
ရန်ကုန် ဇူလိုင် ၂၇
၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ် ပေးပြိုင်ပွဲ ပွဲစဉ် (၄) ဒုတိယနေ့ကို ဇူလိုင် ၂၇ ရက်က ဆက်လက် ကျင်းပရာ အား/ကာသိပ္ပံအသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲပြန်လည်ရရှိသည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့် ပွဲတွင် အား/ကာသိပ္ပံအသင်းက ဧရာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရာသီအစပွဲများတွင် ရုန်းကန် နေရသည့်နှစ်သင်း တွေ့ဆုံခြင်း ဖြစ်ပြီး အား/ကာသိပ္ပံ အသင်း သည် ပထမပိုင်းတွင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် ဒုတိယမြောက်နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးကို ၂၅ မိနစ်တွင် ဟိန်းထက် ငြိမ်းက သွင်းယူခဲ့သည်။
ဧရာဝတီအသင်းမှာမူ လေးပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီး လေးပွဲ ကစားရာတွင် တစ်မှတ်သာရရှိသေးသည်။ အား/ကာသိပ္ပံအသင်းသည် လေးပွဲကစား ခြောက်မှတ်ရရှိထားသည်။ ယခုပွဲအတွက် အကောင်းဆုံး ဆုကို အား/ကာသိပ္ပံအသင်း နောက်ခံလူ ဟိန်းထက်ငြိမ်းက ရရှိသည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် သွင်းယူသည့် ပယ်နယ်တီဂိုးဖြင့် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံး ပွဲစကတည်းက တိုက်စစ်အသားပေးကစားသော်လည်း အဆုံးသတ် အားနည်းသဖြင့် ပထမပိုင်းတွင် ဂိုးမရဘဲ ၅၈ မိနစ်မှ ရန်ကုန်ယူနိုက် တက်အသင်း အနိုင်ဂိုးရခဲ့သည်။ ရန်ကုန်ယူနိုက် တက်အသင်းရရှိသည့် ပယ်နယ်တီကို တိုက်စစ်မှူး ရန်ကျော်ထွေးက သွင်းယူခဲ့သည်။ ယခုပွဲ အတွက် အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက်အသင်းမှ ကျော်ဖြိုး ဝေက ရရှိသည်။
ယခုပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက လေးပွဲကစား ၁၀ မှတ်၊ မဟာယူနိုက်တက်အသင်းက လေးပွဲကစား ခြောက်မှတ် ရရှိထားသည်။
ယှဉ်ပြိုင်ကစားမည်
ပွဲစဉ် (၃) တတိယနေ့ကို ဇူလိုင် ၂၈ ရက် (ယနေ့) သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး သစ္စာအားမာန်အသင်းနှင့် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်၊
ဓာတ်ပုံ-MNL