MNL ပြိုင်ပွဲ ပွဲစဉ် (၂) တွင် နိုင်ပွဲရထားသည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက် ပွဲကျပ်ကစားရမည်

 

ရန်ကုန်   ဖေဖော်ဝါရီ    ၂၄


၂၀၂၃ ရာသီ  MNL  အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ် (၂) ကို   ဖေဖော်ဝါရီ  ၂၅ ရက်မှ ၂၈ ရက်အထိ   ဆက်လက် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ် (၁) တွင်   နိုင်ပွဲရထားသည့်  ရန်ကုန်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည်  ဟံသာဝတီအသင်းနှင့်  ပွဲကျပ်ကစား  ရမည်ဖြစ်သည်။

 


ပွဲစဉ် (၂) အဖြစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် သုဝဏ္ဏ ကွင်း၌     ဧရာဝတီအသင်းနှင့်      အား/ကာသိပ္ပံ အသင်း၊  ဖေဖော်ဝါရီ  ၂၆  ရက်တွင်   သုဝဏ္ဏကွင်း၌  ရခိုင်ယူနိုက်တက်အသင်းနှင့်      ဒဂုံစတားအသင်း၊  ဖေဖော်ဝါရီ ၂၇ ရက်တွင် သုဝဏ္ဏကွင်း၌ ဟံသာဝတီ အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်း၌  ရန်ကုန်အသင်းနှင့်  မြဝတီအသင်း၊ ဖေဖော်ဝါရီ   ၂၈  ရက်တွင်  YUSC ကွင်း၌   ကချင် ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ GFA အသင်းနှင့် ရတနာပုံအသင်းတို့    ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။  ပွဲစဉ် (၁) အပြီးတွင်   ရန်ကုန်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက သုံးမှတ်စီ၊ ဧရာဝတီ၊ ဒဂုံစတား၊   ဟံသာဝတီ၊  မြဝတီ၊ ကချင်ယူနိုက်တက်၊ မဟာယူနိုက် တက်၊    ရခိုင်ယူနိုက်တက်နှင့် ရတနာပုံအသင်းတို့က  တစ်မှတ်စီ ရရှိထားကာ အား/ကာသိပ္ပံအသင်း နှင့် GFA အသင်းတို့မှာ တစ်ပွဲရှုံး ဖြင့် အမှတ်မရသေးပေ။


လက်ရှိချန်ပီယံ            ရှမ်း ယူနိုက်တက်အသင်းသည် ကစား ပုံမာကျောသည့်     ဟံသာဝတီ အသင်းနှင့်  ကစားရမည်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက    တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။     ရှမ်း ယူနိုက်တက်အသင်း၏ လူစာရင်း မှာ   ဟံသာဝတီအသင်းထက် သာလွန်သလို       နိုင်ငံခြားသား ကစားသမား သုံးဦးလည်း ပါဝင် နေသည်။ သို့သော် ဟံသာဝတီ အသင်းသည် အသင်းကြီးများနှင့် တွေ့ဆုံပါက   ပိုပြီးအားထုတ် ကစားလေ့ရှိသလို လူငယ်နာမည် ကျော်   နည်းပြ   ဦးမျိုးမင်းထွန်း  ကိုင်တွယ်နေသဖြင့်  ရှမ်းယူနိုက် တက်အတွက်        ခက်ခဲသည့် ပြိုင်ဘက်    ဖြစ်လာနိုင်သည်။ ဇယားထိပ်ဆုံးတွင် ဦးဆောင်နေ သည့် ရန်ကုန်အသင်းသည် ကစား အားကောင်းသည့် မြဝတီအသင်း နှင့်   ပွဲကျပ်ကစားရမည်ဖြစ်ပြီး ဇယားထိပ်ဆုံးတွင် ဆက်လက် ဦးဆောင်နိုင်ရန် အမှားခံ၍မရပေ။


ရဲရင့်လွင်၊ ဓာတ်ပုံ-YUFC