြေးသွားခဲ့ပြီး ဒေါ်နွယ်နီဝင်း၏ ဆိုင်ကယ်မှာ လဲကျတိမ်းမှောက်ခဲ့ကြောင်းနှင့် လုယက်မှု ကျူးလွန်ခဲ့သူနှစ်ဦးကို မြင်းခြံမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုယက်မှု ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူများမှာ မြင်းခြံမြို့ အမှတ်(၁)ရပ်ကွက်နေ အောင်ထွန်း(ခ)အောင်နက် (၂၁)နှစ် (ဘ) ဦးအုန်းလှိုင်နှင့် အတူနေ ကုလား(ခ)နေရာဇာ (၁၉)နှစ် (ဘ)ဦးစိန်မောင်တို့နှစ်ဦး ဖြစ် ကြောင်း သိရှိရသဖြင့် ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ ရာ ည ၇ နာရီခွဲခန့်တွင် စွန်းလွန်းဆည် အရှေ့ဘက်ရှိ ချုံများအနီး၌ တရားခံနှစ်ဦးကို ပြစ်မှုကျူးလွန်ရာတွင် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်၊ လုယက်ယူ ဆောင်သွားသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများကို မော်တော်ယာဉ်ဖြင့် ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် အောင်ထွန်း(ခ)အောင်နက်သည် ရဲတပ်ဖွဲ့ ဝင်တစ်ဦး ကိုင်ဆောင်ထားသည့် သေနတ်အား လုယူရန် ကြိုးစားခဲ့ရာမှ ကျည်ပေါက်ထွက်ကာ အောင်ထွန်း (ခ)အောင်နက်၏ ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် လူသေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူ ကုလား (ခ)နေရာဇာကို စစ်ဆေး၍ ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်