မြန်မာ - အိန္ဒိယ အမျိုးသမီးလက်ရွေးစင်အသင်းခြေစမ်းပွဲကို ဇူလိုင် ၉ ရက်နှင့် ၁၂ ရက်တွင် ပြောင်းလဲကျင်းပမည်

ရန်ကုန်    ဇွန်    ၂၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်  မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲ ကျင်းပမည့်ရက်ကို  ပြောင်းလဲခဲ့ပြီး  ဇူလိုင် ၉ ရက်နှင့် ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစမ်းပွဲကို ယခင်က ဇူလိုင် ၁၀ နှင့် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသော်လည်း ပထမခြေစမ်းပွဲကို ဇူလိုင် ၉ ရက်၊ ဒုတိယခြေစမ်းပွဲကို ဇူလိုင် ၁၂ ရက်တွင် ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ခြေစမ်းပွဲနှစ်ပွဲစလုံး ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
ခြေစမ်းပွဲကစားမည့်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဂျပန် နိုင်ငံသား ယုကီတက်ဆုရိုက ကိုင်တွယ်နေသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း   ပဏာမလူစာရင်းတွင်    ဂိုးသမား - မေဇင်နွယ် (မြဝတီ)၊ မေဦးခိုင် (အား/ကာသိပ္ပံ)၊  မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ အိစန္ဒာဇော် (မြဝတီ)၊ နောက်တန်း - မေသက်မွန်မြင့် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (မြဝတီ)၊ ဇွန်ယုယဦး (ဧရာဝတီ)၊ လင်းလက်ဦး (အား/ကာ သိပ္ပံ)၊ ယုယုနိုင် (ရန်ကုန်ယူနိုက်တက်)၊ ဖြူဖွေး (ရန်ကုန်ယူနိုက်တက်)၊  အေးအေးထွေး (ရန်ကုန်ယူနိုက်တက်)၊ ဝေဖူးအိမ် (သစ္စာအားမာန်)၊ အလယ်တန်း - ခင်မိုမိုထွန်း(သစ္စာအားမာန်)၊    နော်ထက်ထက်ဝေ (ဧရာဝတီ)၊   ရူပါခိုင်(မြဝတီ)၊   ဆွေမာအောင် (ရန်ကုန်ယူနိုက်တက်)၊  ယဉ်လွန်းအိမ် (အား/ကာသိပ္ပံ)၊ ခင်ဌေးကြိုင် (အား/ကာသိပ္ပံ)၊ မိုးမိုးသန်း (အား/ကာသိပ္ပံ)၊ ဟေမာန်စိုး(အား/ကာသိပ္ပံ)၊  သန်းသန်းနွယ် (အား/ ကာသိပ္ပံ)၊   ခင်မာလာထွန်း  (College of Asian Scholars - ထိုင်း)၊ ဇင်မိုးပြည့်  (ရန်ကုန်ယူနိုက်တက်)၊     ဝင်းစန္ဒာ (YREO)၊   ရှေ့တန်း - ဝင်းသိင်္ဂီထွန်း(ရန်ကုန်ယူနိုက်တက်)၊    စန်းသော်သော် (ဧရာဝတီ)၊ မြတ်နိုးခင်(သစ္စာအားမာန်)၊  ယွန်းဝတီလှိုင်(ရန်ကုန်ယူနိုက်တက်)၊  ဆုဆုခိုင် (YREO) နှင့် ရွှေရည်ထွန်း (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းခြေစမ်းပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇွန် ၂၁ ရက် နံနက်ပိုင်းက အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) မှ ယူ-၁၅/၁၆ အမျိုးသားအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ပြီး မိနစ် ၃၀ လေးပိုင်းခွဲ၍ ကစားခဲ့ခြင်း ဖြစ်သည်။  

  ရဲရင့်လွင် ၊ ဓာတ်ပုံ - MFF