
ရန်ကုန် နိုဝင်ဘာ ၁
၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးတော့မည်ဖြစ်ပြီး ချန်ပီယံဆု အတွက် ဒဂုံစတား၊ တက္ကသိုလ်နှင့် Junior Lions အသင်းတို့ အပြိုင်ဖြစ်နေသည်။
ပြိုင်ပွဲ၏ နောက်ဆုံးရက်သတ္တပတ်ကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကွင်းနှစ်ကွင်း၌ တစ်ချိန်တည်းကစားစေမည်ဖြစ်သည်။ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဒဂုံစတား ယူနိုက်တက်အသင်းနှင့် Junior Lions အသင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း - ၁ ၌ Young Boys အသင်းနှင့် တက္ကသိုလ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Junior Lions အသင်းသည် နောက်ဆုံးပွဲမတိုင်မီ ရွှေ့ဆိုင်း ထားသည့် ပွဲတစ်ပွဲကစားရမည်ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်တွင် Young Boys အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အမှတ်ပေးချန်ပီယံဆုအတွက် ကိုးပွဲကစား ရမှတ် ၁၉ မှတ်ရထားသည့် ဒဂုံစတားယူနိုက်တက်အသင်း၊ ကိုးပွဲ ကစား ရမှတ် ၁၈ မှတ်ရထားသည့် တက္ကသိုလ်အသင်းနှင့် ရှစ်ပွဲကစား ၁၆ မှတ်ရထားသည့် Junior Lions အသင်းတို့ မျှော်လင့်ချက်ရှိနေခြင်းဖြစ်သည်။ လက်ကျန်ပွဲတွင် Junior Lions အသင်းအနိုင်ရပါက ထိပ်ဆုံးမှ ဒဂုံစတားယူနိုက်တက် အသင်းနှင့် ရမှတ်တူသွားမည်ဖြစ်ပြီး ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သည်။ Junior Lions အသင်းအနေဖြင့် ယနေ့ကစားမည့် လက်ကျန်ပွဲတွင် အနိုင် ရပါက ထိပ်ဆုံးနေရာကို ရယူနိုင်မည့်အပြင် ချန်ပီယံဆုအတွက် မျှော်လင့်ချက် ပိုကောင်းသွားမည်ဖြစ်သလို အခြားရလဒ် ထွက်ပေါ်ပါကလည်း ချန်ပီယံဆုအတွက် နောက်ဆုံးပွဲအထိ မျှော်လင့်နိုင်မည်ဖြစ်သည်။
Junior Lions အသင်းသည် မြန်မာ ယူ-၁၉ လူငယ် လက်ရွေးစင်အသင်းကို ပြိုင်ပွဲအတွေ့အကြုံရစေရန် ဝင်ရောက် ယှဉ်ပြိုင်စေခြင်းဖြစ်သောကြောင့် ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခွင့်ရှိမည်ဖြစ်သော်လည်း တန်းတက်ခွင့်ရမည် မဟုတ် ကြောင်း သိရသည်။ ပြိုင်ပွဲစည်းမျဉ်းအရ MNL သို့ အမှတ် အများဆုံးနှစ်သင်း တန်းတက်ခွင့်ရမည်ဖြစ်ရာ ဒဂုံစတား ယူနိုက်တက်အသင်းနှင့် တက္ကသိုလ်အသင်းမှာ တန်းတက်ခွင့် ရရှိပြီးဖြစ်သည်။
ရဲရင့်လွင်