
ရန်ကုန် စက်တင်ဘာ ၁၇
စက်တင်ဘာ ၂၁၊ ၂၄ ရက်တွင် ဟောင် ကောင်၌ ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဟောင်ကောင် လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲ ကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၉ ရက် အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြည်တွင်းလိဂ်ဖြစ်သော ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၂၊ ၁၃) မှ ရှစ်ပွဲ ကို ရက်ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို တစ်ပတ်လျှင် ငါးပွဲနှုန်းဖြင့် ကျင်းပလျက် ရှိပြီး မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲကြောင့် ရွှေ့ဆိုင်း ခဲ့ရသည့် ရှစ်ပွဲကို နိုဝင်ဘာလအတွင်း ပြန်လည် ကျင်းပသွားမည်ဖြစ်သည်။
ယခင်ရေးဆွဲထားသည့်ပွဲစဉ်အရ ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှာ နိုဝင်ဘာ ၆ ရက်တွင် ပြီးဆုံးမည်ဖြစ်သော်လည်း ပွဲစဉ်အပြောင်းအလဲ ကြောင့် နိုဝင်ဘာ ၁၆ ရက်မှ ပြီးဆုံးမည်ဖြစ်သည်။ စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အတွင်းကျင်းပမည့် MNL ပွဲစဉ် (၁၂) ငါးပွဲအနက် လေးပွဲ၊ စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အတွင်းကျင်းပမည့် MNL ပွဲစဉ် (၁၃) ငါးပွဲအနက် လေးပွဲတို့ ရွှေ့ဆိုင်းသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်တွင် မဟာယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်း၊ စက်တင် ဘာ ၂၄ ရက်တွင် မဟာယူနိုက်တက်အသင်းနှင့် GFA ပွဲစဉ်တို့ကိုသာ ပြုလုပ်သွားမည်ဖြစ်သည်။ အောက်တိုဘာ ၁ ရက်တွင်မူ ပြိုင်ပွဲကို ပုံမှန်အတိုင်း ကျင်းပသွားမည်ဖြစ်ပြီး ယခင်ရေးဆွဲထားသည့် ပွဲစဉ် အတိုင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်၏ ထုတ်ပြန်မှုအရ ပွဲစဉ် (၁၂) မှ ရွှေ့ဆိုင်းထား သည့်ပွဲများအနက် GFA နှင့် ရှမ်းယူနိုက်တက်ပွဲကို နိုဝင်ဘာ ၆ ရက်၊ ရတနာပုံနှင့် ရန်ကုန်ပွဲကို နိုဝင်ဘာ ၇ ရက်၊ အား/ကာသိပ္ပံနှင့် မြဝတီပွဲကို နိုဝင်ဘာ ၈ ရက်၊ ရခိုင်ယူနိုက်တက်နှင့် ဧရာဝတီပွဲကို နိုဝင်ဘာ ၉ ရက်၊ ပွဲစဉ် (၁၃) မှ ရွှေ့ဆိုင်းထားသည့်ပွဲများအနက် ရတနာပုံနှင့် ဟံသာဝတီ ပွဲကို နိုဝင်ဘာ ၁၂ ရက်၊ ရှမ်းယူနိုက်တက်နှင့် အား/ကာသိပ္ပံပွဲကို နိုဝင်ဘာ ၁၃ ရက်၊ ရခိုင်နှင့် မြဝတီပွဲကို နိုဝင်ဘာ ၁၅ ရက်၊ ရန်ကုန်နှင့် ဧရာဝတီ ပွဲကို နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ - သော်ကြီး