MNL ပြိုင်ပွဲတွင် မဟာယူနိုက်တက်နှင့် ရတနာပုံ သရေကျပြီး မြဝတီအသင်း ပထမဆုံးနိုင်ပွဲရ

 

ရန်ကုန်    မတ်    ၉


၂၀၂၃ ရာသီ MNL   အမှတ်ပေးပြိုင်ပွဲ    ပွဲစဉ် (၄) ပထမနေ့ကို   မတ်  ၉  ရက်က ဆက်လက်ကျင်းပရာ  မြဝတီအသင်း   ပထမဆုံးနိုင်ပွဲရပြီး  မဟာယူနိုက်တက်နှင့် ရတနာပုံအသင်း သရေကျခဲ့သည်။

 


YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် မဟာယူနိုက်တက်အသင်းနှင့်  ရတနာပုံအသင်း   ဂိုးမရှိသရေကျခဲ့သည်။  ယခုရာသီတွင် လူငယ်၊ လူသစ်ကစားသမားများဖြင့်   ပြန်လည်တည်ဆောက်ပြီး     ရလဒ် ကောင်းရရန်  ရုန်းကန်နေရသည့်  ရတနာပုံအသင်းသည်  လေးပွဲဆက်   နိုင်ပွဲပျောက်ဆုံးခဲ့ပြီး    ယခုပွဲတွင်လည်း   သရေရလဒ်သာ ရယူနိုင်ခဲ့သည်။   မဟာယူနိုက်တက်    အသင်းမှာလည်း နိုင်ပွဲပြန်လည်ရယူနိုင်ရန်     ကြိုးပမ်းခဲ့သော်လည်း   သရေ တစ်မှတ်သာရရှိခဲ့သည်။  လေးပွဲစီကစားအပြီးတွင် မဟာ ယူနိုက်တက်အသင်းက ငါးမှတ်၊ ရတနာပုံအသင်းက နှစ်မှတ် ရရှိထားသည်။

 


သုဝဏ္ဏကွင်း၌   ကျင်းပသည့်ပွဲတွင်   မြဝတီအသင်းက  ဧရာဝတီအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လေးပွဲစီ ကစားအပြီးတွင် မြဝတီအသင်းက လေးမှတ်၊ ဧရာဝတီအသင်း က တစ်မှတ်ရရှိထားသည်။

 


ပွဲစဉ် (၄) ဒုတိယနေ့ကို မတ် ၁၀ရက် (ယနေ့)တွင် ဆက်လက်  ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ကချင်ယူနိုက်တက်အသင်း YUSC ကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် GFA အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


ရဲရင့်လွင်