ရန်ကုန် မေ ၂၄
၂၀၂၆ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) ဒုတိယနေ့ကို မေ ၂၄ ရက်က ကွင်းသုံးကွင်း၌ ကျင်းပရာ အား/ကာသိပ္ပံအသင်း အနိုင်ရရှိပြီး လက်ရှိချန်ပီယံ ဒဂုံစတားယူနိုက်တက်အသင်းမှာမူ အဖွင့်ပွဲတွင် ရန်ကုန်ယူနိုက်တက်နှင့် သရေကျကာ မြန်မာ ယူ-၁၇ လက်ရွေးစင်ဖြစ် သည့် Falcon အသင်းမှာလည်း ရှမ်းယူနိုက်တက်နှင့် သရေကျခဲ့သည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် Falcon အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ၆၉ မိနစ်တွင် ချန်လန်းတန်က Falcon အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၈၅ မိနစ်တွင် Om Mangb Htang က သွင်းယူခဲ့သည်။
ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ဧရာဝတီယူနိုက်တက် အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် ဒုတိယရခဲ့သည့် အား/ကာသိပ္ပံအသင်း သည် ဂိုးပြတ်နိုင်ပွဲဖြင့် ရာသီအဖွင့်လှခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၃၇ မိနစ်တွင် စစ်ငြိမ်းချမ်း၊ ၄၇ မိနစ်တွင် ကောင်းခန့်ကျော်နှင့် မိနစ် ၅၀ တွင် မင်းကိုခန့်တို့က သွင်းယူ သည်။ တောင်ဒဂုံကွင်း၌ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။
ပွဲစဉ်(၁) နောက်ဆုံးနေ့ကို မေ ၂၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ဟံသာဝတီ ယူနိုက်တက်နှင့် သစ္စာအားမာန်၊ တောင်ဒဂုံကွင်း၌ ရန်ကုန်စီးတီးနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL