
ရန်ကုန် ဇူလိုင် ၃၀
မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်(MBF)နှင့်Myanmar Boxing Commi-ssion(MBC)တို့ပူးပေါင်း၍ ဂျပန်နိုင်ငံသို့ ဆုကြေးစားလက်ဝှေ့ပွဲများသွားရောက်ယှဉ်ပြိုင်ရန် မြန်မာ Boxer လက်ရည်စစ်ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်း(သုဝဏ္ဏ)၌ ကျင်းပသည်။
အဆိုပါအမျိုးသားပြိုင်ပွဲများတွင်50.80kg (Fly Weight) နှစ်ပွဲ၊ 57.15kg(Feather Weight)နှစ်ပွဲ၊ 63.50Kg(Supelight Weight)နှစ်ပွဲ၊ 72.57kg(Middle Weight)၊ 79.38(Light Heavy Weight) တစ်ပွဲစီ စုစုပေါင်းရှစ်ပွဲ လက်ရည်စစ်ယှဉ်ပြိုင်ကြသည်။
လက်ရည်စစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ Myanmar Boxing Commission(MBC)မှ မန်နေဂျင်း ဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ ဂျပန်လက်ဝှေ့ကော်မရှင်တို့က ကြီးကြပ် ကြည့်ရှုကြသည်။
“မြန်မာဘောက်ဆင်တွေ အလွန်ကိုအောင်မြင်ခဲ့တဲ့ ခေတ်ကာလ တစ်ခုလည်းရှိခဲ့တယ်။ ဒါပေမယ့်အခုအချိန်မှာ ကစားသမားနည်းတယ်။ ကစားသမားနည်းတဲ့အတွက်ကြောင့် အားကစားသမားတွေစုတဲ့အခါမှာ ဝိတ်တန်းမတူတာတွေ၊ တူညီတဲ့ဝိတ်တန်းမရှိတာတွေ အများကြီး တွေ့ရပါတယ်။ ဒါပေမယ့်ဝိတ်တန်းမတူပေမယ့်လည်း ကောင်းတယ်ဆို ရွေးမှာပါ။ ရွေးပြီးတော့ ဩဂုတ် ၂၁ ရက်မှာ ဂျပန်ဂျေဘီစီကနေပြီးတော့ လာကြမယ်၊ ဒိုင်တွေလည်းလာမယ်၊ နည်းပြတွေလည်း ပါလာမယ်။ ကျွန်တော်တို့ထပ်ပြီး လက်ရည်စစ်ဦးမှာ ဖြစ်ပါတယ်” ဟု အမ်ဘီစီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဝင်းထွန်းက ပြောသည်။
ယင်းလက်ရည်စစ်ပွဲကို သြဂုတ်၂၁ရက်တွင် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး