မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး ကျင်းပ

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး ကျင်းပ

========================================================

နေပြည်တော် အောက်တိုဘာ ၉

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်၏ တောင်ပြိုဝဲအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကော့ဘဇားခရိုင် ဂေါင်းဒုံ၌ ယမန်နေ့က ကျင်းပသည်။

သီးခြားကျင်းပ

အဆိုပါ အလံတင်အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးဆန်းနိုင်ဦး ဦးစီး ကိုယ်စားလှယ် ၁၁ ဦး အဖွဲ့သည် အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (ကော့ဘဇား) မှ တပ်ရင်းမှူး၊ ညွှန်ကြားရေးမှူးအဆင့် Ali Haider Azad BPN ဦးစီး ကိုယ်စားလှယ် ၁၃ ဦး ပါဝင်သောအဖွဲ့ဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ အမှတ် (၁၁) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (နတ်ချောင်ဆရီ) မှ တပ်ရင်းမှူး၊ ညွှန်ကြားရေးမှူးအဆင့် Shah Abdul Aziz Ahmed ဦးစီး ကိုယ်စားလှယ် ၁၀ ဦး ပါဝင်သောအဖွဲ့ဖြင့် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲ အထိ လည်းကောင်း၊ အမှတ်(၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (တက္ကနာ့ဖ်) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Mohammad Faisal Hasan Khan ဦးဆောင် သော အရာရှိ ၁၀ ဦး ပါဝင်သောအဖွဲ့ဖြင့် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ လည်းကောင်း အစည်းအဝေး သုံးခုကို သီးခြားစီကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ နှစ်နိုင်ငံနယ်နိမိတ်ကို တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုများ၊ နယ်စပ်ဒေသအနီး ပစ်ခတ်မှုဖြစ်စဉ်များ၊ တရားမဝင် မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံနယ်စပ်အနီး ARSA အကြမ်းဖက်အုပ်စုနှင့် ULA/AA အကြမ်းဖက်အုပ်စုတို့၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ နှစ်ဖက်ပူးတွဲ ကင်းလှည့်ဆောင်ရွက်မှုများနှင့် အရေးပေါ် ကိစ္စရပ်များတွင် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များအကြား ဆက်သွယ်ဆောင်ရွက် မှုတို့နှင့်စပ်လျဉ်း၍ သတင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထိရောက်စွာပူးပေါင်းရန်လိုအပ်

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဆွေးနွေးရာတွင် ARSA အကြမ်းဖက်အုပ်စုနှင့် ULA/AA အကြမ်းဖက်အုပ်စုများသည် နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ကို အသုံးပြု၍ လှုပ်ရှားဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံက တည်ဆဲဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာထားသည့် အကြမ်းဖက် အဖွဲ့အစည်းများကို အားပေးကူညီနေခြင်းသည် နှစ်နိုင်ငံနယ်နိမိတ် လုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေကြောင်း၊ အကြမ်းဖက်အဖွဲ့ အစည်းများ တိုက်ဖျက်ရေးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များအနေဖြင့် လည်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ် တွင် သဘောတူညီချက်၊ နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ မိမိတို့လုံခြုံရေး ရဲတပ်ဖွဲ့များသာ လှုပ်ရှား/အခြေပြုနေသည်ကို အသိပေးလိုကြောင်း၊ မြန်မာ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့များသည် နိုင်ငံတကာနယ်နိမိတ် သတ်မှတ်ချက်ကို လေးစားလိုက်နာ၍ မိမိနိုင်ငံနယ်မြေအတွင်း၌သာ ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြောင်း၊ နယ်နိမိတ်မျဉ်းအနီး ဝင်ရောက်မှု လုံးဝမရှိသည်ကို အသိပေးလိုကြောင်း၊ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်အုပ်စုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မိမိတို့က အချိန်နှင့်တစ်ပြေးညီ ဖလှယ်ပေးပို့လျက်ရှိရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် မှ ထိရောက်သည့်တုံ့ပြန်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း၊ နှစ်နိုင်ငံနယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးကို ဆိုးရွားစွာထိခိုက်စေသော အကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားမှုနှင့် တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးကို မိမိတို့နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များက ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အထူးလိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

သဘောတူညီခဲ့

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဦးဆောင်သော အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့များမှ တပ်ရင်းမှူးများနှင့် သီးခြားစီ အစည်းအဝေး သုံးခု ကျင်းပဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့တို့အကြား တပ်ရင်းမှူးအဆင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ပစ်ခတ်သံများ ကြားလျှင် ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရန်၊ မူးယစ်ဆေးဝါးသတင်းများ ဖလှယ်၍ ပူးပေါင်းတိုက်ဖျက်ရန်၊ ARSA နှင့် ULA/AA အကြမ်းဖက်အုပ်စု သတင်း များ ဖလှယ်ရန်၊ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှု သတင်းများဖလှယ်ရန်၊ အကြမ်းဖက်သမားများကို သင်တန်းပေးလေ့ကျင့်မှု သတင်းများဖလှယ်ရန်၊ တရားမဝင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မှုများ သတင်း ဖလှယ်၍ ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုများ ဆောင်ရွက်ရန်၊ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးများကို သုံးလ တစ်ကြိမ် ပုံမှန်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံနယ်နိမိတ် ပူးပေါင်းကင်းလှည့်ခြင်းကို ညှိနှိုင်း ဆောင်ရွက်ရန် ဟူသည့်အချက်(၇)ချက်ကို သဘောတူညီခဲ့ပြီး ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်