Type

ဟိန်းကို
မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းတွေဟာ တစ်ခုနဲ့တစ်ခု အမှီသဟဲပြုနေတဲ့ သဘောရှိတာကြောင့် မည်မျှပင် ရဲရင့်သူဖြစ်ပါစေ၊ မမှန်ကန်တဲ့အမှုကို ပြုလိုက်မိ ကြောင်း မိမိကိုယ်မိမိ သိလိုက်တာနဲ့တစ်ပြိုင်နက် ရဲရင့်ခြင်းတွေဟာ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတတ် ကြောင်းကို လေ့လာမှတ်သားခဲ့ဖူးပါတယ်။
ကိုယ်ကျင့်တရားဆိုတာ
ကိုယ်ကျင့်တရားဆိုတာ ကိုယ်၊ နှုတ်ကို ယဉ်ကျေးအောင် ထိန်းကွပ်ပေးတဲ့ သက်ဆိုင်ရာ ကျင့်ဝတ်သီလတွေလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး လူသားတိုင်းမှာ ကိုယ်ကျင့်တရားက မရှိမဖြစ် လိုအပ်တဲ့ ဂုဏ်တစ်ရပ်ဖြစ်သလို ကိုယ်ကျင့် သီလကောင်းခြင်းကလည်း အကောင်းဆုံးဝါဒပဲ ဖြစ်ပါတယ်။ လူသားတို့ နေ့စဉ်ပြုကျင့်တဲ့ အပြုအမူ၊ အကျင့်စရိုက်၊ အကျင့်စာရိတ္တ၊ ကျင့်ဝတ်တရား၊ အလေ့အထ စတာတွေဟာ ကိုယ်ကျင့်တရားတွေပဲ ဖြစ်ပါတယ်။ ‘ကိုယ်ကျင့် တရားရှိမှ ယဉ်ကျေးသူဖြစ်မယ်၊ အများချစ်ခင် လေးစားမယ်၊ မိမိကိုယ်တိုင်လည်း စိတ်ချမ်း သာမယ်’လို့ မြို့မ-မြင့်ကြွယ်က မှတ်ချက်ပြုထား သလို ‘ချမ်းသာကြွယ်ဝခြင်း ဆုံးရှုံးတဲ့အခါ ဘာမှ ဆုံးရှုံးမှု မရှိပါ။ ကျန်းမာရေးဆုံးရှုံးတဲ့အခါ တစ်စုံ တစ်ခုကို ဆုံးရှုံးတယ်။ ကိုယ်ကျင့်တရား ဆုံးရှုံး ပျက်စီးသွားရင်တော့ ဘဝတစ်ခုလုံး ဆုံးရှုံးတယ်’ လို့ အတွေးအခေါ်ပညာရှင် ဆိုကရေးတီးကလည်း ဆိုခဲ့ဖူးပါတယ်။
ကိုယ်ကျင့်တရား ကောင်းမွန်သူတွေဟာ ရင့်ကျက်မှုရှိပြီး ပိုင်းခြားသိမြင်နိုင်စွမ်းရှိသလို အမှားနဲ့ အမှန်သိအောင်လည်း ခွဲခြားတတ်အောင် လေ့ကျင့်ထားသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် စည်း ကမ်းအရာမှာလည်း အလွယ်တကူ မချိုးဖောက် နိုင်အောင် ထိန်းသိမ်းနိုင်ကြသူတွေပါပဲ။ ကိုယ်ကျင့် တရား မကောင်းမွန်သူတွေကတော့ စည်းကမ်း အရာမှာလည်း ကောင်းမွန်မှု မရှိတဲ့အပြင် အမှားနဲ့ အမှန်ကိုလည်း ခွဲခြားသိမြင်နိုင်စွမ်း မရှိတာကြောင့် အရှက်တရားကိုလည်း စောင့်ထိန်းနိုင်သူ နည်းလှ ပါတယ်။ အရှက်တရားဟာ လူ့တန်ဖိုးအတွက် အရေးကြီးတာကြောင့် လူသားတွေရဲ့ ဦးနှောက်မှာ အရှက်တရားဆိုတဲ့ မကောင်းတဲ့လုပ်ရပ်တွေ လုပ်ကိုင်ခြင်းလို့ ယေဘုယျအားဖြင့် သတ်မှတ်ထား တာ ဖြစ်ပါတယ်။
မကောင်းတဲ့ လုပ်ရပ်တွေကို ဆင်ခြင်မဲ့စွာ ပြုလုပ်နေကြတဲ့ ယနေ့ လမ်းမတွေပေါ်က ဆူပူ ဆန္ဒပြအဖွဲ့တွေမှ လူငယ်တွေဟာ လူသားဂုဏ် သိက္ခာကျစေမယ့် လုပ်ရပ်မျိုးတွေဖြစ်တဲ့ Social Bullying တွေကို လူမှုကွန်ရက်တွေပေါ်မှာနဲ့ လူထုကြားထဲမှာ အရှက်တရားမဲ့စွာ ပြုလုပ်နေကြ တာကို တွေ့လာရပါတယ်။ ကိုယ်ကျင့်သိက္ခာမဲ့တဲ့ အရှက်တရားမရှိတဲ့ လုပ်ရပ်တွေဟာ တကယ်တော့ အောက်တန်းကျတဲ့ လုပ်ရပ်မျိုးတွေ ဖြစ်ပါတယ်။ အောက်တန်းကျတယ်ဆိုတာ ဘွဲ့မရတာတို့၊ ငွေကြေးမချမ်းသာတာတို့၊ ရုပ်မချောမလှတာတို့ကို ဆိုလိုတာမဟုတ်ဘဲ စိတ်နေစိတ်ထား၊ ခံယူချက် ညံ့ဖျင်းတာကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ လူ့ ကျင့်ဝတ်မှာ အပြုအမူတင်မဟုတ်ဘဲ တန်ဖိုးမဲ့တဲ့၊ အဆိပ်အတောက် ဖြစ်စေတဲ့ ရိုင်းစိုင်းတဲ့စကားတွေ ပြောဆိုနေတာကလည်း အောက်တန်းကျတာပါပဲ။
လူသားတွေ မွေးဖွားလာပြီဆိုရင် ယဉ်ကျေးတဲ့ ဗီဇနဲ့ ရိုင်းတဲ့ဗီဇက အသီးသီးပါလာပြီးသားပါ။ ယနေ့ လူမှုကွန်ရက်တွေမှာတော့ ရိုင်းချင်သလို ရိုင်းနေကြသူတွေ အများကြီးကို တွေ့နေရတယ်။ ရိုင်းတဲ့ ဗီဇအခံ ပါလာသူတွေဖြစ်တာကြောင့် လက်ရှိအပြောင်းအလဲဖြစ်စဉ်မှာ အငုံ့စိတ် ရိုင်းတဲ့ စိတ်တွေက ထိန်းမနိုင်သိမ်းမရကို ပေါ်လာကြတော့ တာ မဟုတ်လား။ အများစုက နို့နံ့တောင် မစင် သေးတဲ့ရုပ်၊ တချို့က ဘွဲ့တွေအစုံစုံနဲ့ အလုပ်ဌာနကို စွန့်ခွာနေကြတဲ့ Civil Disobedience Movement (CDM) ဝန်ထမ်းတွေ၊ တချို့က လူချမ်းသာ အသိုင်း အဝိုင်း၊ တချို့က အလုပ်လက်မဲ့တွေ။ ဒီလိုဒီလို လူတွေက မောင်နဲ့နှမ၊ သားနဲ့အမိ မသင့်တော်တဲ့ ညစ်ညမ်းစာသား၊ ရုပ်ပုံတွေအသုံးပြုပြီး ရိုင်းစိုင်းတဲ့ အပြုအမူတွေ၊ ပြောဆိုမှုတွေကို ပြုလုပ်နေလိုက်ကြ တာ မြင်လို့ ကြားလို့မှ မကောင်းပါဘူး။
မနာလိုဝန်တိုစိတ်ရှိတာကို ဝန်ခံရမှာကြောက်
‘လူတွေက လောဘကြီးတာ၊ ဒေါသကြီးတာ၊ မာနကြီးတာကို ဝန်ခံရမှာ သိပ်မကြောက်ဘူး။ မနာလိုဝန်တိုစိတ်ရှိတာကို ဝန်ခံရမှာကြောက်တယ်။ မနာလိုဝန်တိုစိတ်က ပိုပြီးအောက်ကျတဲ့စိတ် ဖြစ်လို့ပဲ’ လို့ ဆရာတော် ဦးဇောတိက မိန့်ကြားထား တာကို နာယူဖတ်ရှုခဲ့ဖူးပါတယ်။ မနာလိုစိတ်ကို အခြေခံထားပြီး လမ်းပေါ်ထွက် ဆူပူဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်ကြသူတွေဟာ ခုလို အပြောင်းအလဲ ဖြစ်စဉ်ကာလမှာ နိုင်ငံ့ဝန်ထမ်းတွေအပေါ် Civil Disobedience Movement (CDM) ခေါင်းစဉ်သုံးပြီး ဦးတည်တိုက်ခိုက်မှုကို လုပ်လာကြတာပါပဲ။ ရိုးသား တဲ့ နိုင်ငံ့ဝန်ထမ်းတချို့မှာ သွေးထိုးလှုံ့ဆော်မှုဒဏ်ကို မခံနိုင်ကြဘဲ CDM မှာ ပါဝင်ရင်းနဲ့ အလုပ်ပြုတ်သွား ကြတာကို အွန်လိုင်းသတင်းတွေမှာ ဖတ်ရှုလိုက်ရ တာကြောင့် အတော်လေးကို စိတ်မကောင်း ဖြစ်မိ တယ်။ CDM မှာ ပါဝင်ကြတဲ့ တချို့ဝန်ထမ်းတွေက တော့ လုပ်ဖော်ကိုင်ဖက်၊ ဆရာသမားတွေရဲ့ စေတနာ စကားကို နားလည်သဘောပေါက်ကြပြီး ရုံးပြန် တက်ကြတာကြောင့် အပြုံးမပျက် နေသားတကျ ဂုဏ်သိက္ခာမပျက် နေနိုင်တာကလည်း မင်္ဂလာ တစ်ပါးပါပဲ။ အောက်တန်းကျတဲ့ စိတ်ဓာတ်ရှိသူ စည်းရုံးလှုံ့ဆော်သူတို့နောက် လိုက်သွားမိတဲ့ ဝန်ထမ်းတွေမှာတော့ အလုပ်လက်မဲ့ဝင်ငွေမဲ့။ ဒါကြောင့် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ပညာတတ်တတ် ကိုယ်ကျင့်တရား မကောင်းမွန် ရင် အောက်တန်းကျတဲ့ စိတ်ရှိတာပါပဲ။
အောက်တန်းကျတဲ့ စိတ်ဓာတ်ရှိသူတွေဟာ သူများကို ချောက်တွန်းတာ၊ မကောင်းတာလုပ်ဖို့ တွန်းအားပေးတာ၊ ဒုက္ခရောက်ရင် ထပ်ပြီး ဒုက္ခ ရောက်အောင်လုပ်တာ၊ ကုန်းချောတာ၊ သူများကို မကြည့်တတ်တာ၊ စည်းမစောင့်တာ စတဲ့လုပ်ရပ် တွေကိုသာ အချိန်ရှိတိုင်း ကြံစည်၊ လုပ်ဆောင် နေကြတာကြောင့်လည်း လူမှုကွန်ရက်က သတင်း အများစုကို ဖတ်ရှုလိုက်တိုင်း အခြေအမြစ်မရှိတဲ့ အကြောင်းအရာ၊ တစ်ဖက်သတ်ရေးသားထားတဲ့ အချက်အလက်တွေကိုသာ တွေ့မြင်နေရတာက သက်သေပါပဲ။ ၂၁ ရာစုခေတ်ကြီးမှာ ဒီလိုအောက် တန်းကျတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ အနှံ့လူပြိန်းကြိုက် ပျံ့နှံ့ချင် ပျံ့နှံ့နိုင်ပေမယ့် အချက် အလက်တိကျပြီး မှန်ကန်တဲ့သတင်းတွေကိုတော့ မည်သို့မျှ ဖုံးလွှမ်းနိုင်မှာ မဟုတ်ပေ။
ဆင်ခြင်တုံ တရားမဲ့နေ
‘ကိုယ်လိမ္မာလျှင် ကိုယ်စားရသည်ဟု ဆိုသော်လည်း ကိုယ်စားသမားများသော တိုင်း ပြည်သည် နောက်ဆုံး သူတစ်ပါးစားဖို့ ဖြစ်ရမည် ကား မြေကြီးလက်ခတ်မလွဲဖြစ်၏’ လို့ ဆရာကြီး ပီမိုးနင်း ရေးသားထားတာလေးကို ပြန်ပြီးသတိ ရမိတယ်။ လက်ရှိ မြန်မာ့လူမှုကွန်ရက်မှာ တွေ့မြင် ဖတ်ရှုနေရတဲ့ အကြောင်းအရာတွေကို ကြည့်လိုက် ရင်လည်း ဆရာကြီး ပြောထားတာနဲ့ ထပ်တူဖြစ်နေ တာ မဟုတ်ပါလား။ မူရင်းရေးသားသူက ညံ့ဖျင်း နိမ့်ကျစွာ တွေးခေါ်ရေးသားထားတဲ့အကြောင်း အရာတွေကို အယုံလွယ်သူ ဉာဏ်တိမ်သူတွေက ထပ်ဆင့် ဖြန့်ဝေရင်း သတင်းမှားတွေနဲ့ အမှောင်ထဲ မှာ လမ်းပျောက်နေကြသူက အများစု။ ပြည်ပ နိုင်ငံတွေရဲ့ ဟိုတပ်ဖွဲ့တွေ၊ ဒီတပ်ဖွဲ့တွေ လာပါလို့ ခေါ်သူခေါ်၊ အော်သူအော်။ အတွေးအခေါ်မဲ့၊ ဉာဏ်မဲ့တဲ့ လုပ်ရပ်တွေနဲ့ပေါ်ပင်မှာ ပျော်ရွှင်နေကြ သူက ခပ်များများ။ ကိုယ်တိုင်က စည်းကမ်းဖောက်ပြီး လမ်းပေါ်ထွက် ဆူပူရမ်းကားနေတာကျ မေ့ထား ပြီး ထိခိုက်မှု အသက်သာဆုံးနဲ့ နှိမ်နင်းမှု ပြုလုပ်နေ တာကိုမှမထောက် ဘယ်အဖွဲ့ဖြင့် လာကယ်ပါ၊ ဘယ်သူဖြင့် လာကူပါနဲ့။ တကယ်ကို ဆင်ခြင်တုံ တရားမဲ့နေကြတာပဲ မဟုတ်လား။
ဒီလို လူပြိန်း လူညံ့ အယုံလွယ်သူမဖြစ်အောင် စဉ်းစားဆင်ခြင်ဉာဏ်ရှိဖို့အတွက် စာကောင်း ပေကောင်းတွေကို ဖတ်ရှုလေ့လာဖို့လိုကြောင်း စာတတ်ပေတတ်ပုဂ္ဂိုလ်တိုင်းက တိုက်တွန်း ခဲ့ကြတာပဲ ဖြစ်ပါတယ်။ စာဖတ်ခြင်းကြောင့် ရရှိသိမြင်တဲ့ အသိဗဟုသုတတွေဟာ အကြောင်း အရာအားလုံးကို ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိပေ မယ့်လည်း မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ အတွေးအခေါ် တွေကိုတော့ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိတာကို စာအုပ်စာပေကောင်း ဖတ်ရှုသူတိုင်း သိပါတယ်။ ကိုယ်ကျင့်တရားတွေ၊ စိတ်ဓာတ်ကောင်းတွေ မည်သို့ပင်ရှိစေဦး မှန်ကန်တဲ့ပညာနဲ့ ပေါင်းစပ်မှသာ ‘နှလုံးလှ လူမိုက်’ လုပ်ရပ်တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားလည်း ကောင်းတယ်၊ စိတ်ဓာတ်လည်း ကောင်းတယ်၊ စဉ်းစားဆင်ခြင်တဲ့ ဉာဏ်မပါဝင်ပါက နိုင်ငံအတွက်၊ ပြည်သူအတွက် ဘယ်လောက်ပဲ စေတနာထားပြီး လုပ်နေတယ်လို့ ဆိုစေကာမူ အမှားတွေသာ ဖြစ်တတ်တာကြောင့် ကိုယ်ကျင့်တရားကောင်း၊ စိတ်ဓာတ်ကောင်း၊ မှန်ကန်တဲ့ ပညာတွေနဲ့ လုပ်ဆောင်မှသာ မှန်ကန် တဲ့ရဲရင့်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။
လက်ရှိကာလ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာလည်း နိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူအပေါင်းဟာ ကောင်းမွန်တဲ့ ကိုယ်ကျင့် တရား၊ လေးစားဖွယ်ရှိတဲ့ စိတ်ဓာတ်တွေ၊ ကောင်းမွန်တဲ့ပညာရပ်တွေနဲ့ ပြောင်းလဲမှုဖြစ်စဉ် တွေကို မှန်ကန်စွာ သုံးသပ်ကြဖို့လိုပါတယ်။ အတွေးအခေါ် မှန်မှန်ကန်ကန်ရှိမှ မှန်ကန်တဲ့ ရဲရင့်မှုဆိုတာလည်း ရှိလာမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လွဲမှားတဲ့ စိတ်ဓာတ်ရှိသူတွေလို ‘လူနေ ဘုံဖျား စိတ်နေချုံကြား’ တွေ မဖြစ်စေဘဲ မှန်ကန် ရဲရင့်တဲ့ စိတ်ဓာတ်ပိုင်ရှင်တွေကဲ့သို့ ‘လူနေဘုံဖျား စိတ်နေဘုံဖျား’ တွေ ဖြစ်အောင် ကြိုးစားအားထုတ်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါတယ်။ ။
- Log in to post comments