မြင့်မြတ်တဲ့ စိတ်စေတနာတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နိုင်ကြပါစေ

Type

ကိုထွန်းခင်
 

“ ကျွန်မတို့ ကြီးကျယ်တဲ့အရာတွေကို လုပ်နိုင်ဖို့အတွက် အရင်ဆုံး သေးငယ်တဲ့ သာမန်ကိစ္စလေးတွေကို ကြီးမားတဲ့ချစ်ခြင်းမေတ္တာ      နဲ့ လုပ်ဆောင်ရပါမယ်”။ ဒီစကားကို ပြောခဲ့တဲ့ သူကတော့ ရိုမန် ကက်သလစ်သီလရှင်ကြီးတစ်ပါးဖြစ်တဲ့ မာသာထရီဇာပါ။ အရာ အားလုံးမှာ  ကြီးကျယ်ခမ်းနားဖို့  မျှော်လင့်ပြီး မလုပ်ဆောင်ဖို့၊ သာမန်သေးငယ်တဲ့ ကိစ္စလေးတွေက စတင်ပြီး ချစ်ခြင်းမေတ္တာ အပြည့်နဲ့ စေတနာထားလုပ်ဆောင်ဖို့။ ဒါမှသာ ကြီးကျယ်ခမ်းနား တဲ့ မွန်မြတ်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ဆိုခဲ့တာ ဖြစ်ပါတယ်။ 


စိတ်ဓာတ်ခွန်အားတွေပေး


နိုဗယ်ငြိမ်းချမ်းရေးဆုအပါအဝင်  ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့သူ  မာသာထရီဇာ ကို ၁၉၁၀ ပြည့်နှစ်မှာ မက်ဆီဒိုးနီးယားနိုင်ငံက မြို့တော်တစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ်မှာတော့ မွေးဖွားရာဒေသကထွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်းများစွာကို လှည့်လည် သွားလာခဲ့ကာ  ကပ်ရောဂါကြောင့်  ဝေဒနာခံစားနေရသူတွေ၊ စစ်ကြောင့် အတိဒုက္ခရောက်နေသူတွေ၊ အနာကြီးရောဂါသည်တွေ၊ တီဘီရောဂါသည်တွေ၊ မိဘမဲ့ကလေးတွေကို လိုအပ်တဲ့ဆေးဝါးပြုစု စောင့်ရှောက်မှုတွေအပြင် မေတ္တာတရားနဲ့ အကောင်းဆုံးစိတ်ဓာတ် ခွန်အားတွေ ပေးခဲ့ပါတယ်။ သူ့ရဲ့နှလုံးသားဟာ မွန်မြတ်ငြိမ်းအေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေခဲ့ပြီး လူမှုအကျိုးပြု ပရဟိတလုပ်ငန်း တွေမှာ အကြင်နာ ၊ မေတ္တာ၊ စေတနာတွေနဲ့ တစ်ဘဝလုံးစာ ပေးဆပ် မြှုပ်နှံခဲ့သူဖြစ်ပါတယ်။ 


အများအကျိုးကို ဆောင်ရွက်ခြင်း


မာသာထရီဇာရဲ့ စိတ်ဓာတ်နဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်နိုင်မှု ကတော့ အံ့မခန်းပါ။ တစ်ကမ္ဘာလုံးကို မေတ္တာတရားလွှမ်းခြုံပြီး ပရဟိတစိတ်ဓာတ်တွေ မျိုးစေ့ချပေးခဲ့သူလည်း ဖြစ်ပါတယ်။ ပရဟိတ ဆိုတာကတော့ အများအကျိုးကို ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ပရဟိတဆိုတာ ပေးဖို့သက်သက်ဖြစ်ပြီး အယုတ် အလတ် အမြတ် မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူ ဘယ်ဝါ မရွေး၊  အားလုံးရဲ့အကျိုးအတွက်  မျှော်လင့်ချက်မထားဘဲ ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။


အတ္တဟိတနဲ့  ပရဟိတ  နှစ်မျိုးရှိပါတယ်။  ကိုယ်တိုင်လည်း ကောင်းမှုဆောင်ရွက်ခြင်း အတ္တဟိတနဲ့ အများကိုလည်း ကောင်းမှု ဆောင်ရွက်အောင် တိုက်တွန်းခြင်းဆိုတဲ့ ပရဟိတနှစ်မျိုးလုံးကို ဆောင်ရွက်ဖို့လိုတယ်လို့လည်း မှတ်သားဖူးပါတယ်။ 


“ဘယ်အရာကိုပဲလုပ်လုပ် စေတနာကောင်းရင် ‘ကံ’ကောင်းမယ်၊ ‘ကံ’ကောင်းရင် ဘဝအကျိုးပေးကောင်းလိမ့်မယ်၊ စေတနာ ညံ့ရင် ‘ကံ’ညံ့မယ်၊ ဘဝအကျိုးပေးလည်း  ညံ့လိမ့်မယ်၊ စေတနာဟာ ကောက်ကွေ့ရင် ‘ကံ’ဟာ ကောက်ကွေ့လိမ့်မယ်၊ ဘဝအကျိုးပေး လည်း ကောက်ကွေ့လိမ့်မယ်၊  စေတနာဖြောင့်ရင်  ‘ကံ’ဖြောင့်လို့၊  ဘဝအကျိုးပေးလည်း ဖြောင့်လိမ့်မယ်၊ စေတနာ ယုတ်ညံ့ရင် ‘ကံ’ ယုတ်ညံ့လို့  ဘဝအကျိုးပေးလည်း ယုတ်ညံ့လိမ့်မယ်။ စေတနာ မြင့်မြတ်ရင် ‘ကံ’ မြင့်မြတ်လို့  ဘဝအကျိုးပေးလည်း  မြင့်မြတ် လိမ့်မယ်”လို့  တောင်တန်းသာသနာပြု  ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့တယ်။


ဒါကြောင့် ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာလေးထည့်ပြီး လုပ်ရင် ဘဝမှာအကျိုးပေးလည်း ထက်သန်မှာ ဖြစ်ပါတယ်။ စားဝတ် နေရေးအတွက်  အလုပ်လုပ်ကြရတယ်ဆိုပေမယ့်  စာသင်တာပဲ ဖြစ်ဖြစ် ၊ ဆေးကုတာပဲဖြစ်ဖြစ်၊ သန့်ရှင်းရေးပဲလုပ်လုပ် ၊ ဆိုက်ကားပဲ နင်းနင်း၊ ဟင်းပဲချက်ချက် ကိုယ်လုပ်တဲ့အလုပ်မှာ စေတနာလေး ထည့်ပေါင်းလိုက်ရင် အောင်မြင်မှာ ဖြစ်ပါတယ်။ 


ပုဂ္ဂလိက အပြင်စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်သူဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းဖြစ်စေ ဘဝရပ်တည်ဖို့အတွက် ထိုက်သင့်တဲ့ လစာ ရနေတဲ့ အလုပ်အပေါ်မှာ စေတနာထားရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမားစိတ်ဓာတ်၊ အထက်အောက်ဆက်ဆံရေးမျိုးမထားဘဲ မိသားစုစိတ်ဓာတ်၊ ကိုယ်ချင်းစာတရားနဲ့ ကိုယ်လုပ်တဲ့အလုပ်အပေါ် စေတနာထား  လုပ်ဆောင်ကြမယ်ဆိုရင်   ဘယ်နေရာမှာမဆို အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။ 


မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်းအရေအတွက်က နိုင်ငံလူဦးရေရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့ ဝန်ထမ်းတွေဆိုရင်လည်း ပြည်သူကချီးမြှင့်တဲ့ လစာကို ယူနေသူတွေ ဖြစ်တဲ့အတွက် ပြည်သူကို သစ္စာရှိရမှာဖြစ်ပါတယ်။ ပြည်သူကို စေတနာထားပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ တာဝန်ကျေပွန် အောင် ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ 


နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့  ကျေးဇူးသစ္စာကို စောင့်သိရိုသေတာ၊  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေပါ ပြဋ္ဌာန်းချက်တွေကို  လိုက်နာတာ၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို အလေးထားဆောင်ရွက်တာ၊ ပေးအပ်ထားတဲ့ တာဝန်နဲ့ ဝတ္တရားတွေကို ကျေပွန်စွာထမ်းဆောင်တာ၊ ပါတီနိုင်ငံရေး ကင်းရှင်းတာ ၊ ပြည်သူကို ရိုသေလေးစားတာ စတဲ့ကျင့်ဝတ်တွေကို လိုက်နာပြီး အခြေအနေ၊ အချိန်အခါရွေးမနေဘဲ ထမ်းဆောင်ရမယ့် တာဝန်တွေကို မလစ်ဟင်းအောင် စေတနာထားထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။


ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ပြည်သူ့ ဝန်ထမ်းဆရာဝန်တွေ အားလုံးဟာ ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ ဟစ်ပိုကရေးတစ်အုတ်သ် (Hippocratic Oath) လို့ခေါ်တဲ့ ပဋိဉာဏ် ကို ရွတ်ဆိုပြီး လူနာတွေရဲ့ အကျိုးစီးပွားကို မိမိအကျိုးစီးပွားထက် ပိုမိုအလေးထားပါမယ်လို့ လူအများရဲ့ရှေ့မှာ ကတိသစ္စာပြုခဲ့တဲ့ အတိုင်း ကျင့်ဝတ်နဲ့အညီ ဘယ်လိုအခြေအနေမျိုးမှာမဆို လူသားတို့ရဲ့ ဘဝနဲ့အသက်ကို တန်ဖိုးထားလေးစားပြီး စေတနာအပြည့်နဲ့ ပြုစု စောင့်ရှောက်ကုသမှု ပေးရမှာဖြစ်ပါတယ်။ 


အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဆိုတဲ့ သင်္ဂဇာဆရာတော် ဘုရားကြီးရဲ့ သင်္ဂါလောဝါဒဆုံးမစာပါအတိုင်း တပည့်တွေအပေါ် ထားရှိရမယ့် ကျင့်ဝတ်တွေကို မြတ်ဆရာတို့က လိုက်နာဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ အခြေအနေ၊ အချိန်အခါကိုလိုက်ပြီး ဆရာတို့ရဲ့ စိတ်ခံစားချက်တွေက ပြောင်းလဲသွားလေ့မရှိပါဘူး။ တပည့်လေး တွေကို ပညာတတ်၊ လူတော်လူကောင်းလေးတွေ ဖြစ်လာအောင် စေတနာ၊ ဝါသနာ၊ အနစ်နာ နာ သုံးနာ နဲ့ မြတ်ဆရာတို့က ပြုစု ပျိုးထောင်ကြရပါတယ်။ 


သို့သော် လက်ရှိအချိန်မှာ အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ် ချက်နဲ့ ရန်လိုဆန့်ကျင်လိုသူအချို့ဟာ နိုင်ငံ့ဝန်ထမ်းတွေကို ပစ်မှတ် ထားပြီး ရုံးမတက်ရအောင် နည်းအမျိုးမျိုးနဲ့ ဟန့်တားနှောင့်ယှက်တာ၊ သွေးဆောင်ဖြားယောင်းတာ၊ ဖိအားပေးအကျပ်ကိုင် ခြိမ်းခြောက် တာတွေကို လုပ်ဆောင်နေကြပါတယ်။ 


လူတစ်ဦးချင်းရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အပေါ် ထိခိုက်စေတဲ့ လုပ်ရပ်တွေ၊ လူ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့  အပြုအမူတွေ ကြောင့် နိုင်ငံ့ဝန်ထမ်းအချို့ကလည်း တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက် နေကြပါတယ်။ ကိုယ်ပိုင်ဆန္ဒမပါဘဲ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေကို မလွန်ဆန်နိုင်တဲ့အတွက် အချို့ကလည်း လိုက်ပါဆောင်ရွက်နေရတာ လည်း ဖြစ်ပါတယ်။ 


အမှားကိုသိလျှင် အမှန်ပြင်


ဒါ့ကြောင့် CDM ပြုလုပ်ဖို့ နည်းအမျိုးမျိုးနဲ့ လှုံ့ဆော်ဖိအားပေး သူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တော့မယ်လို့လည်း         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ အမှားကိုသိလျှင် အချိန်မီ အမှန်ပြင်လို့ ရနိုင်ပါတယ်။
ပြည်သူ့ဝန်ကိုထမ်းတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ ပညာပြည့်ဝပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့သူတွေဖြစ်တဲ့အတွက် ခေတ်စနစ်နဲ့ လိုက်လျောညီထွေစွာ သစ္စာရှိရှိ ၊ တာဝန်သိသိ၊ မေတ္တာ၊ ကရုဏာ အရင်းခံပြီး မြင့်မြတ်တဲ့စိတ်စေတနာတွေနဲ့  ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကောင်းကျိုး ချမ်းသာသုခတွေ ရရှိနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါတယ်။      ။