
ရန်ကုန် ဇူလိုင် ၂၉
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) ကို ဇူလိုင် ၃၀ ရက် (ယနေ့) မှ သြဂုတ် ၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ပွဲစဉ် (၆) အဖြစ် ဇူလိုင် ၃၀ ရက် (ယနေ့) တွင် GFA အသင်းနှင့် ဧရာဝတီအသင်း၊ ဇူလိုင် ၃၁ ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်အသင်း၊ သြဂုတ် ၁ ရက်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနှင့် ရခိုင်အသင်း၊ သြဂုတ် ၃ ရက်တွင် မဟာ ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း၊ သြဂုတ် ၄ ရက်တွင် မြဝတီအသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၅) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ငါးပွဲနိုင် ရမှတ် ၁၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး ရန်ကုန်အသင်းက လေးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၁၂ မှတ်၊ ဧရာဝတီအသင်းက သုံးပွဲနိုင်၊ တစ်ပွဲသရေ တစ်ပွဲရှုံး ရမှတ် ၁၀ မှတ်၊ မြဝတီအသင်းက သုံးပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် ကိုးမှတ်၊ ဟံသာဝတီ ရတနာပုံနှင့် အား/ကာသိပ္ပံအသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ခုနစ်မှတ်စီ၊ မဟာယူနိုက်တက်နှင့် GFA အသင်းက တစ်ပွဲနိုင်၊ လေးပွဲရှုံး ရမှတ် သုံးမှတ် စီရရှိထားကာ ရခိုင်အသင်းမှာမူ ငါးပွဲရှုံးပြီး အမှတ် မရရှိသေးပေ။
ယခုတစ်ပတ်ပွဲစဉ်များတွင် အကြိတ်အနယ်ရှိ မည့် ပွဲကောင်းများအဖြစ် အား/ကာသိပ္ပံနှင့် ရန်ကုန်၊ မြဝတီနှင့် ဟံသာဝတီတို့ ထိပ်တိုက်တွေ့ဆုံမည့်ပွဲကောင်းများ ပါဝင်နေပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်နှင့် တတိယနေရာမှ ဧရာဝတီအသင်းတို့မှာမူ ဇယားအောက်ပိုင်းမှ အသင်းများနှင့် တွေ့ဆုံနေ သဖြင့် အမှတ်ပြည့်ရယူနိုင်ဖွယ်ရှိနေသည်။ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ တွင် ရာနှုန်းပြည့်နိုင်ပွဲရထားပြီး ဇယားအောက်ဆုံးမှ ရခိုင်အသင်းနှင့် တွေ့ဆုံနေသဖြင့် နိုင်ပွဲထပ်မံရယူနိုင်ဖွယ်ရှိနေသည်။
ရဲရင့်လွင်